Thursday, January 8, 2015

ပြည်တွင်းသတင်း

ပြည်တွင်း၌ မောင်းသူမဲ့လေယာဉ် ၇ စီးကို ထုတ်လုပ်နိုင်ခဲ့သော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသနည်းပညာတက္ကသိုလ်က အဆိုပါ လေယာဉ်ငယ်များကို သဘာဝဘေးအန္တရာယ် ကျလာသော ဒေသများတွင် ကူညီကယ်ဆယ်ရေး ယာဉ်များအဖြစ်လည်းကောင်း၊ သုတေသနပြု လုပ်ငန်းများ အတွက်လည်ကောင်း အသုံးပြုနိုင်ရန်အတွက် ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ သိရသည်။

အလိုအလျောက် မောင်းသူမဲ့စနစ်ဖြင့် ထိန်းချုပ်ပျံသန်းနိုင်သည့် အဆိုပါ လေယာဉ်အသေးစားများ ထုတ်လုပ်မှုသည် အောင်မြင်မှုရရှိခဲ့သည့်အတွက် ယခုကဲ့သို့ ပြည်တွင်း ၌ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် အခြားသော ကဏ္ဍများ၏ သုတေသနလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဆက်လက် ထုတ်လုပ်သွားရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း အထက်ပါ နည်းပညာတက္ကသိုလ်မှ စုံစမ်းသိရသည်။

အဆိုပါ မောင်းသူမဲ့လေယာဉ်များကို တည်ဆောက်နိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာ ကုန်ကျစရိတ်ဖြစ်ပြီး ပြည်တွင်း၌ ထုတ်လုပ်ထားခြင်းဖြစ်သည့်အတွက် အနည်းဆုံး ကျပ်သိန်း ၁၅၀ ခန့်သာ ကုန်ကျနိုင်ရန် ထုတ်လုပ်ထားကြောင်း သိရသည်။

အဆိုပါ မောင်းသူမဲ့ လေယာဉ်များတွင် ပြည်ပနိုင်ငံများမှ မဖြစ်မနေ နည်းပညာဆိုင်ရာ စက်ပစ္စည်း ဝယ်ယူရမှုများ ရှိနေခြင်းကြောင့် ကျပ်သိန်း ၁၅၀ ခန့် ကုန်ကျ ရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများအပြင် သတ္တုရှာဖွေရေး လုပ်ငန်းများတွင်ပါ အသုံးချမည့် ပြည်တွင်း ထုတ် မောင်းသူမဲ့ လေယာဉ်များ ဆက်လက် ထုတ်လုပ်နိုင်ရန်အတွက် အာကာသနည်းပညာတက္ကသိုလ်မှ ပညာရှင်များကို ဝန်ကြီးဌာနက ထောက်ပံ့မှုများ ဆက်လက်ပေး သွားမည်ဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၄ ခုနှစ်အတွင်း နိုင်ငံတကာတွင် နည်းပညာမြင့် မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရောင်းချမှုများရှိခဲ့ပြီး ပြည်တွင်း၌လည်း အဆိုပါ ယာဉ်ငယ်များကို စိတ်ဝင်စားသူများက ရုပ်ရှင်ရိုက်ကူးရေးကဲ့သို့သော လုပ်ငန်းများတွင် အသုံးချမှုများ ရှိနေကြောင်း သိရသည်။


No comments:

Post a Comment