ကချင်ပြည်နယ် အလံ
မန်စီမြီု့နယ် သမိုင်း
-----------------------
- မန်စီဟူသော အမည်သည် ရှမ်းဘာသာစကား “မန်စေ” မှ ဆင်းသက်လာခြင်း ဖြစ်သည်။ မန်စေသည် “မိုင်းကိုင်စက္ကူလုပ်သောရွာ” ဟု အဓိပ္ပာယ်ရပါသည်။ မန်စီမြို့သည် မြန်မာသက္ကရာဇ် (၁၂၄၇) ခုနှစ်ခန့်တွင် မိုးကောင်းမြို့မှ ရှမ်းလူမျိုး ဦးကောင်းစံဆိုသူ နယ်သစ်ရှာဖွေရင်း ယခုမန်စီမြို့မှ မြောက်ဘက် ၅ မိုင်ခန့်အကွာ သိန်လိန်ရွာ (ဗန်းမော်မြို့နယ်) တွင် အိမ်ခြေ ၂၀ ခန့်ဖြင့် အခြေ...ချနေထိုင်ခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၁၂၇၇ ခုနှစ်တွင် ယခုမန်စီမြို့၊ မောရ၀တီရပ်ကွက်သို့ ပြောင်းရွှေ့လာပြီး မိုးမိတ်စော်ဘွား အတည်ပြုချက်ဖြင့် ရွာစတင်တည်ထောင်ခဲ့ပါသည်။ ၎င်းရွာကိုလည်း ရှမ်းအမည်ဖြင့် “မန်စေ” ဟု ခေါ်ဝေါ်ခဲ့သည်။ ကာလရွေ့လျား၍ “မန်စေ” မှ မန်စီ ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
ပူတာအိုမြို့နယ် သမိုင်း - -------------------------
ပူတာအိုသည် ရှမ်းဘာသာစကား “ပူတောင်း” မှ ပြောင်းလဲခေါ်ဝေါ်လာခြင်းဖြစ်သည်။ ပူ= အဖိုး၊ တောင်း = စောင့်သည်ဟု အဓိပ္ပာယ်ရသဖြင့် ပူတောင်း = အဖိုးမျှော်သည့်နေရာ ဟု ခေါ်ဆိုနိုင်သည်။ မြို့ကိုစတင်ဖွဲ့စည်းခဲ့စဉ်က ပူတောင်းမြို့ဟု ခေါ်ဆိုခဲ့ကြသည်။ ပူတောင်းကို အင်္ဂလိပ်ဘာသာဖြင့် (Putao) ရေးရာမှ မြန်မာအသံထွက်မှာ ပူတာအို ဖြစ်သွားသည်ဟု ဆိုသည်။ ၁၉၁၄ ခုနှစ်တွင် ဗြိတိသျှတပ်ဖွဲ့တို့သည် ပူတောင်းကျေးရွာအနီး၌ ပထမဆုံး စခန်းချနေထိုင်ကြသည်။ ၁၉၁၆ ခုနှစ်တွင် မြေပုံအညွှန်း (အင်တီ = ၀၁၈၅) သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုမှ ပူတာအိုဒေသကို ခရိုင်ဖွဲ့စည်းပြီး အုပ်ချုပ်ကြသည်။ ပထမဆုံး ခရိုင်ဝန်မှာ မစ္စတာဟတ်ဇ် (Mr. Heartz) ဖြစ်သည်။ ခရိုင်ဝန် နေထိုင်ခဲ့သောခံတပ်ကို ဖို့ဟတ်ဇ် (Fort Heartz) ခံတပ်ဟု ခေါ်တွင်ကြသည်။ ၁၉၂၅ ခုနှစ်တွင် ခရိုင်ကိုဖျက်သိမ်းပြီး မြစ်ကြီးနားခရိုင်အတွင်းသို့ ထည့်သွင်းကာ ခရိုင်ခွဲအဖြစ် ပူတောင်ကျေးရွာသို့ ပြောင်းရွှေ့ တည်ထောင်ခဲ့ကြသည်။
၁၉၆၅ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် ပူတာအိုမြို့ကို ခရိုင်အဖြစ် ဖွဲ့စည်းအုပ်ချုပ် စေခဲ့သည်။ ၁၉၇၂ ခုနှစ် စနစ်သစ်အုပ်ချုပ်ရေးအရ ခရိုင်ကိုဖျက်သိမ်း၍ ပူတာအိုမြို့နယ်ကို (က) အဆင့်ရှိသော မြို့နယ်အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောင်ရေးအဖွဲ့ လက်ထက် (၂၈-၉-၉၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁၄၂-၉၂) ဖြင့် ပူတာအိုခရိုင်အဖြစ် ဖွဲ့စည်းအုပ်ချုပ်လျက် ရှိသည်။ ကမ္ဘာပေါ်တွင် ရှားပါးသော တာကင် (ခေါ်) သားမင်းကောင်၊ တောင်ဆိတ်နှင့် ကတိုးကောင် တို့ကို ပူတာအိုခရိုင်တွင် တွေ့ရှိရသည်။
မချမ်းဘောမြို့နယ် ဖြစ်စဉ်သမိုင်း - ------------------------------------
မချမ်းဘောဟူသော အမည်သည် ကချင်ဘာသာစကား “မကျန်ဘော” မှ ပြောင်းလဲခဲ့သော စကားဖြစ်သည်။ မကျန် = ချောင်း၊ ဘော = မြစ်ဆုံး ဟု အဓိပ္ပာယ်ရသဖြင့် “မကျန်ချောင်း နှင့် မလိခမြစ်တို့ ပေါင်းဆုံရာနေရာ” ဟု ခေါ်ဆိုနိုင်ပါသည်။ “ မကျန်ဘော” မှ ကာလရွှေ့လျား လာသောအခါ “မချမ်းဘော” ဟု ပြောင်းလဲ ခေါ်ဝေါ်လာခဲ့သည်။ မချမ်းဘောရွာကို ၁၉၂၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြသည်။ မူလက ရွာငယ်တစ်ခုအဖြစ် တည်ရှိခဲ့ရာမှ ၁၉၆၀ ပြည့်နှစ်တွင် အရှေ့ပူတာအို နယ်ခြားဒေသ အုပ်ချုပ်ရေးခရိုင်အား မချမ်းဘောတွင် ဖွင့်လှစ်ခဲ့သဖြင့် ထိုအချိန်မှစ၍ မချမ်းဘောမြို့နယ် ဖြစ်လာခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် နယ်ခြားအုပ်ချုပ်ရေးကို ဖျက်သိမ်းလိုက်သဖြင့် မြို့ပိုင်ရုံးစိုက်ရာမြို့အဖြစ် သတ်မှတ်ခဲ့သည်။
ဆွမ်ပရာဘွမ်မြို့နယ် သမိုင်း - -------------------------------
ဆွမ်ပရာဘွမ်ဟု ခေါ်ရခြင်းမှာ ဆွမ်ပရာ (Sum Para) မှာ မြက်ရှည်ပင်ဖြစ်၍ “မြက်ရှည်ပင်များ ပေါက်ရောက်သည့်တောင်” ဟု အဓိပ္ပာယ်ရသည်။ ဆွမ်ပရာဘွမ်ဟု သတ်မှတ်ခြင်း မပြုမီ ခန္တီးရှမ်းမျိုးနွယ်စု၊ ကချင်မျိုးနွယ်စု ဂျိန်းဖော၊ မဒူ (လော်ဝေါ်)၊ ရ၀မ်လူမျိုးများ နေထိုင်ပြီး မျိုးနွယ်စုအလိုက် ဒူဝါ၊ ဆလန်ဝါ ဦးဆောင်သော ကျွန်ပိုင်ရှင်ပဒေသရာဇ် စီမံအုပ်ချုပ် နေထိုင်ခဲ့ပါသည်။ ၁၉၀၅ ခုနှစ်တွင် အင်္ဂလိပ် စတင်ဝင်ရောက်လာပြီး ၁၉၁၃ ခုနှစ်တွင် အခြေချနေထိုင်ခဲ့သည်။ ယခင် လဇကျေးရွာ (အင်ဝိုင် ၃၂၈၄) ၀ါစပ်ခူးရွာအနီး တောင်ထိပ်မှာ တည်ခဲ့သည်။ ယင်းနောက် လေဒဏ်မခံနိုင်၍ ၁၉၂၆ ခုနှစ်တွင် ယခုလက်ရှိနေရာ အနိမ့်ပိုင်းသို့ ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ပါသည်။
မြို့နယ်အတွင်း ထူးခြားချက်နှင့် ဓလေ့ထုံးစံများ - ---------------------------------------------------
ခရစ်ယာန်ဘာသာကို ကိုးကွယ်ခြင်းမပြုမီ နတ်ဘာသာကို ကိုးကွယ်လျက် မနောပွဲ၊ နတ်ဂျော့ လက်ထပ်ပွဲတို့ ပြုလုပ်သည်။ ခရစ်ယာန်ဘာသာ ယုံကြည်ကိုးကွယ်လာချိန်တွင် အင်လုံအင်နန်ခေါ် ကောက်သစ်စားပွဲ၊ ခရစမတ်ပွဲ၊ လက်ထပ်ပွဲ၊ အိမ်သစ်တက်ပွဲနှင့် ဂျူဗလီပွဲလမ်းသဘင်များကို ပြုလုပ်ကျင်းပသည်။ ဒေသခံ ကချင်လူမျိုးများသည် ညီအစ်ကိုမျိုး၊ ယောက္ခမမျိုး၊ သမက်မျိုးဟူ၍ သံဖိုခနောက်ပုံစံသဖွယ် ရင်းနှီးစွာ ဆက်ဆံမှုပြုခြင်း၊ မိမိမျိုးနွယ်စုအလိုက် ခေါငါန်ခေါ် ၀ိုင်းပယ် မိတ်ဖွဲ့ဆက်ဆံမှုပြုခြင်း စသော ဓလေ့ထုံးစံများ ကျင့်သုံးသည့် အလေ့အထ ရှိပါသည်။
နောင်မွန်းမြို့နယ် သမိုင်း - ----------------------------
နောင်မွန်း (Nawng Mun) ဟူသောအမည်သည် ရ၀မ်ဘာသာစကားဖြင့် “လုံမှန်” မှ လည်းကောင်း၊ ခန္တီးဘာသာစကားဖြင့် “နောက်မွန်” မှ လည်းကောင်း ဆင်းသက်လာသည်ဟု ဆိုပါသည်။ ရ၀မ်ဘာသာဖြင့် လုံ = ကျောက်၊ မုန် = ဖြူ သည်ဟု အဓိပ္ပာယ်ရသဖြင့် နောင်မွန်းကို “ကျောက်ဖြူ ရှိသောအရပ်” ဟု ခေါ်ဆိုနိုင်ပါသည်။ ရှမ်းဘာသာစကားဖြင့် နောက် = အပြင်၊ မွန်း = နေပြည်တော် ပြင်ပမြို့ (စော်ဘွားနေရာ) ဟု အဓိပ္ပာယ်ရသဖြင့် “နေပြည်တော်ပြင်ပမြို့” ဟုခေါ်ဆိုပါသည်။ ယခုအချိန်တွင် “နောင်မွန်း” ဟူသော အမည်ကိုသာ သုံးစွဲနေပါသည်။
၁၉၁၁ ခုနှစ်တွင် အင်္ဂလိပ်တို့သည် ပူတာအိုသို့ ရောက်ရှိလာပြီး အုပ်ချုပ်ရေးစတင်ခဲ့သည်။ ၁၉၁၃ ခုနှစ်မှစ၍ နောင်မွန်းတွင် တောင်အုပ်များထား၍ အုပ်ချုပ်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ပူတာအိုအရှေ့ နယ်ခြားအုပ်ချုပ်ရေးစနစ်တွင် နောင်မွန်းကို မြို့နယ်တစ်ခုအဖြစ် သတ်မှတ်၍ နောင်မွန်းမြို့နယ်တွင် နယ်ခြားဝန်ထောက်ရုံးနှင့် မြို့ပိုင်ရုံးကို စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် နယ်ခြားဒေသအုပ်ချုပ်ရေးကို ရုပ်သိမ်းခဲ့သည်။
ဒေသသမိုင်းအကျဉ်း - -----------------------
ရှေးလူကြီးများအဆိုအရ ခရစ်သက္ကရာဇ် ၆၀၀ ခန့်အချိန်က တိဘက်မြန်မာ အမျိုးအနွယ်များသည် မြောက်ဘက်မှ ဆင်းသက်လာ၍ ယခု မခွမ်ဒမ်း တွင် စုစည်းလာခဲ့ကြသည်ဟု သိရပြီး အချို့မှာ မဲခေါင်မြစ်၊ ယန်ဇီမြစ်ကြောင်းအတိုင်း ဆက်လက်ဆင်းသက် သွားခဲ့ကြပါသည်။ ၎င်း မခွမ်ဒမ်းအရပ်သို့ စုလိုက်လာသော လူမျိုးနွယ်များသည် ရေကြည်ရာမြက်နှရာသို့ ရှာဖွေပြီး ယခု နောင်မွန်းမြို့နယ် ပတ်ဝန်းကျင်သို့ ရောက်ရှိလာခဲ့သည်။ ၎င်းတို့မှာ ရ၀မ်လူမျိုးစုများဖြစ်ပြီး တစ်စစဖြင့် လူဦးရေတိုးပွားလာကာ ၉၀၀ ရာစုနှစ်ဦးပိုင်းကာလတွင် ဒေသထွက် သံနှင့်ဘော်များတူးဖော် သွန်းလုပ်ခဲ့ကြသည်။ ၎င်းလုပ်ငန်းတွင်ကျယ်လာကာ ရ၀မ်မျိုးနွယ်စုတို့မှာ ကြွယ်ဝချမ်းသာ လာခဲ့ကြကာ အရှေ့ပိုင်းမှ လာရောက်သူများက မကြာခဏ လုယက်တိုက်ခိုက်ခဲ့ကြသော်လည်း သံလက်နက်ကိရိယာနှင့် ရိက္ခာဖူလုံကြသဖြင့် ရန်သူတို့က နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသော်လည်း ရှုံးနိမ့်ခြင်း မရှိကြပါ။ နောက်ပိုင်းတွင် လူဦးရေထူထပ်များပြားလာပြီး လုပ်ကိုင်စားသောက်ရန်နေရာများ ကုန်ခန်းလာခြင်း၊ ရောဂါထူပြောလာ၍ သေကျေကြခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ငတ်မွတ်ခေါင်းပါးခြင်း၊ ကပ်ဆိုက်ရောက်လာခဲ့ကြသဖြင့် လူတချို့သည် ပူတာအို အနောက်ဘက်ဒေသသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ နောင်မွန်းမြို့နယ်တွင် ခါကာဘိုရာဇီတောင်ထွတ် ၁၉၂၉၆ ပေနှင့် ကန်လန်ရာဇီတောင်ထွတ် ၁၉၁၄၂ ပေ တို့ရှိကြသည်။
ခေါင်လန်ဖူးမြို့နယ် ဖြစ်စဉ်သမိုင်း - -------------------------------------
“ခေါင်လန်” ဆိုသည်မှာ ရ၀မ်ဘာသာစကားဖြစ်ပြီး ချိုင့်ဝှမ်းဟု အဓိပ္ပာယ်ရပါသည်။ တောင်ကုန်းတောင်စွယ်များကြားမှ ချိုင့်ဝှမ်းနေရာဟု ခေါ်ဆိုကြပါသည်။ ခေါင်လန်ဖူးမြို့နယ်သည် ယခင်က ခေါ်ဘူဒဲ (Hkaw Bu De) မြို့နယ်တွင် ပါဝင်ခဲ့သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောင်ရေးအဖွဲ့ လက်ထက်တွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် (၁၁.၄.၉၅) နေ့ ပူတာအိုခရိုင် ခရီးစဉ်တွင် ခေါ်ဘူဒဲမြို့အား ခေါင်လန်ဖူးဒေသတွင် ပြောင်းရွှေ့တည်ဆောက်ရန် မှာကြားခဲ့သည်။ ထို့ကြောင့် မြို့နယ်ရုံး ပြောင်းရွှေ့ရေးလုပ်ငန်းကို (၂၀-၁၂-၉၅) နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ (၃၁-၃-၉၆) နေ့တွင် မြို့နယ်ပြောင်းရွှေ့ခြင်း လုပ်ငန်းကို အပြီးသတ်ဆောင်ရွက် နိုင်ခဲ့သည်။
(ဒေါ်ခင်သိန်း၊ ပါမောက္ခ၊ မြန်မာစာဌာန၊ မြစ်ကြီးနားတက္ကသိုလ်)
ကျမ်းကိုးမှီငြမ်း စာအုပ်မှတ်တမ်းများ ၁။ ဦးလ၀မ်လီ - ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားသမိုင်း ၂။ မင်းယုဆွေ - ဥတ္တရလွင်ပြင် ကချင်မြေခရီးသွားလမ်းညွှန် ၃။ ဟင်္သာ - သွေးချင်းတို့ဌာနေ ကချင်မြေ ၄။ ကချင်အမျိုးသားတို့၏ သမိုင်းနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများ (ကချင်ပြည်နယ်ဦးစီးအဖွဲ့)
MOGAUNG EXPRESS မှပြန်လည်မျှဝေပေးပါသည်။
No comments:
Post a Comment