Wednesday, August 13, 2014

* ပူတာအို (ခန္တီးလုံ) ဒေသအား ဗြိတိသျှတို့သိမ်းသွင်းခဲ့ပုံ *

                                                             

   ၁၈၉၅-ခုတွင် ဗြိတိသျှအရာရှိအချို့ ခန္တီးလုံဒေသသို့ ခရီးလည့်လည် ရောက်ရှိခဲ့သည်။ သို့ရာတွင် ယင်းဒေသမှာ ၄င်းတို့၏ အုပ်ချုပ်မှုအောက် မကျရောက်ခဲ့ပေ။ ဒေသခံ ခန္တီးစော်ဘွားများကို ဆက်လက်အုပ်ချုပ်ခွင့် ပြုထားခဲ့လေသည်။ ၁၉၀၆-ခုတွင် တရုပ်အရာရှိတစ်ဦး ယင်းဒေသသို့ရောက် ရှိလာခဲ့ပြီး ယင်းနယ်ကို ယူနန်နယ်တွင်းသို့ သွတ်သွင်းရန် တရုပ်အစိုးရကို တင်ပြခဲ့ဘူးသည်။
            ၁၉၁၁-ခုနှစ်တွင် မစ္စတာဘားနတ် (Mr. J T O Barnard) ဦးဆောင်သည့် ဗြိတိသျှစစ်ကြောင်း တခုသည့် ခန္တီးလုံဒေသသို့ ရောက်ရှိလာခဲ့သည်။ ၁၉၁၂-ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ထိုစစ်ကြောင်းသည် ခန္တီးလုံမှ မေခမြစ်ဖျားအထိ ချီတက်ခဲ့သည်။ ၁၉၁၃-ခုနှစ်တွင် တတိယအကြိမ် စစ်ဆင်ရေးတပ်ဖွဲ့များ မေခမြစ်ဖျားနှင့် မေလိခမြစ်ဖျား ဒေသများအရောက် ချီတက်ကြပြန်သည်။ ထိုအချိန်က မစ္စတာဘားနတ်၏ အစီရင်ခံစာအရ ခန္တီးရှမ်း  ၈၁၄၆-ဦးခန့် ရှိသည်။ ၁၉၁၄-ခုနှစ်တွင် မြစ်ကြီးနားမြောက်ဖက်ရှိ ဒေသများကို အုပ်ချုပ်မှုနယ်မြေများ အဖြစ်သတ်မှတ်ကာ ပူတာအိုခရိုင်ကို ဖွဲ့စည်းသည်။ အုပ်ချုပ်မှုနယ်မြေများ သတ်မှတ်လိုက်သည်နှင့် တပြိုင်နက် အခွန်တော် ကောက်ခံခြင်း၊ ကျေးရွာအကြီးအကဲများအား ခန့်စာ ပေးအပ်ခြင်းများ ပြုလုပ်ကြသည်။ တချိန်တည်းမှာပင် တချို့ကျေးရွာလူကြီးများ လက်တွင်ရှိနေသော တရုပ်အစိုးရ၏ သူကြီးခန့်စာများကိုလည်း သိမ်းဆည်းကြရသည်။ အစီရင်ခံစာ အဆိုအရ-
            သူကြီးများကို ပူတာအိုနယ်ပိုင်က ခန့်စာ (၂၄)စောင်၊ ကောင်လူးနယ်ပိုင်က ခန့်စာ (၂၃၁)စောင် ထုတ်ပေး ခဲ့သည်။ နယ်နမိတ်အနီးမှ အချို့သော ကျေးရွာလူကြီးများ ရရှိထားသော တရုပ်တို့၏ ခန့်စာများကို မစ္စတာဘားနတ်နှင့် မစ္စတာလီးယိုနတ်တို့က သိမ်းဆည်းခဲ့သည်။
            ထို့ကြောင့် မြန်မာပြည်မြောက်ဖျား နယ်နမိတ်ကို ၁၉၁၄-ခုနှစ်သို့ ရောက်မှ အပြီးအပိုင် သိမ်းသွင်းနိုင်ခဲ့သည်။ ဗြိတိသျှအစိုးရ ဘုရင်ခံက ခန္တီးစော်ဘွားများကို ဆာနဒ့်(SHNAD)ခေါ် စာချွန်လွှာများ ပေးအပ်၍ စော်ဘွားများအဖြစ် ဆက်လက်အသိအမှတ် ပြုခဲ့သည်။

Source: (Volume-2, sept; 1969) Union of Burma Journal of Literary and Social Sciences
            ဦးတင်မောင်ရင်(သမိုင်းဌာန၊ မော်လမြိုင်ကောလိပ်)
 
     MOGAUNG EXPRESS မှပြန်လည်မျှဝေပေးပါသည်။

No comments:

Post a Comment