Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, October 5, 2015

ငယ်ချစ်

( မောင်ချင်းဖြူ )
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောင်းမတို့လေ ။
မပန်သာသည် ၊ ယင်းမာရွှေရိုး ၊
ကြိုင်ကြိုင်မြူးသည် ၊ ဆူးကဖက်လို့ ၊
ခက် မထိုးတည့် ။
အချစ်ကယ် သာသည် ၊ မောင့်မှာ မင်းမျိုး ၊
အင်္ကျီဝတ်ကယ် ၊ ပျိုထွတ်ကယ် ကျွန်ုပ် ၊
ပုဆစ်တုပ်လို့ ရှိမခိုးတည့် ။
ကတိုးမှမဟူ ၊ ကန့်ပလူသည် ၊
ရွယ်တူချင်းငယ်မို့ နှစ်သက်ပန် ၊
နှံမည် ကိုယ်လုံး စိတ်နှလုံး ၊ တုံးတုံးလည်းခ
သည်ဘ၀ကို ၊ လူလှနှင့် မလွဲ ၊
ကျိန်စာစွဲလို့ ၊ လည်ဆွဲငယ် အင်္ကျီ ၊
မှိန်ရင့်သီနှင့် ၊ ဆိတ်စီငယ်က ၊
သစ္စာဆိုသည် ၊ မျိုဖူးကြလို့ ၊
မိဘ ပေါက်ဖော် ၊ ထွေးတော်ငယ် စိတ်ဆိုး ၊
ဟိန်းလို့ ငြိုးသတဲ့ ။
ဇွတ်တိုးလိုနှစ် ၊ ငယ်က ချစ်ကယ်မို့ ၊
အနှစ်တစ်ရာ ၊ ကျိန်စာ မယ့်ဝယ် ၊
ဆိုဖူးတယ်ကြောင့် ၊ တသွယ်မနှော ၊
စကားပြောမခံ ၊ သွေလှန်မခွ ၊
သည်ဘ၀တွင် ၊ လူလှငဲ့ လိပ်ပြာ ၊
မယ့်ခန်းသာမှာ ၊ လာပြန် သွားပြန် ၊
အဖန်ဖန်သည် ၊ တောင်ပံဟုန်းဟုန်း ၊
မယ့်ဆံထုံးမှာ ၊ သုံးပတ်လည်လည် ၊
ပျိုလေးငယ်နှင့်ဖန် ၊ ချိန်မတန်လို့ ၊
မပန်သေးသည် ၊ မြတ်လေးနွယ်တည့် ။
မယ်လို ချစ်လျှင် ၊
လည်ရစ်ကယ် ရတနာ ၊ နက်ဖြန်ခါမှာ ၊
လာသာလာခဲ့ ၊ အမယ်မင်းနှင့် ၊
ဖမင်းငယ် အိမ်တောင် ၊ ဆီးပေါင်းချောင်မှာ ၊
မှောင် ကောင်းငဲ့လေး ။ ။

{နှင်းဆီပွင့်}

လယ်တောကအပြန်
ပန်ချင်တယ်ခရေဖူးဆိုလို့
မောင်ခူးခါပေး
မနက်တုန်းဆီက
ကျော့ဆုံးကိုမောင်မြင်တော့
သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေ့
(မင်းသုဝဏ်)

" ငယ်ကကြင်ဦး "( ဒွေးချိုး )

( အမည်မသိ ရှေးစာဆို )
ကြိုးချိတ်ကယ်စုံ ၊ ပိုးပိတ်လုံ ငွေဗင်္ဂါနှင့် ၊
ဗွေသဉ္ဇာ စံပယ်သမှာတဲ့ ၊
ကျီစယ်ကာ မောင်ရယ်ဟခဲ့တယ် ၊
ငယ်က ကြင်ဦး ။
မုန်းစိတ်ကယ်ဝင် ၊ ခုများမှာ နှစ်မယ်ဆင်နှင့် ၊
မယ်မကြင် တဥာဏ်ကွန့်တာမို့ ၊
မသက်သာ မျက်နှာရွံ့ရတယ် ၊
ဘုန်း ခေါ်ဝံ့ဘူး ။ ။
✔ ဗင်္ဂါ =ဗင်္ဂါလီ အင်္ကျီ( လည်ပင်းပေါက်မှ ခေါင်းလျှိုဝတ်ရသော မိန်းမအင်္ကျီ )
[ ဦးဖိုးလတ် ၏ သီချင်းပဒေသာ ဖြည့်စွက်စာအုပ်မှ ]

`` သစ္စာဦး "

( မြ၀တီမင်းကြီး ဦးစ )
ကမ္ဘာဋ္ဌီ ၊ ငါးလီအင်ချစ်တဲ့ ၊
ရွှေ သစ္စာဦး ။
ဆက်တိုင်းငယ်တည် ၊
တဘုန်းဆွေ မေခြည်ကြောင့် ၊
သေပေစီ လည်တညွန့်ကို ၊
စိုး ရွံ့ပါဘူး ။ ။
✔ မေခြည် = အမိကောင်း ၊ နှမကောင်း
[ ဦးဖိုးလတ်၏ သီချင်းပဒေသာ ဖြည့်စွက်အုပ်မှ ( ဒွေးချိုး )

ရာဇဓာတုကလျာဘွဲ့ရတု

-တင့်လှပေဟန် ၊ ဖက်မဲ့ရန်တည့် ၊ ခြောက်တန်နတ်ရွာ ၊ ဘုံကလာသို့ ၊ပြာပြာလတ်လတ် ၊ မွတ်မွတ်ညက်ညက် ၊ ရွှန်းရွှန်းစက်မျှ ၊ ၀င်းလက်ရောင်ရွှေ ၊ အခေါင်ပေတည့် ၊ တောင်နေနတ်ဟန် ၊ မြတ်သစ်ကြန်နှင့် ၊ ပန်းမှန်ရေးချေ ၊ ထုံနေမကျော ၊ ပန်းရော ဆံကြာ ၊ ချ တိုင်းသာလျှင် ၊ ရွှေဝါဖိတ်ရွှင်း ၊ ထည်ချင်းစံပယ် ၊ နံ့ကြွယ်လှိုင်ကြူ ၊ မဉ္ဇူ မျက်မည်း ၊ ပေါ်ထပ်စည်းနှင့် ၊ မရည်းမထင် ၊ ဖြု တ်ခြည်းမြင်က ၊ နတ်ပင်ယိုးမှား ၊ ၀ိုးဝါးတွေးချွတ် ၊ စိတ်လုံးညွတ်သည် ။ ။ဘုံထွတ်နန်းတောင် နေတို့လော ။
-ရင့်မျှ ရွှေကျန် ၊ ရွက်မပြွန်တည့် ၊ ၀ါကြန်နီမောင်း ၊ ပင်တိုင်းပြောင်းက ၊ သက်ပေါင်းထင်ယုံ ၊ လှနိတုံလည်း ၊ ပန်းစုံရောရှက် ၊ ထုံးမြိတ်ရွက်နှင့် ၊ လိုက်ဖက်တင့်မှတ် ၊ ကိုယ်ဝတ်တော်မှာ ၊ မလ္လာရနံ့၊ မွှေးပျံ့ကြိုင်ရွှင်း ၊ ပယင်းရွှေရည် ၊ ပွတ်လဲကြည်သို့၊ မြရည်ကြောစိမ်း ၊ လဲ့လဲ့ရှိမ်းမျှ ၊ ခပ်သိမ်းကလျာ ၊ ရှုဘွယ်သာလျှင် ၊ သိင်္ဂါ လျှံတောက် ၊ လက်ကောက်လက်ကြပ် ၊ ရည်လျှပ်ဆံကျင် ၊ မျှ မဆင်လည်း ၊ တိုင်းပင်တင့်မှတ် ၊ လှခေါင်ထွတ်သည် ။ ။ကြာနတ်တန်းဆောင် ပေတို့လော ။
-ဆင့်ချခွေသွန် ၊ ရက်မချန်တည့် ၊ ယုဂန်အလုံး ၊ မြရည်ဖုံးသား ၊ လှဆုံးတင့်နေ ၊ ထုံးသားရေလည်း ၊ ထွေထွေကြည့်တိုင်း ၊ ပြစ်မျိုးရှိုင်းသည် ၊ စံခိုင်းလှော်သစ် ၊ ရွှေနှယ်နစ်မျှ ၊ တင်ပြစ်မစက် ၊ လဲ့လဲ့ညက်ကို ၊ ထက်နတ်ဘုံနေ ၊ ခု သာ ကြွေသို့၊ တင့်နေရှုမြော် ၊ အကျော်ပျံ့မွှန်း ၊ ၀င်းငြိမ့်ရွှန်းကို ၊ တောင်နန်းနေလော ၊ နတ်ပေလောဟု ၊ တွေးတောချေ မိ ၊ တပ် မသိခဲ့ ၊ မြင်မိဖြု တ်ခြည်း ၊ မြော်ကတည်းက ၊ အူ,သည်း စုညွတ် ၊ သက်လုံးပြတ်သည် ။ ။လျှံ ပတ်ထွန်းရောင် ဝေတို့လော ။
နတ်သျှင်နောင်

အညာမင်္ဂလာဆောင်

(စာထောင့် လေးချိုးကြီး)
ကျု ပ်တို့အညာမှာ-မင်္ဂလာတမျိုးသာပ ၊ အဟုတ်ဗျို့ဓမ္မတာ-အစဉ်အလာမညှိုးခဲ့ပေဘု ၊ အရိုးသမကျ ရှေးလိုပါ့ ၊ အဖွားကလည်း ကျီတဆောင် ၊ အမျိုးကလဲမသေးပေဘု ၊ အဖိုးအဖနှင့်တကွ မေးကြပါတော့ ၊ တမျိုးငါ့မြေးဘို့ရယ်လို့၊ အိုကွယ်....အဖိုးကပေးလိုက်ပါတဲ့-နွားညီနောင် ။
သြော်...အမိအဖတို့ကလည်း ၊ ပြည့်ပြည့်၀၀တွေမို့၊ ရှိသမျှ ကုန်ချင်ကုန်ရော့လို့၊ မယုံလျှင် ကြုံ လျှင်မေးပါတော့ ၊ အလုံတခွင်မှာ-ဂုဏ်အင်ကလဲမသေးပေဘု ၊ မုံရွေးကြေးမုံ ချောင်းဦးနယ်တလွှားဆီက ၊ အလုံကျေးအကုန်မှာ-ပြောင်းဖူးသယ်တွေကများလိုက်ပါဘိသနှင့် ၊ ဆွေသားရင်းချာ-ညာတကာမိတ်တို့ကိုလ ၊ အဖေသွားရင်းသာ-လာစရာဖိတ်ခဲ့တာနှင့် ၊ ညအိပ်ညနေ-အစုံလာကြတော့ ၊ ခြုံ စရာ-အကွက်ဖျင်စောင်နှစ်ခုငဲ့ပြင် ၊ ဂုံပုဝါပါ-တဘက်နှင့်ခြင်ထောင်ကလဲ တခုစီပေါ့ ၊ လုပ်မှုကိုင်ဘွယ်-တောလယ်ယာတခင်းငဲ့ပြင် ၊ ပြောင်းခင်းတစလယ်ဝင်နှင့် ၊ လယ်ကရှင်-စပါးနှစ်ဆယ်ကွက်ကိုလ ၊ ရှေးအဆက်ဆက်-အကြွေးတက်တက်ပြီး-အဝေးမထွက်ရအောင်လို့တဲ့ကွယ် ၊ ပေးလက်ဖွဲ့နှောင် ။
လမ်းချိုးအရှေ့က ၊ စပ်ရိုးအကွေ့-ခရောင်းယာမှာ ၊ ဟောသည်ကအထုပ်တွေ ဖြေဖြေပြီး-အကုန်သာကြဲလေရော့ဟဲ့လို့၊ ခရမ်းမျိုးစေ့ကောင်းစွာ-ငြုတ်ဂျုံ ကုလားပဲသာပါ့ ၊ နှမ်းမျိုးသွေ့သွေ့ပြောင်းဝါ-ငပြုတ်ဖရုံပါ ဖရဲငဲ့ပြင် ၊ ထမ်းပိုး၍ရောင်းစရာ-အထုပ်မုန်လာခ၀ဲတွေနှင့် ၊ အလုပ်စုံရာကပဲရယ်လို့-များလက်ဆောင် ၊ သားအတွက်ဆိုတော့-တအားတက်အောင်ရယ်လို့-ကျုပ်တို့အမေအိုကလဲ ဓားမရှေ ဓားမတိုတွေနှင့်-အခြေကိုနှင်း ၊ အိုကွယ်...မယားဖက်မောင်တွေကလဲ-ပုလွေတိုနှစ်စင်း ။
မျိုးဆက်ကာခြုံ ၊ အိုးခွက်ပန်းကန်အစုံနဲ့၊ ပြေတခွင် သထုံရောက်ရာကပဲလွမ်းမိပါရဲ့၊ မြေအင်တုံသောက်စရာဇွန်းငဲ့ပြင် ၊ ကွမ်းအစ်ပါ-လွယ်အိတ်တလုံးငယ်နှင့် ၊ ပဲခိုးဘူတာမှာလေ-ငနဲသူခိုးလူညာတွေမှုန်းလိုက်ပါတဲ့ ၊ ပျောက်သဟာ-ထန်းခေါက်ဖာကလဲတလုံးပါဘဲ ၊ စုရုံးလိုက်လျှင်-တအိမ်ထောင်ပေါ့ ၊ လူ့ထုံးစရိုက်တွင်-တသိန်ပြောင်လောက်တဲ့ ၊ မင်္ဂလာဆောင်မှာ-ခန်းဝင်ကလဲမနဲပါဘု ၊ မွဲဘို့ရာ-ကံကြမ္မာနှင့် ၊ ဖန်လာပုံ-ကုသိုလ်ကလဲမကောင်းချင်တော့ ၊ အထက် ဟိုအညာမှာလေ-ကြက်ဆိုတာတောင်မလောင်းခဲ့ပါဘု ၊ အညာပြေ-ဌာနေဟောင်းဆီက ၊ အကြွေးတရာကို-ဒွေးခါကလဲ တောင်းပြန်တော့ ၊ အမယ်မင်း-မောင်းစရာရယ်လို့များတပ်လိုက်မှဖြင့် ၊ ခေါင်းတခါခါရယ်နဲ့ ဆတ်လှစွာသော ၊ လှလှစွေ့စွေ့ရယ်နဲ့၊ ၀၀ပြေ့ပြေ့-နပြာတရှဉ်းကိုလ ၊ ကျောင်းတကာကိုသာ-အပ်လိုက်ပေရော့ ၊ ရသရွေ့ဘာဘာညာညာရယ်လို့ မငြင်းလေနှင့် ၊အိုကွယ်.....ရောင်းကာသာဆပ်လိုက်ပါတော့ ၊ ရွာရှေ့ကယာတခင်း ။
သခင်ကိုယ်တော်မှိုင်း

မွေးမေ့မေတ္တာ

-တပျောင်းပျောင်းလျှင် ၊ ရွှေညာခွင်က ၊ မိခင်မာတာ ၊ သားမင်းလျာကြောင့် ၊ ခွေကာနွမ်းရိ ၊ လွမ်းမချိ ခဲ့ ၊ မွေးမိဘမှာ ၊ လွမ်းရပါလည်း ၊ အောက်ရွာရပ်ဘုံ ၊ ဝေးလှတုံ၍ ၊ နေမုံတက်စ ၊ နံနက်ထကို ၊ ဧရာ့တောင်ကြီး ၊ ပိုက်ကာဆီးသို့၊ မျှော်ရီးမျှော်ရာ ၊ မမြင်သာခဲ့ ၊ ဗျာပါထပ်ဆောင် ၊ လွမ်းမီးလောင်၍ ၊ သားမောင်ပျော်ရာ ၊ အောက်ရပ်သာသို့၊ တမ်းကာရူလျက် ၊ တသက်သက်လျှင် ၊ ငှက်လိုပျံ ချင် ၊ မတတ်ပင်နှင့် ၊ မရွှင်ပျောင်းပျ ၊ သားရွှေစကြောင့် ၊ ရေကပစ်ပယ် ၊ ရွှေကြာနှယ်သို့ ။ ။အကယ်နွမ်း၍ ယိုင်ခဲ့ပြီ ။
-အကြောင်းကြောင်းပင် ၊ အောက်မေ့လျှင်မူ ၊ သက်ခင်ပြတ်မျှ ၊ သားရွှေစကို ၊ မယ်ကလွမ်းရာ ၊ များလှစွာခဲ့ ၊ ရှေးခါတမူ ၊ တွေးခါမူကား ၊ မယ့်ထံပါးက ၊ လားလားမကွာ ၊ စက်မွေ့ရာလည်း ၊ တူသာမကွဲ ၊ မယ့်ရင်ထဲဝယ် ၊ ယှဉ်နွှဲလျက်သာ ၊ ပျော်ရပါ၏ ၊ ခုခါတမူ ၊ ရှုခါမူကား ၊ ဝေးရပ်ခြား၍ ၊ သားလှရွှေစင် ၊ မယ့်ဝမ်းဝင်ကို ၊ မမြင်ရပါ ၊ သူ့ရပ်ရွာဝယ် ၊ နာလည်းမကူ ၊ သာမတူနှင့် ၊ ရေပူရေချမ်း ၊ ဘယ်သူကမ်း၍ ၊ စိတ်ဝမ်းရွှင်အောင် ၊ သားရွှေတောင်ကို ၊ ရွက်ဆောင်လိမ့်မည် ၊ အတည်တည်ကို ၊ ကြံစည်လိုက်မိ ၊ အောက်မေ့ဘိသော် ၊ ပျောင်းအိခွေနုံး ၊ သားရွှေတုံးကို ၊ ယူကျုံးမရ ၊ လွမ်းလိုက်လှခဲ့ ၊ နှမသားချင်း ၊ နောင်ရင်းညီထွေး ၊ တူကလေးနှင့် ၊ မွေးသည့်ဘခင် ၊ မမြင်မျက်ကွယ် ၊ သူ့ရပ်လယ်မှာ ၊ အမယ်မပါ ၊ မောင့်ချည်းသာလျှင် ၊ နေရှာလိမ့်မယ် ၊ အသွယ်သွယ်ကို ။ ။အကျယ်တမ်း၍ မှိုင်ခဲ့ပြီ ။
-တပေါင်းဆောင်းဝင် ၊ သုံးခါစင်တည့် ၊ လည်ချင်တော့မည် ၊ သို့သည်ကိုမျှ ၊ သားရွှေစငယ် ၊ မကြွမလာ ၊ ကြာကြီးကြာခဲ့ ၊ မင်းလျာနုနယ် ၊ မယ့်မှာဘွယ်မူ ၊ ကျယ်လျှင်ကားချဲ့၊ ပဲ့လျှင်ဖဲ့လော့ ၊ နွဲ့လျှင်ကားသပ် ၊ ခိုင်လျှင်ထပ်ရှင့် ၊ ကျပ်လျှင်သပ်ပင်း ၊ ချောင်လျှင်ထွင်းလော့ ၊ ရှင်းလျှင်သုတ်သင် ၊ လေးလျှင်တင်ရှင့် ၊ စင်လျှင်ကားဆေး ၊ ထက်လျှင်သွေးလော့ ၊ အရေးဆိုဘွယ် ၊ လူတို့ဝယ်မူ ၊ သွယ်တတ်မှစီး ၊ ရွယ်မှနီးရှင့် ၊ ကြီးလွယ်လျှင်ချောင် ၊ မသိမှောင်သည် ၊ ဖြူ ယောင်နှင့်မဲ ၊ ဟုတ်ယောင်လွဲသား ၊ ၀မ်းထဲလိမ်လစ် ၊ လူ့သနစ်ကို ၊ စင်စစ်သေချာ ၊ သိခဲစွာဟု ၊ ပညာရှိများ ၊ မိန့်ခဲ့ထားသား ၊ မှတ်သားစဖွယ် ၊ အသွယ်သွယ်ကို ၊ မယ်ငယ့်ရွှေသွေး ၊ ဥာဏ်နှင့်ဆေး၍ ၊ အဝေးဆယ်ရှဉ်း ၊ နီးတရှဉ်းဟု ၊ စဉ်းစား၍သာ ၊ ပြန်မည့်တာကို ၊ ရွှေညာရပ်ခွင် ၊ မွေးမိခင်က ၊ ဥာဏ်ရှင်ချီးမွမ်း ၊ လွမ်းဘွယ်ပိုဒ်စုံ ၊ ရစ်တံပုံနှင့် ၊ ကြည်ယုံမေတ္တာ ၊ လောင်းလိုက်ပါ၏ ၊ ချမ်းသာစီးပွါး ၊ ဆိုသည်များကို ၊ လားလားမယ့်မှာ ၊ အောက်မေ့ပါဘူး ၊ သားဦးကိုသာ ၊ မြင်ချင်ပါရှင့် ၊ မင်းလျာယဉ်ရွ ၊ သားရွှေစငယ် ၊ မရဖြစ်စေ ၊ ရဖြစ်စေသာ ၊ ပြန်ခဲ့ပါလော့ ၊ ရတနာမြု တေ ၊ ဂုဏ်ကိုးထွေနှင့် ၊ ရန်မွှေမနှောင့် ၊ ရွှေကုန်းထောင့်က ၊ မောင့်အဖော်များ ၊ ပြန်လာငြားလည်း ၊ သားမောင်မလာ ၊ အောက်ရပ်ရွာမှာ ၊ သုံးခါစင်စစ် ၊ လည်သည့်ဖြစ်ကို ၊ စိစစ်လိုက်တိုင်း ၊ ဗျာပါလှိုင်းလျက် ၊ အတိုင်းမသိ ၊ လွမ်းရှိန်ဖိခဲ့ ၊ ပျောင်းအိခွေနစ် ၊ ဇမ္ဗူ ရာဇ်ကို ၊ ချစ်လို့မ၀ ၊ မြင်မ၀နှင့် ၊ ဆယ်လပိုက်လွယ် ၊ သားမင်းငယ်ကြောင့် ။ ။အမယ်လွမ်း၍ လှိုင်ခဲ့ပြီ။
ကျည်းကန်ကိုရှင်ကြီး။

ဝန်ကတော် ခင်ဆုံ ရေးသားသော ဆောင်းဘွဲ့ရတု

ကာခြည်လေပြေသွေးတော့ ၊
ကြွေမည့်မယ့်ပုံသွင် ၊
ခင်ခင်လေး မြရင်မှာ ၊
စတင်ကာစိမ့်အေး ။
တိမ်လွှာညွှန့် ခုနှစ်ထည်ခြုံ ၊
သည်ပုံဆိုနွေးဖို့အဝေး ။
သည်လိုနှင့်တာရှည်လျှင်၊
ညာမဒီခက်သေး ၊
ကမ္ဗလာထည်နှင့်ထွေးပေမယ့် ၊
သည်အအေးမလုံ ၊
ငွေဒန္တာမနှေးရိုက်၊
သည်းလှိုက်လို့ သည်းရင်ဝခုန် ။
ဘယ်နည်းနှင့်ဘယ်ပုံ၊
မယ်လုံအောင် ကြံဖန်ရမတုန်း ။
ပြန်လှန်ဆ တယောင်ယောင် ၊
ဝဲတိုက်ကြာညောင် ၊
ဖူးစာရှင် ခင်မေ့မောင်ရယ် ၊
ရင်ငွေ့ရောင်လှုံစမ်းခြင်လှလေး ။
ဂျာနယ်ကျော် မမလေး၏ ဘဝပုံရိပ်များ စာအုပ်မှ ကူးယူ
ဖော်ပြပါသည် ။

ပြတ်စဲခန်း

-ကဲ... ရှင်မ နားထောင်
အိမ်ရှိ တောင်း၊ ပလုံး၊ နှီး၊ ဖျာ
ညည်းကအကုန်ယူ...
ငါက နှီးဖြာတတ်သူ။
-မွေ့ ယာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံး
ငါက အကုန်ယူ....
ညည်းက ယက်ကန်းတတ်သူ။
-ဘူးစင်အောက်က နွားညီနောင်
ညည်းကြိုက်ရာ တစ်ကောင်ယူ ။
အိမ်ရှိ ခွေးနက်ကျော်
သူပျော်ရာ သူနေ
ညည်းနဲ့ ငါနဲ့  ပြတ်စဲစေ ....။
(ရေးသူအမည်မသိပါ)

ကမ္ဗောဇသို့

တက်ခဲ့လို့ ခေါ်
မော်မြေမြင့် တောင်တန်း။
ဘယ်ကွေ့ညာခွေနဲ့
တက်တိုင်းလေ လိပ်ခွေကောက်
တောတောင်ပေါက်လမ်း။
တက်ခဲ့လို့ခေါ်
စွယ်တော်ပွင့် တောင်ပန်း။
သီပေါ ဟော်အိုအိုနဲ့
ဘော်ကြို စေတီထွတ်
ဦးညွှတ်တဲ့လမ်း။
တက်ခဲ့ပေါ့နော်
စွယ်တော်နှင့် တောင်တန်း။
တက်တိုင်း ရွှင်ပျော်ပျော်နဲ့
သက်တိုင်း ရွှင်ပျော်ပျော်နဲ့
တတောင်ကျော် တတောင်ကူး
ဦးညွှတ်လို့ လှမ်း။
တပေါင်းလ ပွဲတော်ခါ
ဘော်ကြိုမှာ ပျော်လိုဇောနဲ့
တောတောင်နှံ့လာ။
ကချင်မယ် လွယ်ပလိုင်းနဲ့
သင်တိုင်းက နီပြာပြာ
ပါလေရဲ့ ပန်းပွား။
မော်ရှမ်း တောင်သူနဲ့
ပလောင်သူ နုရွှေပါး
နှင်းဆီတဲ့လား။
ကိုကချင် ဖော်တသင်းနဲ့
မော့်နှင်းဆီ့ မယ်သော်မှော်
တောင်းဆုပန်သော်။
ရင်ပြင်ပေါ်၊ စွယ်တော်နဲ့ အနန်း။
နောင်လဲ မော်မြေသူနဲ့
အတူတူ စေတီဦးမှာ
ဖူးခဲ့ရွှင်လန်း။ ။
ဇော်ဂျီ၏ခရီးသည်(၁၉၃၇)

တို့တိုင်းပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
စေတီ စပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း။
ထလော့ မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
လောကပြိတ္တာ ဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာ ထလော့
အားမပျော့နှင့်၊ မလျှော့လုံလ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူစပါးလဲ
ထားလော့တာဝန်၊ ပွန်လော့ လုပ်ငန်း
ဉာဏ်ရှေ့ ပန်း၍
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။ ။
ဇော်ဂျီ

ရှေးခတ်ပုဂံပြည်

မောင်တို့ ကြားကုန်လော့
မယ်တို့ ကြားကုန်လော့
ရှေးဖျား ပုဂံပြေမှာဖြင့်
မြန်မာတတွေမှာ ရတနာရွှေငွေ အပေါင်းငဲ့ပြင်
မင်းကောင်း နော်ရထာတဲ့
မော်စရာ ဟိုတခေတ်ကိုဖြင့်
ဥာဏ်သစ်ကာ တရွှင်ရွှင်နဲ့ 
ဘဝင်မှာ အမြင်မှန်းကာပေါ့
တမ်းတ၍ ကြည်ညိုပါ ။
..သြော် ပြေမြန်မာ ခေတ်ထူး
ရာဇဝင်မှာ စာတင်လို့ ကျူးခဲ့ကြ
ငထွေးရူး လုံးလက်ဖယ်
ညောင်ဦးနယ် ကိုရွှေဖီး
ရွှေထီးလောင်း မင်းကျန်စစ်
ထီမထင်အောင် ၊ ပြည်ခွင်ကို ချစ်ခဲ့ကြ
ရဲစစ်တပ် ခြံအရံ ၊ မြန်မာ့ နယ်တရိုး
ရန်ထိုထိုကို ၊ ရန်လိုလျှင် ချိုးခဲ့၍
မြို့ ရိုးမှာဖြင့် ပြေပုဂံ ၊ ရဲစစ်တပ် အပြန်မှာ ..။
အောင်လံတွေ ရောင်ပျံမြူးကာပါ့
တပ်ဦးမှာ တချီချီနဲ့ 
အောင်ရွှေစည် အောင်သံညှင်းလိုက်တော့
ပြည်တွင်းမှာ ညံဆူဆူနဲ့ 
ကျန်ရစ်သူ ပုဂံသားတို့ မှာလ
အားတက်ကြမှာ ။
..လာစမ်းဟဲ့ မေ့သား
အမယ်မင်း ထွားလိုက်တာ
စစ်သားကြီး လုံးလုံး ၊ ဗိုလ်မှူးကြီး ရှုံလောက်ရဲ့ 
ပခုံးနဲ့ လက်ပြင် ၊ ကြောခြင်က သံချောင်း
တနှစ်အတွင်းမှာ ၊ ချက်ချင်းဘဲပြောင်းရော့
ကောင်းလိုက်ပေ့ မေ့သား
ဤဇမ္ဗူ ၊ တလူရှားလောက်ရဲ့ 
မယ်ဘွားမှာလေ
ပန်းသပြေနှင့် ညောင်ရေသွန်းလောင်း
ပြည်ကြီးရှင် အနိုင်ရလို့ 
ငါ့သားလှ ပြန်လာကြောင်းကို
နေ့ တိုင်းဘဲ တောင်းရတယ်
အမယ် မမ
သားလှတွက်တာ ၊ နောင်များဖြင့် ပူပါနဲ့ 
ပုဂံမှာမွေး ၊ ပုဂံသွေးမို့ 
အလေးမမူ ၊ အသက်ပင်လှူခဲ့ ပေါ့
ပြည်သူသက်စွန့်  ၊ လက်ရုံးအားအင် သည်တအားနဲ့ 
ဘယ်တိုင်းခြား ဝံ့မတုံးတဲ့ ။....
ယာလက်ရုံး
နှလုံးမှာ ဖြူစင်ကြယ်နဲ့ 
လူတွင်ကျယ် ပုဂံသားတွေတို့ 
ကိုယ့်အားကို ကိုယ်ယုံကိုးကာပါ့
ကိုယ့်မျိုးဂုဏ် တမာန်တက်ပေလိမ့်
ဓားထက်တဲ့ ပုဂံမှာ
မြန်မာတို့ ခေတ်ဟောင်း ။
..စေတီနဲ့  တန်ဆောင်း
ဆည်ချောင်းနဲ့ စပါးနှံ
ရွှေပေါက္ကံ ပြည်တကြောမှာ
ပေါချင်တိုင်း ပေါတဲ့ပြင်
ဝပြောတဲ့ သာသနာ
ခေါင်းလောင်းသံ ညံမစဲရယ်နဲ့ 
ပုဂံပွဲ သာလွန်းလို့ 
လာသူလာ သွားသူသွား
လယ်တွင်းသား ပြည်တော်သား
အသည်သား မင်းမှုထမ်း
တစိတ်ဝမ်း တလက်ညီ
ပြည်ရေးကို ပြိုင်တူချီကြတော့
ပြည်တော်မြတ် ပဲ့တင်သံ
ဘဝဂ် ပြန်ပါ့ရော့ ။ ....
တရားငယ်မှန်
ရှင်မြတ်ကယ် ထေရ်အရဟံနဲ့ 
ပြေပုဂံ နော်ရထာဖုန်းငဲ့ပြင်
ပြည်လုံးညီညာတော့
ဤကမ္ဘာမှာ ပြည်မြန်မာရယ်လို့  ဝင်းခဲ့သတဲ့
သည်မင်းသည်ပြည်ထောင်ဖြင့်
မလေးမောင် ချစ်မငြီးနိုင်ဘူ့ 
ရွှေစည်းခုံ ခြေတော်ရင်းဆီက
ခေတ်ဟောင်းစံ ပုဂံသီချင်းကိုဖြင့်
ညှင်းဆိုခဲ့ကြောင်း ။ ။
ဇော်ဂျီ

သင်သေသွားသော်

ဪ လူ့ပြည်လောက၊ လူ့ဘဝကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့ပြီးတကား၊ သင် သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏ မျိုးသား၊ စာစကားလည်း
ကြီးပွါးတက်မြင့်၊ ကျန်ကောင်းသင့်၏။
သင် ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျှက် ဝင်းလျှက် ကျန်စေသတည်း။
အိုးဝေမဂ္ဂဇင်း၊ အတွဲ ၅၊ အမှတ် ၁၊ ဒီဇင်ဘာ ၁၉၃၅

ပြောလိုက်ပါဘိ ဟောပါဘိ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊
မင်း၏သက်လှယ်၊ မင့်သားငယ်သည်၊
သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ။
သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်၊
အူယားဖါးယား၊
ကစားရာမှ၊ နွားရုပ်ချ၍၊
နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့၊
ပြေးဝင်ပုန်းလာ၊ သူ့မူရာကို၊
ငါမြင်ခဲ့၏ မှတ်မိ၏။
မိုးကစိုစို၊ ကျီးအုပ်ပြို၍၊
ထိုမှဤမှ၊ တို့လမ်းမတွင်၊
ပျံကြဝဲကြ၊ ငရဲထသို့၊
အုံကြွမြည်အာ၊ မသာယာကို၊
ငါကြားခဲ့၏၊ မှတ်မိ၏။
ထိုနေ့၌ပင်၊ ထိုချိန်ထင်၏၊
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏၊
မြေခသတင်း၊ မိုးကြိုးခွင်းသို့၊
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌၊
မချင်မရဲ၊ ဝမ်းနဲခံခက်၊
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်၊
ရွာဦးပိုင်းမှ သင်္ချိုင်းထိ။
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊
မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်၊
သူတို့ခေတ်၌၊ တိုင်းချစ်ပြည်ခင်၊
မြတ်စေချင်၏၊ မင်းမြင်ငါကြား၊
စကားဥဒါန်း၊ ဆန်း၏သတ္တိ၊
ဆန်း၏သမာဓိ၊ ဆန်း၏ပညာ၊
ဆန်းမှာဆုံပေါင်း၊ ယောက်ျားကောင်းတို့၊
ခေါင်းဆောင်သဘော၊ မင့်သားချောကို၊
ပြောလိုက်ပါဘိ ဟောပါဘိ။
ဇော်ဂျီ

ပဲ့နင်း

ရွှေမင်းဝံ ခြေရင်းက
မြစ်မင်းယဉ်ဧရာ
ဝိုင်းခွေလို့ လာ။
မင်းဝံကပြာ ၊ ဧရာကဖွေး။
လှေလောင်းညို ရေဂယက်မှာ
လင်းရွက်နဲ့ လေး ။
ဂေါဝိန်ကို ပဲ့ခိုင်းလို့ 
နံကိုင်းမြတ် စေတီယံ
ဖူးတော့မယ်ဟန်။
ဖူးမယ်လို့ ကြံ
အတန်ကြာ ကြက်ရွှေနန်းကို
ဦးလှည့်လို့ ယမ်း။
ကြက်နန်းက ဖယ်ပြန်တုံ
နံကိုင်းရှင် ခြေတော်မှုးကို
ဦးတိုက်ပြန်တုံ ။
ကြက်နန်းကိုစုန် ၊ စုန်ပါတော့လား ။
နံကိုင်းကိုစုန် ၊ စုန်ပါတော့လား ။
ရွက်လင်းယဉ် လှေတစင်းနဲ့ 
အလို အို ပဲ့နင်းရယ်
မင်းလူလှည့်စား ။
ဇော်ဂျီ

သူ့အပြုံး

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းကို သူမဲ၊ လူပုံထဲ၌
ဆိုဆဲ ရိုင်းပြ၊ သူ ရန်စ လည်း
မင်းက မဖြုံ၊ မင်း မမှုန်ခဲ့
မတုန်မလှုပ်၊ မင်းပြုံးရုပ်သည်
ဟုတ်လှပေစွ ဟုတ်ပေစွ။
အခါတစ်ပါး၊ မြတ်ဘုရားကို
ပုဏ္ဏားဒွါဇ၊ အမျက်ရှ၍
ငဆ နင်ပဲ၊ မျိုးစုံဆဲ၏
ဆိုဆဲအားရ၊ ထိုခဏ၌
ဗုဒ္ဓဘုရား၊ ထို ပုဏ္ဏားနှင့်
စကားချီချ၊ ဆိုခဲ့ကြ။
“ဘာရဒွါဇ၊ ဗြဟ္မဏ
အိမ်ဝရောက်လာ၊ သင့်ဆွေညာအား
ရသာ ချိုအေး၊ ခဲဘွယ်ပေး၍
မကျွေးသလော ကျွေးသလော”
“ငါ့ဆွေ ငါ့မျိုး၊ ငါမြတ်နိုး၍
မုန့်မျိုးစုံစွာ၊ သုံးဆောင်ပါဟု
ငါကျွေးမွေး၏ ငါပေး၏ ”
“ဘာရဒွါဇ ဗြဟ္မဏ
သူက ငြင်းဆန်၊ လက်မခံသော်
ကြံ ပျား ဆီဥ၊ ခဲဘွယ်စုသည်
မည်သူ့လက်မှာ ရှိသနည်း”
“သူ မယူဘိ၊ နေသည်ရှိသော်
ငါ၏ လက်မှာ ရှိသည်သာ ”
“ဘာရဒွါဇ ဗြဟ္မဏ
ငါ့အား သင်ပေး၊ မယဉ်ကျေးသည့်
ဆဲရေးတိုင်းထွာ၊ ဆဲတစ်ရာကို
ငါ လက်မခံ ”
မိန့်လိုက်ဟန်သည်
သုတ္တန်ထင်ရှား အရှိသား။
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း သိ မသိ၊ ငါ မသိခဲ့
ငါ သိသည်မှာ၊ သိရုံသာတည့်
မင့်မှာတမူ၊ ယူ မတူတို့
ငြူစူမှိုင်းမှုန်၊ အဆဲစုံ၌
မတုန်မလှုပ်၊ မင့်ပြုံးရုပ်သည်
ဟုတ်လှပေစွ ဟုတ်ပေစွ။ ။
ဇော်ဂျီ

ချစ်သူတို့ရွာ

ဟိုယခင် နွေဝင်စက
ရောက်ခဲ့ရ ပျော်စရာ
ချစ်သူတို့ရွာ။
စိတ်အာရုံမှာ
သာယာဖွယ့် ကြည်နူး။
ယမင်း တမေပျော်ဖို့
ညတွင်း ပြွေကျော်နဲ့
ဖြေဖျော်ပုံ တကယ်ထူးလို့ရယ်
လွမ်းစိတ်နဲ့ ရူး။ ။
ငွေတာရီ

နေထွက်ချိန်

ဒေါင်းဖန်ဝါ ရှင်နေမင်း
ဖောက်ထွင်းခဲ့ နှင်းဖြူပြာ
ထွက်ပေါ်လို့လာ။
နေခြည်ကဖြာ၊ အာကာက လင်း။
သောင်ကမ်းယံ ကျွန်းတွေကြော့မှာ
ဖျော့တော့ရောင်ဝင်း။
နေရောင်ခြည် မြစ်တွင်းသို့
သက်ဆင်းခဲ့ ရွှေရောင်ဖြာ
ဝင်းလက်လက်ဝါ။
ငှက်သံကသာ၊ စာရှာဖို့တွေး။
သိုက်နန်း ပင်ချုံဦးမှာ၊
မြူးပျံလို့ကြွေး။ ။
ငွေတာရီ

ထိပ်ဆုံးသို့(ခေတ်စမ်းနှင့်အခြားကဗျာ)

တတောင်ပေါ် တတောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ။
တတောင်ဆုံးပြန်တော့
တလုံးကျန်ပေသမို့
ဖန်ဖန်လေ အားအင်နိုးလို့ရယ်
ကြိုးလျှောက်ရပြန်။
ခါတလေ တကယ်ပန်းတာကြောင့်၊
တော်ပါပြီ ဆက်မလှမ်းချင်ဘု၊
ရပ်တန်းက ရပ်မယ်ကြံ၊
အမှန်တော့ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့၊
တနေ့မှာဆုံးရာရောက်ရအောင်၊
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့၊
စိတ်နွမ်းအသာဖြေဦး၊
မာလာငွေကန်ရေအေးရယ်နှင့်၊
ငှက်တေးကိုအာရုံခံလို့၊
မူတသွင်အားအင်သစ်လိုက်ပါ့၊
ချစ်ဖွဲ့လူသား။ ။
ငွေတာရီ

ပိတောက်ပန်း (ခေတ်စမ်းနှင့်အခြားကဗျာ)

မခူးချင်စမ်းပါနဲ့၊
နှစ်ဆန်း ခါတော်မီမို့၊
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့၊
ခပ်သိမ်းနယ်စုံစုံသို့၊
ပွင့်ငုံကို လင့်ကုန်ကြတော့လို့၊
ခေါင်းကြွကာ ဆာဝေဝေနဲ့၊
သူလည်းလေ လောကီသားလိုပါ့၊
ကြွားချင်လှပေလိမ့်မယ်။
တသိန်တင့်ပါဘိ၊
တိမ်မြင့် ရီပြာပြာက၊
ကြည်သာယာ ပင့်လေအဖြူးတွင်ဖြင့်၊
တီတာတာ ပွင့်ရွှေဖူးငယ်တို့၊
လည်ယှက်ကာ ဘယ်ညာလူးလေတော့၊
သူတို့လို ဘယ်သူမြူးနိုင်ပါ့၊
ထူးပါဘိတယ်။
တဝါဝါ ဆင်သင်္ကန်းရယ်က၊
ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့၊
သာသနာ ရွှင်ရွှင်လန်းအောင်လို့၊
တမင် မှန်းကာပါ့ သတိစွယ်၊
ရည်ရွယ်တော့သလား။
ခူးပါနဲ့ကွယ်၊
ပွင့်ဖူးမှာ အဝါခြယ်၍၊
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်၊
နှစ်ဆုံးကုန်အတာဝင်သို့၊
မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့၊
အရေးအခါသာမှ၊
ခမျာမှာ တဂုဏ်ဆန်းရတယ်၊
ပန်းပိတောက်များ။ ။
(ဇော်ဂျီ)