Wednesday, August 13, 2014

* ပူတာအို ခရီး ( အရှင်သုခမိန္ဒ ) *

၂၆၊ ၃၊ ၂၀၁၁ နေ့ဆွမ်းဘုဉ်းပေးပြီးတဲ့နောက် လားရှိုးကနေ မန္တလေးကို ခရီးဆက်လာခဲ့တာ ညနေ ၇း၀၀ နာရီလောက် မန္တလေးကို ကောင်းမွန်စွာရောက်ခဲ့တယ်။ ၃၅ လမ်း ရှမ်းသာရေးနာရေးအသင်း အနားမှာရှိတဲ့ ဦးစိုင်းအိုက်ဖုန်း ဒေါ်နန်းအီဆောင်တို့အိမ်မှာပဲ တစ်ည သီတင်းသုံးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ပူတာအိုကိုသွားဖို့ ဦးစိုင်းအိုက်ဖုန်းရဲ့ သမီး နန်းအေလူက ခရီးစရိတ်အတွက် sponsorလုပ်ထားလို့ပါ။
၂၇၊ ၃၊ ၂၀၁၁ နံနက် ၇း၀၀ နာရီကျော်ကျော် တံတားဦးလေဆိပ်ကို ရောက်လာပြီး အဲယားပုဂံနဲ့ မြစ်ကြီနားကို နံနက် ၈း၃၀ နာရီ စတင်ထွက်လာခဲ့တယ်။ ၉း၅၅ နာရီ မြစ်ကြီးနားလေဆိပ်ကို ဆင်းသက်ခဲ့ကာ မြစ်ကြီးနားမှ ခရီးသည်တွေကို တင်ပြီး ပူတာအိုကို ဆက်လက်ပျံသန်းလာတော့တယ်။ ချိန်းထားတဲ့အတိုင်း မြစ်ကြီနား လေဆိပ်ကနေ ဝါရှောင်ဆရာတော် အရှင်ဝိဇယ တက်လာတော့ စာရေးသူအနားမှာပဲ လာထိုင်လိုက်တယ်။ ပူတာအိုခရီးစဉ်ကို ဒီကိုယ်တော်က မိတ်ဆက်ပေးလို့ ဒီခရီးကို လာဖြစ်တာပါ။
ဒီခရီးကို စာရေးသူ မရောက်ဖူးသေးတာကြောင့် ဘေးပတ်ဝန်ကျင်ကို စိတ်ဝင်တစား လှမ်းကြည့်တဲ့အခါ အမြင့်ပေတစ်သောင်းကျော်ကနေ မြင်တွေ့ရတဲ့ မြန်မာပြည် မြောက်ဖျားရဲ့ ရှုခင်းဟာ တကယ်လှနေတယ်။ လူနေထူထပ်မှု မရှိတဲ့အတွက် တောတောင်တွေလည်း ရှမ်းပြည်ထက် စိမ်းစိုနေတာတွေ့ရတယ်။ မြောက် ဘက်ကို ရောက်လာလေလေ တောင်တွေက ပိုပြီး မြင့်လာ၊ ပိုပြီး ထုထည်ကြီးမာလာတာတွေ့ရတယ်။ တောင်ကြားမှာ စီးဆင်းနေတဲ့ မြွေလိမ်မြွေကောက်လို မေခ မလိခ စတဲ့မြစ်တွေလည်း သဘာဝအလှကို တစ်မျိုးတစ်ဖုံ ဖန်ဆင်းပေးသလိုပဲ။
ရာသီဥတုကလည်း သာယာတာကြောင့် တောတောင် သဘာဝအလှတွေကို ငေးကြည့်နေရင်း မကြာခင်မှာပဲ လေယာဉ်မယ်ရဲ့ သတိပေးသံကြောင့် ပူတာအို လေဆိပ်ကို ဆင်းသက်ဖို့ သိရတော့တယ်။ ငယ်တုံးက သင်ကြားထားဖူးတဲ့ ပူတာအိုလွင်ပြင်ဆိုတာ အခု တကယ် မြင်တွေ့ရပါပကော။ မြန်မာပြည်ရဲ့ အစွန်အဖျားမြို့ ဖြစ်တဲ့အပြင် အိန္ဒိယနဲ့ တရုတ်တွေနဲ့လည်း နယ်ချင်း ထိစပ်တဲ့ဒေသဖြစ်တယ်။ မြန်မာပြည်ရဲ့ ရေခဲတောင် ရှိရာ ဒေသလည်းဖြစ်တယ်။ လေယာဉ်ပေါ်ကနေ လှမ်းကြည့်လိုက်တော့ ဟိုးအဝေးက ဖြူဖွေးနေတဲ့ ရေခဲတောင် ထိပ်ကို လှမ်းမြင်ရတယ်။ တောင်တန်းပြာကိုသာ မြင်လာခဲ့တဲ့ စာရေးသူရဲ့ မျက်စိကတော့ ဖြူဖွေးနေတဲ့ ရေခဲတောင်ကို မြင်ရတော့ အမြင်ဆန်းနေတဲ့အပြင် စိတ်ထဲမှာလဲ အေးသလိုလို ခံစားမိတယ်။ မြစ်ကြီးနားနဲ့ ပူတာအိုကို လေယာဉ်က ၄၅ မိနစ်လောက်နဲ့ ရောက်လာခဲ့တယ်။ ကားလမ်းခရီးကတော့ ၂၁၈ မိုင်လောက်ရှိပြီး ကားနဲ့သွားရင် အနဲဆုံး ၃ ရက် ဒါမှမဟုတ် တစ်ပတ်လောက်သွားရမယ်တဲ့။
လေယာဉ်ဆင်းဘီးလှိမ့်တဲ့အချိန် ပူတာအိုလေယာဉ်ကွင်းက တခြားလေယာဉ်ကွင်းတွေထက် ဘီးပိုပြီး တုန်ခါသလားလို့ ခံစားမိတယ်။ လေယာဉ်ရပ်သွားတာနဲ့ ခရီးသည်တွေက သူတို့အထုပ်အပိုးတွေ သယ်ပြီး ဆင်းသွားကြတယ်။ စာရေးသူနဲ့ ဝါရှောင်ဆရာတော်ကတော့ လူရှင်းမှပဲ ဆင်းလာတော့တယ်။ လေယာဉ် ကွင်းမှာ ခန္တီးရှမ်းဝတ်စုံနဲ့ အမျိုးသားငယ်နှစ်ယောက် ရွှေထီးနဲ့ စာရေးသူကို လာကြိုဆိုတာတွေ့ ရတယ်။ လေယာဉ်ကွင်း အထွက်မှာတော့ ဒေသခံ ဆရာတော် () ပါးနဲ့အတူ ခန္တီးရှမ်းရိုးရာဝတ်စုံဝတ်ပြီး ဒကာ ဒကာမတွေ လာကြိုတာတွေ့ရတော့ ရင်ထဲမှာ ဆွေးဟောင်းမျိုးဟောင်းများကို ပြန်တွေ့ရသလို ဖေါ်မပြ နိုင်အောင် ဝမ်းသာစွာ ခံစားမိတယ်။ မန္တလေးကနေလာတဲ့ စာရေးသူတို့အဖွဲ့ကတော့ () စာရေးသူ () အစ်မဒေါ်နန်းကြည်သိန်း () နန်းအေလူ ()စိုင်းမောင်စိန်တို့ဖြစ်တယ်။ ဝါရှောင်ဆရာတော်ကတော့ မြစ်ကြီးနားကနေ တက်လာတာပါ။ မြစ်ကြီးနား ဝိုင်းမော်မှ ရှမ်းလူငယ်ပရဟိတအသင်းကလည်း လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက ပူတာအိုကို ကြိုပြီးရောက်နေကာ ဗုဒ္ဓအနုပညာပြခန်းကို ပြသဖို့ လာရောက်စီစဉ် နေခဲ့ တယ်။ ကလေးများအတွက် ယဉ်ကျေးလိမ္မာသင်တန်း ကိုလည်း ရွာစဉ်အလိုက် လာရောက်ပို့ချပေးတာပါ။ စာရေးသူတို့အဖွဲ့ကို ပူတာအိုမြို့၊ ဟိုခိုရပ်ကွက်၊ ဟိုခိုကျောင်းကို ကား ၂ စီးနဲ့ ပင့်ဆောင်လာခဲ့တယ်။ ပူတာအိုမြို့ကလေးကတော့ တခြားမြို့တွေနဲ့ တကယ်အလှမ်းဝေးတဲ့မြို့ကလေးတစ်မြို့ပါ။
ပူတာအိုမြို့
ပူတာအိုမြို့ဟာ မြန်မာပြည်ရဲ့ မြောက်ပိုင်းမြို့တော် ဖြစ်တဲ့အပြင် ခရိုင်မြို့လည်းဖြစ်တယ်။ ပင်လယ်ရေမျက်နှာ ပြင်အထက်(၁၄၂၉)ပေတွင် တည်ရှိပြီး တောင်ပေါ်မြေပြန့်လွင်ပြင်ဒေသဖြစ်တယ်။ အရှေ့ဘက်တွင် တရုတ် နိုင်ငံ ယူနန်ပြည်နယ်၊ မြောက်ဘက်တွင် တိဗက်ပြည်နယ်နှင့် အနောက်ဘက်တွင် နာဂတောင်တန်းကြီး၊ အိန္ဒိယပြည်၊ အာရုဏာစလပြည်နယ်နှင့် အာသံပြည်နယ်တို့နှင့် နယ်နိမိတ်ခြင်း ထိစပ် လျက်ရှိတယ်။ ပူတာအို ခရိုင်မှာ မချမ်းဘောမြို့နယ်၊ နောင်မွန်မြို့နယ်၊ ပန်နန်းဒင်မြို့နယ်၊ ခေါင်လံဖူးမြို့နယ်နဲ့ ဆွမ်ပရာဘွန်မြို့နယ် မြို့နယ်ငါးနယ် ပါဝင်တယ်။ လူဦးရေ (၁၄၅၇၆၉) ယောက်အနက် ခရစ်ယာန်ဦးရေ (၁၂၁၇၁၂)ဦး၊ ဗုဒ္ဓဘာသာ(၄၈၁၂)ဦး၊ အခြားဘာသာဝင် (၄၈၁၂)ဦးရှိသည်။ တိုင်းရင်းသားများအနေနဲ့ ရဝမ်၊ လီဆူး၊ ကချင်၊ ဗမာနဲ့ ခန္တီးရှမ်းလူမျိုးများ နေထိုင်ကြသည်။ ဒေသခံများမှာ တောင်ယာနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများသာ လုပ် ကိုင်ကြသည်။ ပူတာအိုရဲ့ အဓိက ထွက်ကုန်ကတော့ စပါး၊ ကြိမ်၊ ဂရိတ်ဖရု၊ ရှီးပတီး၊ မချစ်ဥ နှင့် ပျားရည်တို့ဖြစ် သည်။ သယ်ယူပို့ဆောင်ရေးအနေနဲ့ လေကြောင်းခရီးကိုသာ ရာသီမရွေး အဓိကအား ပြုသွားလာနိုင်ပြီး ပွင့်လင်းရာသီရောက်မှသာ မော်တော်ကားဖြင့် သွားလာနိုင်သည်။
ဗုဒ္ဓဘာသာ စေတီပုထိုးပေါင်း (၃၆) ဆူ၊ ဘုန်းကြီးကျောင်း (၂၉) ကျောင်းနှင့် သာသနာပြုရဟန်းတော် (၄၀)ပါး၊ သီလရှင်ကျောင်း ()ကျောင်းနှင့် သီလရှင် ()ပါးတို့ သီတင်းသုံးနေထိုင်တော်မူပြီး ခရစ်ယာန်ဘုရားရှိခိုး ကျောင်း (၅၃၆)ကျောင်းအထိ ရှိသည်။ ဗုဒ္ဓဘာသာဝင်မှာ (၁၃%) သာရှိသည်။ ထင်ရှားတဲ့ နေရာများကတော့ ကောင်းမူးလုံစေတီတော်ကြီး၊ ပန်းလှိုင်ဘုရားကြီး၊ မူလာရှီဒီးကြိုးတံတား၊ မချမ်းဘောကြိုးတံတား၊ ဂူဘားရိပ် သာ၊ ကျောက်နဂါး၊ အင်လွယ်ယာန် နတ်ကျွန်းတို့ဖြစ်ပြီး ဖုန်ကန်ရာဇီရေခဲတောင် နှင့် မြန်မာပြည်၏ အမြင့်ဆုံး ခါကာဘိုရာဇီတောင်ကြီး (လွယ်တေးမိန်း)တို့မှာ အထူးထင်ရှားသည်။
ဟိုခိုကိုရောက်တော့ လူကြီးလူငယ်တွေ ရိုးရာခန္တီးဝတ်စုံ ဝတ်ဆင်ပြီး လမ်းဘေးဝဲယာကနေ စာရေးသူတို့ကို ကြိုဆိုနေကြတယ်။ ထူးခြားတာကတော့ ခန္တီးရှမ်းတို့ရဲ့ ရိုးရာအိုးစည်တီးပြီး စာရေးသူတို့ကို ကြိုဆိုနေကြ ခြင်း ပါ။ ဗျောစည်တီးတဲ့ အမျိုးသားလူငယ်လေးယောက်က ဟန်ချက်ညီညီ စည်တီးပြီး သိုင်းကွက်နင်းကသလို ကြိုဆိုတဲ့အကဟာ မာန်ပါပြီး ကြည့်ကောင်းတဲ့ အမူအရာတစ်ခုအဖြစ် အသိအမှတ်ပြုရပါမယ်။ အကြီးအကဲ တို့ကို ကြိုဆိုတဲ့အခါမှာဖြစ်ဖြစ် စစ်အောင်လို့ ပြန်လာတဲ့ စစ်သူကြီး၊ စော်ဘွားကြီး၊ ရှင်ဘုရင်တို့ကိုတော့ ဗန္ဓုလဦးထုပ်ဆောင်းပြီး စည်တီးကာ ကြိုဆိုကြတယ်လို့ ဆိုတယ်။ လမ်းဘေးဝဲယာမှာလဲ သာသနာ့အလံ လွှင့်ထူထားပြီး ခန္တီးပျိုဖြူများ၊ အမျိုးသမီးများက ရိုးရာပန်းတောင်းကို ကိုယ်စီကိုင်ပြီး ကြိုဆိုကြတယ်။ မြို့ရွာ အကြီးအကဲခြောက်ယောက်ကတော့ ရိုးရာပန်းတောင်းကို ကိုင်ပြီး စာရေးသူကို တစ်ခုစီ ကပ်လှူတယ်။ ပြီးတော့ အစီအစဉ်ရှိတဲ့အတိုင်း အိုးစည်ဗုံမောင်းတီးကာ ကျောင်းအထိ ပင့်ဆောင်ကြတယ်။ လူတိုင်းရဲ့ မျက်နှာမှာ ပီတိအပြုံးကိုယ်စီ ရှိနေကြသည်။
ကျောင်းပေါ်ရောက်တော့ အားလုံးက ဆရာတော်သံဃာတော်များကို ကန်တော့ကြ၊ သီလခံယူကြပြီး နေ့ဆွမ်း ဆက်ကပ်ကြတယ်။ ခန္တီးရှမ်းရဲ့ သြကာသကန်တော့ချိုးကလည်း သာယာနာပျော်ဘွယ်ရှိလှပါတယ်။ စာရေးသူတို့ ပြောတဲ့လေသံနဲ့ သူတို့ပြောတဲ့လေသံ အနည်းငယ်ကွဲလွဲနေကြတယ်။ အသုံးအနှုန်းတွေလည်း အနည်းငယ်စီ ကွာပါတယ်။ ဒါပေမယ့် အခြေခံစကားတွေကတော့ ရှမ်းမျိုးနွယ်တိုင်း တူညီကြပါတယ်။
မွန်းလွှဲ ၁ နာရီကျော်လောက် ခန္တီးသာသနာ့နုဂ္ဂဟအသင်းနဲ့ တာဝန်ရှိတဲ့သူတွေက စာရေးသူတို့အဖွဲ့ကို ကား ၂ စီးနဲ့ နမ့်ပလပ်ချောင်းအနီးရှိ ဆုတောင်းပြည့်စေတီကို လိုက်ပို့တယ်။ ရှမ်းလိုကြတော့ “ကောင်းမူးဟွေယိန်” လို့ ခေါ်တယ်။ ဒီစေတီ ကတော့ ရှေးကတည်းက စဝ်လုမ်းနွဲ့လက်ထက်မှာ တည်ထားဟန်ရှိတယ်။ မောရှမ်းဘုရင် သိုခန်ဘွားရဲ့ ညီတော် စစ်သူကြီး စဝ်ဆမ်လုံလည်း ဒီစေတီကို လာရောက်ဖူးမျှော်ပြီး စေတီတော်ကို ပြုပြင် ထိန်းသိမ်းဖို့ ညွှန်ကြားခဲ့တယ်။ စဝ်ဆမ်လုံ အာသံကို စစ်ချီဖို့အတွက် ဒီစေတီမှာ အဓိဋ္ဌာန် ပြုဆုတောင်းပြီး စစ်သွားတိုက်တာ အောင်မြင်ခဲ့တယ်။ ခေတ်အဆက်ဆက်ကြောင့် ဒီစေတီတော်လည်း အဖန်ဖန် အထပ်ထပ် မွမ်းမံထားခဲ့တယ်။ ယခု ဒီစေတီက ချောင်းဘေးနားမှာ ရှိနေတော့ မကြာခင် ရေတိုက်စားတော့မယ့် အန္တရာယ်ရှိ နေတယ်။ ဒေသခံတွေက ကမ်းပါးကို ကာကွယ်ဖို့ စာရေးသူကို လျှောက်တော့ စာရေးသူတို့အဖွဲ့လည်း ဒီစေတီ တော် အတွက် ကုန်ကျသလောက် ကူညီပံ့ပိုးဖို့ရှိတယ်။ (သိန်း ၄၀ အထက်တော့ ကုန်ကျမယ်ထင်တာပဲ)
 
မန်စေသို့
ဆုတောင်းပြည့်စေတီကို ဖူးပြီးနောက် စာရေးသူတို့အဖွဲ့ကို မန်စေသို့ ထပ်မံပို့ပေးတယ်။ လမ်းဘေးမှာတော့ လီဆူရွာတွေ တွေ့ရတယ်။ ကလေးငယ်များ ကားလာတာတွေ့ရတော့ လက်ကလေးတွေပြကာ ပျော်ရွှင်စွာ နှုတ်ဆက်တတ်ကြတယ်။ မန်စေရွာကတော့ ရှေးဟောင်းရွာတစ်ရွာပါပဲ။ သစ်သားနဲ့ ထွင်းထုထားတဲ့ ဆင်းတု တော်တစ်ဆူကတော့ ဒီဒေသက ခန္တီးရှမ်းတွေရဲ့ ရှေးဟောင်းလက်ရာလို့ ဆိုရပါမယ်။ ကောဇာ ၁၂၇၁ ခုက ထွင်းထုထားတာတွေ့ရတယ်။ မန်စေရွာကတော့ မိုင်းမောဝ်(ဂျယ်ဂေါင်)ကနေ ဒီဘက်ကို မြို့ရွာလာတည် တယ်လို့ဆိုတယ်။
 
ဒီမန်စေကနေ အရှေ့ မြောက် ဘက်ကို လှမ်းကြည့်ရင် လွယ်ပတူ ဆိုတဲ့ အရွယ်တူ တောင်မောက် မောက် လုံးလုံးလေး နှစ်ခုတွေ့ရ တယ်။ ဒီဒေသကို မွန်ဂိုတွေ လာ ရောက်နှောက်ယှက်လို့ ဒေသခံ တွေက စဝ်ဟော်ဆိုင် ဆေခံဘွားထံ အကူအညီ တောင်းတော့ စဝ်ဆမ်လုံ က ဦးစီးပြီး မွန်ဂိုတွေကို မောင်းထုတ် ခဲ့တယ်။ အာသံကို ဆက်လက် စစ်ချီစဉ် မွန်ဂို တွေ ထပ်မံဝင်လာလို့ စဝ်ဆမ်လုံတို့ စစ်တပ် ဒီဒေသကို တစ်ကြော့ပြန် လှည့်လာပြီး မွန်ဂိုတွေ ကို ထပ်မံ တိုက်ထုတ်ခဲ့တယ်။ မွန်ဂိုတွေ ထွက်ပြေးတဲ့ နောက်ကို လိုက်သွားပြီး နယ်စပ်ရောက်တော့ မွန်ဂိုတွေ ထွက်ပြေးသွားတဲ့ လျှိုလမ်း မကြီးကို စဝ်ဆမ်လုံက “ ငါတို့တိုင်း သူပြည်သားတွေ မွန်ဂိုတွေ ထပ်မံ အန္တရာယ်လာမပြုနိုင်အောင် လျှိုနှစ်ဖက် နံရံများ တံခါးအသွင် ပိတ်စေသား “ လို့ အဓိဋ္ဌာန်ပြုလိုက်တော့ နံရံနှစ်ခုဟာ အဓိဋ္ဌာန်တော်ကြောင့် ပိတ်သွားခဲ့လို့ မွန်ဂိုတွေလည်း ဒီဒေသကို ထပ်မံ မနှောက်ယှက်နိုင်တော့ဘူး။ (စဝ်ဆမ်လုံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဒီခမ်းတီးလုံ ဒေသမှာ များစွာ ကျန်ရစ်ခဲ့တယ်။ အလျဉ်းသင့်မှပဲ ဒီအကြောင်းအရာတွေကို စုဆောင်းပြီး တင်ပြပါမယ်။)
၂၈၊ ၃၊ ၂၀၁၁ ကောင်းမူးလုံသို့
ဒီနေ့ မနက် ရှစ်နာရီကျော်ကျော် ဟိုခိုကနေ ကောင်းမူးလုံကို ကား ၂ စီးနဲ့ ထွက်လာခဲ့တယ်။ ကောင်းမူးလုံ စေတီတော်က လုတ်ခွန်နယ်မှာရှိ ပြီး မလိခမြစ်ကမ်းနံဘေးမှာ တည်ရှိတယ်။ မလိခမြစ်လည်း ကြည်လင်လို့။ ကောင်းမူးလုံကြိုးတံတားကြီးလည်း ၂၀၀၇ ခုနှစ်ကမှ အပြီးတည်ဆောက်ထားတော့ ဒီနေရာရဲ့ ရှုခင်းက တကယ်ကိုလှတဲ့နေရာပါ။ ကြည်လင်အေးမြတဲ့ မလိခမြစ်ကမ်းနံဘေးမှာရှိတဲ့ ရွှေရောင်တဝင်းဝင်းနဲ့ ကောင်းမူး လုံစေတီရဲ့ နောက်ခံတောင်တွေက တောင်တန်းပြာတွေ အထပ်ထပ်ရှိတဲ့အပြင် ဟိုးအဝေးမှာ ရေခဲတောင်တွေ က ထပ်ပြီး ရံထားတော့ တကယ်ရှုမဝမြင်ကွင်းပါ။
 
စေတီတော်အနားမှာ တောင်တန်းသာသနာပြုကျောင်း တစ်ကျောင်းရှိပြီး အဲဒီကျောင်းမှာ နေ့ဆွမ်းဘုဉ်းပေးခဲ့ တယ်။ ခန္တီးအထူးဟင်း ကတော့ ကြိမ်ဖူးဟင်းရည်နဲ့ ကြိမ်ဖူးသုတ်လို့ဆိုရမယ်။ အရသာကတော့ ခါးသက်သက်နဲ့ ဆိမ့်တယ်။ နှေ့ဆွမ်း ဘုဉ်းပေးပြီးနောက် စာရေးသူတို့အဖွဲ့အား စက်လှေနဲ့ မလိခမြစ်ကို စုန်ဆင်းပြီး လွယ်စေ နမ်တောင်ကို ပို့ပေးတယ်။ ဒီနေရာကတော့ ခန္တီးရှမ်းတွေရဲ့ ယုံကြည်မှုအရ လွန်ခဲ့တဲ့ ဘီစီ ၅၆၂ က တိဘက် ပြည်မှ ရသေ့တစ်ပါး ခန္တီးလုံဒေသကို ရောက်လာပြီး လွယ်စေနမ်မှာ ဂူအောင်း တရားကျင့်နေတယ်။ ကိန္နရီမ (တစ်ချို့ပညာရှင်များကတော့ ကိန္နရီမကဲ့သို့ ချောမောတဲ့ အမျိုးသမီးလို့ ဆိုတယ်) နဲ့အကြောင်းပါလို့ သားတစ် ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့သည်။ ခန္တီးလုံဒေသနေ လူများသည် ထိုမောင်နှမနှစ် ယောက်ရဲ့ အဆက်အနွယ်များဖြစ်တယ်လို့ ဆိုတယ်။ အဲဒီတောင်ကလည်း မလိခမြစ်ကမ်းဘေးမှာ တည်ရှိပြီး ရသေ့နေတဲ့ ဂူနဲ့ ဘုရားတွေရှိတယ်။ ရေခဲတောင်ကိုလည်း လှမ်းပြီးတော့ မြင်ရတယ်။
စာရေးသူတို့အဖွဲ့ ကောင်းမူးလုံ (ကောင်းမူး=စေတီ၊ လုံ-ကြီး၊ စေတီတော်ကြီးလို့ အဓိပ္ပါယ်ရတယ်။ ကြိုးတံတားမှာရေးထားတာကတော့ “ကောင်းမှုလုံ” လို့ရေးထားတယ်) ကို ပြန်ရောက်လာချိန် မူဆယ်အဖွဲ့ ()ယောက်လည်း ကောင်းမူးလုံကို ရောက်လာကြပြီ။ ကောင်းမူးလုံကြိုးတံတားကို ဖြတ်ပြီး သီတင်းသုံးတဲ့ ဟိုခိုကို ပြန်လာကြတော့တယ်။
၂၉၊ ၃၊ ၂၀၁၁ ခန္တီးသာသနာ့နုဂ္ဂဟအသင်း အစီအစဉ်အရ နောင်ခိုင်ရွာကို အရင်ဆုံး ခရီးစခဲ့တယ်။ ရွာကို ရောက်တော့ ရွာသားတွေက ရိုးရာပန်းတောင်းတွေနဲ့ စာရေးသူကို ကြိုဆိုကြတယ်။ အိုးစည်ဗုံမောင်း သံက လည်း ဟန်ချက်ကျကျ တီးခတ်ပြီး ဒကာဒကာမများက လမ်းဘေးဝဲယာကနေ လက်အုပ်ချီပြီး ကြိုဆိုပူဇော် နေကြတယ်။ ကျောင်းပေါ်ရောက်တာနဲ့ ကန်တော့ကြပြီး သြဝါဒခံယူကြတယ်။ စာရေးသူလည်း ဘုရားရှင် တိုင်းရဲ့ အကောင်းဆုံး သြဝါဒဖြစ်တဲ့ “မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထား” ကို ရှမ်းလိုဟောပေးလိုက်တယ်။

မချမ်းဘော့သို့
နေ့ဆွမ်းဘုဉ်းပေးရန် စောနေလို့ စာရေးသူတို့အဖွဲ့ မလိခမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ မချမ်းဘော့မြို့ကို ခရီးဆက် တယ်။ မချမ်းဘော့မြို့နယ်နဲ့ ပူတာအိုမြို့နယ်ဟာ မလိခမြစ်နဲ့ ခြားထားတယ်။ မြစ်အရှေ့ကို ပူတာအို၊ မြစ်အ နောက်ကို မချမ်းဘော့တဲ့။ ဒီမချမ်းဘောမြစ်ကူးတံတားကလည်း နာမည်ကျော် မြစ်ကူးကြိုးတံတားတစ်ခုပါ။ ကြည်လင်တဲ့ရေနဲ့အတူ ကမ်းနှစ်ဘက်ကို သွယ်ထားတာကြောင့် တံတားပေါ် ဖြတ်လျှောက်တဲ့အချိန် တံတား က ယိုင်တီးယိုင်တိုင်နဲ့ တစ်မျိုးခံစားရတယ်။ တံတားအကျယ်ကတော့ ဂျစ်ကား တစ်စီးစာသာ ကောင်းကောင်း မောင်းနိုင်တယ်။ မချမ်းဘောမြို့ကတော့ ပျဉ်ထောင်အိမ်တွေများတယ်။ ထင်ရှားတဲ့နေရာကတော့ ကျောက်နဂါးနဲ့ ဂူဘားရိပ်သာပါ။
ကျောက်နဂါးကတော့ နဂါးကြီး တစ် ကောင်ကနေ ဖြစ်သွားတယ်တဲ့။ နဂါးက လူတွေကို စားတဲ့အတွက် သိကြားမင်းက မိုးကြိုးနဲ့ပစ်လိုက်လို့ ကျောက်ခဲအဖြစ် ကျန်ရစ်ခဲ့တယ်လို့ ဆိုတယ်။ ကျောက် နဂါးကီးကတော့ ပေ ၃၀ နီးပါးလောက်ရှိ မယ်ထင်တယ်။ ကျန်တဲ့အပိုင်းတွေက တော့ မြေကြီးထဲမှာပါ။
ဂူဘားရိပ်သာကတော့ မဆလ ဥက္ကဋ္ဌကြီး ဦးနေဝင်းနဲ့ ဗိုလ်ချုပ်အောင်ကြီးနဲ့ ပတ် သက်တယ်။ အကြောင်း တစ်ခုခုကြောင့် ဗိုလ်ချုပ်အောင်ကြီး ဒီဒေသကို အပို့ခံရတုံးက ဒီရိပ်သာကို ဆောက်ဖြစ်သွားတာလို့ သိရတယ်။ မလိခမြစ်ကမ်းနံဘေးရဲ့ တောင်ကုန်းပေါ်မှာ တည်ရှိပြီး အေးချမ်း တဲ့နေရာလေးပါ။ ထင်းရူးပင်တွေက ရိပ်သာရဲ့ အလှကို ဖြည့်ဆည်းပေးတဲ့အပြင် မလိခမြစ် စီးဆင်းသံကလည်း ဂီတသံအဖြစ် ဖြည့်ဆည်းပေးသလို ဖြစ်နေ တယ်။
မချမ်းဘော့ အထင်ကရ နေရာကို လည်ပြီးတာနဲ့ နောင်ခိုင်ကျောင်းမှာ နေ့ ဆွမ်းပြန်လာဘုဉ်းတယ်။ ဆွမ်းဘုဉ်းပြီး စက်လှေ () စီးနဲ့ မလိခမြစ်ကို စုန်ဆင်း ကာ မုန်းဟွေကို သွားလည်ကြတယ်။ မလိခမြစ်ရေက တချို့နေရာမှာ ရေစီး သန်တယ်။ ကမ်းနံဘေးမှာရှိတဲ့ သဘာဝ ကျောက် ဆောင်တွေက တကယ်လှ တယ်။ ရေလယ်မှာလဲ ရေတိုက်စားတဲ့ ကျောက်ဆောင်တွေ မကြာမကြာတွေ့ရတယ်။ အထင်ရှားဆုံးကျွန်း တစ်ကျွန်း ကတော့ နတ်ဈေးကျွန်းပါ။ ပြည်တွင်းပြည်ပ ဧည့်သည်တိုင်း အဲဒီနေရာကို ရောက်အောင် သွားကြသလို စာရေးသူတို့အဖွဲ့လည်း အဲဒီနေရာကို ခဏဆင်းကြည့်ကြတယ်။ လူတွေ ဖန်တီးတဲ့ အလှဟာ ဘယ်လိုပဲလှလှ သဘာဝအလှကသာ သဘာဝကျကြောင်း ဒီနတ်ဈေးကိုရောက်မှ ပိုထင်ရှားတယ်။

ဒီမလိခမြစ်ကြောင်းတစ်လျှောက်မှာလည်း ရှမ်းစစ်သူကြီး စဝ်ဆမ်လုံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ များစွားရှိခဲ့တယ်။ မုန်းဟွေဆိုရင် စဝ်ဆမ်လုံ မကြာခဏ လာလည်တဲ့မြို့လို့ဆိုတယ်။ နောင်ခိုင်နဲ့ မုန်းဟွေက ရေကြောင်းခရီး ၂ မိုင်နီးပါးရှိမယ်။ မုန်းဟွေဟာ ရှေးရှမ်းမြို့ဟောင်း တစ်မြို့ဖြစ်ပြီး လွန်စွာစည်ကားခဲ့ပေမယ့် ယခုတော့ အိမ်ခြေ ဆယ်အိမ်ကျော်လောက်သာရှိတော့တယ်။ ဗုဒ္ဓဘာသာ အိမ်တစ်အိမ်နဲ့၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဘုန်းကြီးတစ်ပါးသာရှိတယ်။ ကျောင်းထိုင်ဆရာတော်ဦးနန္ဒာစရိယက ရဝမ်လူမျိုးဖြစ်ပြီး ရဟန်း ဝတ်တာ ၁၅ ၀ါ ရနေပါပြီ။ အဲဒီနေ့ တစ်နေကုန် မိုးတဖွဲဖွဲရွာနေတဲ့နေ့ပါ။ အသွားအပြန်ခရီးမှာ မိုးမိလို့ စာရေးသူ တောင် အအေးမိပြီး ချောင်းဆိုးတော့တာပဲ။
၃၀၊ ၃၊ ၂၀၁၁
ဟိုခိုကျောင်းမှာ ဟိုခိုဆရာတော် အရှင်အာဒိစ္စရံသီက ဝိပဿနာတရားစခန်း စဖွင့်တဲ့နေ့ဖြစ်တယ်။ ယောဂီက တော့ ၇၀ ကျော်ရှိမယ်။ ရန်ကုန်က ရွှေရင်အေးမဟာစည် သာသနာ့ရိပ်သာ ဆရာတော် ဦးပညာနန္ဒ (ဗဟုဇန ဟိတဓရ) က တရားလာပြပေးတာပါ။
ဒီနေ့ရဲ့ ထူးခြားမှုတစ်ခုကတော့ စာရေးသူတို့အဖွဲ့ ပူတာအိုအကျဉ်းဦးစီးဌာနကိုသွားပြီး အကျဉ်းသားများကို မုန့်၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ကော်ဖီ၊ မျက်နှာသုတ်ပုဝါတွေ သွားလှူပေးရခြင်းပါ။ စာရေးသူလည်း အကျဉ်း သား အချို့ကို ထောင်ထဲမှာ တရားသွားဟောပေးရတယ်။ ပူတာအိုအကျဉ်းထောင်က အကျဉ်းသား ၂၀၀ ကျော် လောက်ပဲရှိမယ်။ အကျဉ်းသားတွေ စုပေါင်းပြီး စာရေးသူအပါအဝင် ရဟန်းတော် ၅ ပါးကို နေ့ဆွမ်းဆက်ကပ်ခဲ့ တယ်။ အမှုဆောင်ကတော့ ထောင်ပိုင်ဦးစင်းအောင်ပါ။ သူလည်း မကြာခင် ထားဝယ်ကိုပြောင်းရတော့မယ်လို့ သိရတယ်။ စာရေးသူကို ဖူးတွေ့ တရားနာရပြီးတဲ့နောက် အကျဉ်းသားအချို့ ဝမ်းနည်းဝမ်းသာဖြစ်ပြီး မျက်ရည် လည်နေကြတယ်။ စာရေးသူအတွက် အကျဉ်းထောင်ထဲကို စတုတ္ထအကြိမ် ဝင်ရောက်တရားဟောရခြင်းပါ။
မူလာရှီးဒီတံတား
မွန်းလွှဲ ၃ နာရီကျော်လောက်မှ ဟိုခို ကျောင်းကနေ နာမည်ကြီး မူလာရှီးဒီကြိုး တံတားကို စာရေးသူတို့ သွားကြရတယ်။ ဒီတံတားလည်း မချမ်းဘောတံတား လိုပါပဲ။ ကားငယ်တစ်စီးစာသာ ဖြတ်မောင်းနိုင်တဲ့ နမ့်လန်းမြစ်ကူး ကြိုးတံတားပါ။ မကြာခင် ကုန်ကား ကြီးပါ ဖြတ်ကူးနိုင်မည့် တံတားတစ်ခု ဆောက်ဖို့ စီမံထား နေတာတွေ့ရတယ်။ တံတားနာမည်ရဲ့ အဓိပ္ပါယ်ကို မေးကြည့်တော့ ဒေသခံတွေက ဒီလို အဖြေပေးလာတယ်။ ဒီနေရာကို ရှမ်းအခေါ် “မိန်း လန်း” တဲ့။ အဲဒီ မိန်းလား ကို ဒီဘက်လူတွေက “မူလာ” လို့အသံ ထွက်ကြတယ်တဲ့။ “ရှီးဒီ” က လီဆူးလို ရွာလို့ခေါ်တယ်။ ဒါကြောင့် မူလာရှီးဒီ ဆိုတာ မိန်းလန်းရွာ တံတား တဲ့။

လန်းနေရွာသို့
တံတားကို ဖြတ်ပြီးနောက် ၃ မိုင်လောက် ဝေးတဲ့ လန်းနေရွာကို ရောက်လာတယ်။ ဒီမှာကတော့ စဝ်ချိုခမ်းစေတီ (ခေါ်) ဘုရား အလောင်း ကျေးမင်းစေတီကို လာဖူးတာပါ။ လန်းနေရွာကတော့ ရှမ်းအိမ် ၁၀ အိမ်ကျော် လောက်ပဲရှိမယ်။ ကျန်တာကတော့ ရဝမ်အိမ်ေ တွပါ။ တော်လှန်ရေး ကောင်စီခေတ်အစ တုံးကတော့ ရှမ်းအိမ် ၆၀ ကျော်လောက် ရှိခဲ့လည်း ခေတ်မကောင်းတာကြောင့် ရွာပျက် မီးလောင်ခဲ့ပြီး လုံခြုံမှုရှိတဲ့ တခြားရွာတွေကို ပြောင်း သွားကြတယ်လို့ဆိုတယ်။ လည်ပြီးတာနဲ့ ဟိုခိုကျောင်းကို ပြန်ရောက်လာကာ ညနေ ၆ နာရီကျော် တရား စခန်းဝင်ယောဂီများကို ရှမ်း+မြန်မာ နှစ်ဘာသာနဲ့ တရားတစ်ပွဲဟောပေးလိုက်ရတယ်။
၃၁ ၊ ၃၊ ၂၀၁၁ ပန်းလှိုင်ကျောင်းသို့ ထူးဆန်းသော နေ့ဆွမ်း
နံနက် ၈ နာရီကျော်ကျော်လောက် ဟိုခိုကနေ ပန်းလှိုင်ရပ်ကို ထွက်လာတယ်။ ဟိုခိုကျောင်းနဲ့ ရပ်ကွက်ချင်း ကပ်နေတာပါ။ ကျောင်းရောက်တော့ ပန်းလှိုင်ဒကာဒကာမတွေ လူကြီးလူငယ်များက ခန္တီးရိုးရာနဲ့ ကြိုဆိုကြတယ်။ အိုးစည်ဗုံမောင်း၊ စစ်အောင်ပွဲကြို စစ်စည်တွေတီးပြီး အကနဲ့ ကြိုဆိုကြတယ်။ ကျောင်းပေါ်ရောက်တော့ ကန်တော့သီလယူကြပြီး စာရေးသူက ရှမ်းဘာသာနဲ့ တရားတစ်ပွဲဟောပေး လိုက်ပါတယ်။ ပြီးတော့ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းတယ်။
ပန်းလှိုင်ရွာ ဆွမ်းကပ်တာက ရှေး ဟောင်းရိုးရာနဲ့ ဆွမ်းကပ်ခြင်းပါ။ သံဃာတစ်ပါးကို ဆွမ်းပွဲတစ်ပွဲစီ ကပ်ပါတယ်။ ဆွမ်းကပ်စားပွဲ က တော့ နှီးဝါးတွေနဲ့ ယက်ထားတဲ့ အခြေပါတဲ့ ဇကောဝိုင်းလိုပါ။ ဒါဟာ ရှေးဟောင်းရှမ်းတွေရဲ့ အစဉ် အလာတစ်ခုဖြစ်တယ်။ ဆွမ်းဟင်း တွေလည်း ကြိမ်ဖူး၊ မြင်းခွာရွက် သုပ်၊ ငါးသလဲတိုးကြော်၊

ကြက်သား ဝက်သားနှပ် စတာတွေပါ။ လည်ပင်းရှည် မြေထည်ရေအိုးကို ငွေခွက်အစစ်နဲ့ ရေကို ကပ်လှူတယ်။ ဒါဟာလည်း ခန္တီးရှမ်းတွေရဲ့ ရိုးရာတစ်ခုဖြစ်တယ်။
မုဒုံရွာ ရှင်ပြုပွဲသို့
ဆွမ်းဘုဉ်းပေးပြီးတော့ ဟိုခိုကျောင်းကို ခဏပြန်လာပြီး ပစ္စည်းတွေ သိမ်းကာ မုဒုံရွာ ရှင်ပြုပွဲကို ခရီး ဆက်ပြန် တယ်။ ရွာသူရွာသားတွေ အလှူရှင်တွေလည်း အားတက် သရောစောင့်ကြိုနေတာကို တွေ့ရတယ်။ အလှူ ဒါယကာကတော့ စိုင်းမျိုးမြင့် အလှူဒါယိကာမ စွဲ့နောင်ငင်း မိသားစုဖြစ်တယ်။
ညနေအချိန် ရှင်လောင်း စတင်ဝတ်ပြီး မောင်ရင်လောင်း ၃၁ ပါးရှိတယ်။ ရှင်လောင်းငယ်တွေအားလုံး ကိုယ် တိုင် ခန္တီးရှမ်း ဘုရားရှိခိုးစာတွေ သီလတောင်း သင်္ကန်းတောင်း အကုန်ရအောင် သင်ယူထားကြတာ တွေ့ရ တယ်။ သူတို့ရဲ့ ရှင်လောင်းအဝတ်အစားကတော့ စာရေးသူအမြင်မှာ ထူးနေတယ်။ တောင်ရှည်ပုဆိုး ကိုဝတ် တယ်။ ချည်နဲ့ထိုးထားတဲ့ ရောင်စုံပန်းပါတဲ့ အင်္ကျိအပေါ် ရှင်လောင်း စလွယ်လွယ်တယ်။ ရှင်လောင်း ဦးထုပ် ကတော့ ၂ မျိုးတွေ့ရတယ်။ ဦးထုပ်ထိပ်ချွန်နဲ့ ထိပ်ခွဲပါ။ ရွာသားများကိုယ်တိုင် မိမိရိုးရာနဲ့ လုပ်ထားတဲ့ ဦးထုပ် တွေဖြစ်တော့ အများနဲ့မတူ တမူထူးခြားနေတယ်။ စာရေးသူကတော့ ညတရားပွဲ တစ်ပွဲဟောပေးရတယ်။
၁ ၊ ၄၊ ၂၀၁၁ နံနက်ပိုင်း ကျောင်းကို ပတ်ပြီး ရှင် လောင်းတွေ လှည့်ကြတယ်။ ရှင်လောင်းလှည့်ပွဲမှာ ခန္တီးရှမ်းရိုး ရာဝတ်စုံတွေ အသီးသီးဝတ်လာကြတယ်။ အမျိုးသားကတော့ ခန္တီးပုဆိုးတွေဝတ်ကြတယ်။ ရှပ် အင်္ကျီအဖြူအပေါ် ကုတ်အင်္ကျီဝတ်ကြတယ်။ တချို့ လည်း ရွှေချည်ငွေချည်ထိုးပါတဲ့ အမျိုးသားဝတ်စုံကို ဝတ်ကြတယ်။ အမျိုးသမီးတွေကတော့ ခရမ်းရောင် အကန့်ပါတဲ့ ထဘီအနက်ကို ဝတ်ကြတယ်။ အင်္ကျီအဖြူဝတ် ကြပြီး ခရမ်းရင့်ရောင် ပန်းရင့်ရောင် တံဘက်ကို ပုခုံးပေါ်တင်ထားလေ့ရှိတယ်။ သရဖူနဲ့တူတဲ့ အမျိုးသမီးခေါင်းဆောင်း ကိုလည်း လှပစွာ ဆောင်း ထားကြတယ်။ ရှင်လောင်းလှည့်ပွဲမှာ ဗျောစည်ကိုတီးပြီး လှည့်ကြတယ်။
တီးတဲ့သူကတော့ ကြက်ခေါင်းပုံစံ ဦးထုပ်ကို ဆောင်းပြီး တီးတယ်။ ဗန္ဓုလဦးထုပ်ဆောင်းပြီး တီးတာကတော့ မင်းခမ်းမင်းနားမှာမှ ဆောင်းကြ တယ်တဲ့။ ဗန္ဓုလဦးထုပ်လို့သာပြောတယ် အမှန် တကယ်ပြောရင် ဒီဦးထုပ်ဟာ ဗန္ဓုလမပေါ်ခင် ကတည်းက ရှမ်းစစ်သည်တော်တွေ ဆောင်းခဲ့တဲ့ ရှေးအစဉ်အလာ ဦးထုပ်ဖြစ်မယ်။ စည်ကြီး မောင်းကြီး လင်းကွင်း တီးတဲ့သူတွေကတော့ နောက်ကနေ အချက်မှန်မှန် တီးပြီး ပွဲတော်ကို တပျော်တပါး လှည့်ကြတယ်။ လှည့်နေရင်း အိုးစည်တွေခေတ္တရပ်ကာ ခန္တီးရှမ်း မင်္ဂလာ ရတုတွေကို တစ်ပိုဒ်စီ ရွတ်ဖတ် သွားတာ ကိုလည်း တွေ့ရတယ်။ ပြီးတော့ အိုးစည်တီး ပြန်က၊ ပွဲလှည့် အဲဒီလိုလုပ်တယ်။ အဲဒီ လှည့်တဲ့အထဲမှာ မာတလိနတ်ရုပ်ရော ဝိသကြုံ နတ်ရုပ်ရော ပွဲထဲမှာဝင်နွဲနေတာပါ တွေ့ရတယ်။ နောက်ပြီးတော့ အရုပ်နဲ့ လုပ်ထားကာ လူကောင် ကြီးနှစ်ယောက်လည်း ပွဲတော်ထိန်းအဖြစ် ဝင်ပါတာ တွေ့ရတယ်။ ပွဲမလှည့်ခင်မှာ ရှင်လောင်းတွေက ဘုရားကို ကန်တော့၊ ငါးပါးသီလခံယူပြီးမှ ပွဲလှည့်ကြရတာပါ။ ရှင်လောင်းကတော့ လမ်းလျှောက်ရတယ်။ လမ်းလျှောက် တာလည်း ပန်းပွင့်ချည်နဲ့ ထိုးထားတဲ့ လက်ကိုင်ပုဝါ ခပ်ကြီးကြီး တစ်ထည် စီကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ဟန်ချက်ကျကျ ဣနြေ္ဒရရ လက်ကိုင်ပုဝါကို ဝှေ့ပြီး တစ်လှမ်းချင်း လှမ်းလိုက် နားလိုက် လှည့်နေကြတယ်။ ရှင်မိရှင်ဖတွေ ဆွေတော်မျိုးတော်တွေကတော့ ရှင်လောင်းဘေးမှာ ခြံရံပြီး လိုက်ကြရတယ်။ တစ်မျိုး ပျော်စရာကောင်းပါတယ်။ မွန်းလွှဲပိုင်းမှာတော့ ရွာထဲကို ရှင်လောင်းလှည့်ကြတယ်။

အကျွေးအမွေး
ရွှေပွဲလာပရိသတ်များကိုတော့ ပွဲရှင်က အကုန်ကျွေးတယ်။ တောင်စိန်ဖက် (အာသာလွတ်ဖက်)နဲ့ ထုပ်ထားတဲ့ ထမင်းထုပ်တွေကို တစ်ယောက် ၂ ထုပ်ပေးကမ်းတယ်။ နောက်ပြီးတော့ ဖက်စိမ်းနဲ့ ထုပ်ထားတဲ့ အသာဟင်း ထုပ်၊ တခြားအသုတ်ဟင်းထုပ်ပါ။ ဟင်းရည်ကတော့ ဝါးခွက်ထဲ ဟင်းရည်ထဲ့ပြီး အဲဒီဝါးခွက်ကို မော့သောက် ကြရတယ်။ တစ်ယောက် တစ်ခွက်စီပါ။ တချို့လည်း တစ်ခွက်တည်းကို သုံးလေးယောက် သူမော့သောက် ငါမော့သောက်ကြတာလည်း တွေ့ရတယ်။ ဝါးခွက်ကတော့ လတ်လတ်ဆတ်ဆတ် ခြံထဲက ခုတ်လာတဲ့ ဝါးစိမ်းခွက်တွေပါ။ ထမင်းကြွေးမဏ္ဍာပ်ကတော့ ဝါးလုံးတန်းထိုင်ခုံပေါ်ထိုင်ပြီး ဝါးနဲ့လုပ်ထားတဲ့ စားပွဲရှည်ပေါ်မှာ မျက်နှာမူပြီး ထိုင်စား စကားတပြောပြောနဲ့ အားရပါးရ စားနေကြတာ တွေ့ရတယ်။ တချို့လည်း မျက်ခင်းပြင် ပေါ် ဝိုင်းဖွဲ့ပြီး ထိုင်စားကြတယ်။ ချက်ထားတဲ့ ဟင်းရည်ကို လှောင်းလှေကြီးထဲမှာ ထဲ့ထားပြီး ဝါးခွက်နဲ့ လာယူ သူမှန်သမျှကို မဆိုင်းမတွ ခူးခတ်ပေးကြတယ်။ ညတရားပွဲပြီးတာနဲ့ ပဒေသာကပွဲ တွေ ကျင်းပကြတယ်။ စတိတ်ရှိုးနဲ့ တွဲပြီးနွဲပျော်ကြတယ်။

၂ ၊ ၄ ၊ ၂၀၁၁ နံနက်ပိုင်းမှာ ကျောင်းဝင်းကို ရှင်လောင်းလှည့်တယ်။ နေ့ဆွမ်းကပ်ပြီး နေ့လည် ၁ နာရီကျော် ကျော်လောက် ရှင်ပြုကြတယ်။ မောင်ရင်လောင်းများ သင်္ကန်းတောင်းတာကစ အကုန်လုံး သင်ယူထားကြတော့ အလွယ်တကူနဲ့ပြီး အောင်မြင်သွားတယ်။ ရှင်လောင်းအလှူရှင်များကတော့ ပျော်မဆုံးတဲ့ ပီတိတွေ ဖြစ်နေကြ တော့တယ်။ ဒီရှင်ပြု အလှူမျိုးကို နတ်သား နတ်သမီးတွေ အားကျတဲ့အလှူလို့ ဆိုတယ်။ ဘာကြောင့်လဲဆို တော့ နတ်တွေရဲ့ သားတော်တွေကို ဘုရားက ရှင်ပြုဖို့ ခွင့်မပြုလို့ သူတို့က ဒီကုသိုလ်ကို မရနိုင်ဘူးလေ။ ရှင်ပြုပွဲပြီးတာနဲ့ စာရေးသူတို့အဖွဲ့လည်း ဟိုခိုကျောင်းကို ပြန်လာကြတယ်။ ည ၇ နာရီတော့ စာရေးသူက ပူတာအိုမြို့ ဗဟိုတောင်တန်းသာသနာပြုကျောင်းမှာ မြန်မာဘာသာနဲ့ တရားပွဲတစ်ပွဲ ဟောပေး လိုက်တယ်။ ပြီးတော့ ဟိုခိုကျောင်းမှာ ပြန်လာကျိန်းတယ်။

၃ ၊ ၄ ၊ ၂၀၁၁ အစီအစဉ်အရ စာရေးသူတို့အဖွဲ့အားလုံး လေယာဉ်ခရီးနဲ့ ပူတာအိုကို ခွဲခွာရမည့် အစီအစဉ်ပါ။ ဒေသခံများ ဌာနဆိုင်ရာများ အကူအညီနဲ့ စာရေးသူတို့အဖွဲ့(၁၆)ယောက်စလုံး လေယာဉ်လက်မှတ် ရကြပါ တယ်။ အဲယားပုဂံက ပူတာအိုကို နံနက် ၁၀ နာရီကျော်လောက် ရောက်လာတယ်။ ဒေသခံ ဆရာတော် သံဃာ တော်များ၊ သာသနာ့နုဂ္ဂဟအသင်းများ၊ ခန္တီးလူငယ်မောင်မယ်များက စာရေးသူတို့အဖွဲ့ကို လေယာဉ်ကွင်းအထိ လာရောက် ပို့ဆောင်နှုတ်ဆက်ကြပါတယ်။
ဆုံတွေ့ရခြင်းဟာ ခွဲခွာခြင်းရဲ့ အစဖြစ် တယ်။ ခွဲခွာရခြင်းဟာလည်း ပြန်လည်ဆုံ တွေ့ရခြင်းရဲ့ အစဖြစ်နိုင်ပါ တယ်လို့စိတ် ကို ဖြေသိမ့်ရင်း အချင်းချင်း နှုတ်ဆက် ကာ လေယာဉ်ပေါ်ကို တက်လာခဲ့တယ်။
လေယာဉ်လည်း အရှိန်ယူကာ ဝေဟင် ယံသို့ ပျံတက်ခဲ့ကာ ပူတာအိုနဲ့ ဝေးရာသို့ ဦးတည်လေပြီ။
မြစ်ကြီးနားမှာ လေယာဉ် တစ်ထောက် နားကာ မန္တလေးကို မွန်းလွှဲ ၁ နာရီ ၁၀ မိနစ်အချိန် ရောက်လာတယ်။ စာရေးသူက လာကြိုတဲ့ ကားနဲ့အတူ သီပေါကို ခရီးဆက်လာခဲ့တာ ညနေ ၅ နာရီကျော်ကျော် သီပေါမြို့၊ တာပုတ်ကျောင်း (၁၈) ကြိမ်မြှောက် တရားစခန်းကို ရောက်လာပြီး သင်္ကြန်တွင်း (၁၅)ရက် ဝိပဿနာတရား စခန်း အတွက် စောင့်ကြိုနေကြတဲ့ ယောဂီများနဲ့အတူ ဓမ္မခရီး ဆက်ရပေဦးမည်။ သင်္ကြန်အတွင်း ပြိုင်တူဖွင့် မည့် တရားဌာနကတော့ နောင်ပိန်ရွာ (ကျောက်မဲ)၊ ခိုအုံရွာ (ကျောက်မဲ)၊ ရေဦးဝိပဿနာရိပ်သာ (ကျောက်မဲ)၊ တာပုတ်ကျောင်း (သီပေါ)၊ နောင်ကော်ကြီးကျောင်း (သီပေါ)တို့ဖြစ်တယ်။
တောင်တန်းသာသနာပြုဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း) ၄ ၊ ၄၊ ၂၀၁၁
MOGAUNG EXPRESS မှပြန်လည်မျှဝေပေးပါသည်။ ဓါတ်ပုံများပျက်စီးနေ၍ မတင်ပေးတော့ပါဘူး။
 
 

No comments:

Post a Comment