Saturday, August 16, 2014

* ယိုးဒယား-ဗမာ *

                                                         


ထိုင်းနိုင်ငံမှာ ယခုရက်ပိုင်း ဖြန့် ချီလိုက်သော (ယိုးဒယား - ဗမာ) စစ်ပွဲသမိုင်းမှတ်တမ်းရုပ်ရှင်ဇါတ်လမ်းကို ကြည့်ဖြစ်ရင်းက ဗဟုသုတ အနေနဲ့ မြန်မာ ယိုးဒယား သမိုင်းကြောင်းလေး အများသိအောင် ဖော်ပြလိုက်ပါတယ်..။
ဘုရင့်နောင်မင်းတရားကြီး (1551 - 1581) လက်ထက်မှာ ယိုးဒယားနိုင်ငံ အယုဒ္ဓယနန်းတော်ကိုအောင်နိုင်ပြီး ယိုးဒယားမင်းသားလေးတပါး ကို ပဲခူးနန်းတော်မှာ ပင့်ဆောင်မွေးထားပြီး သားတော်တပါးကဲ့သို့ ချစ်ခင်စွာပြုစု ခဲ့ပါတယ်။ ဘုရင့်နောင်မင်းတရားကြီး လွန်တော့ ထိုယိုးဒယားမင်းသားနဲ့ ဘုရင့်နောင်၏သားတော် နန္ဒဘုရင်တို့  ရန်သူဖြစ်ကာတိုက်ခိုက်ရာက 1600 -ခုနစ်မှာ ဟံသာဝတီ နန်းတော်ကြီးကို ယိုးဒယား ၊ ရခိုင် နင့် သံလျင်ပေါ်တူဂီ (ငဇင်ကာ) တို့ ပူးပေါင်းသိမ်းပိုက်ကာ နန်းတော်ကြီးကို မီးရှီု့ ဖျက်စီးဖြစ်လိုက်ပါသည်။ ဘုရင့်နောင် မင်းတရားကြီးက အယုဒ္ဓယ ကို မဖျက်စီးခဲ့ပါ။
ထိုယိုးဒယားဘုရင် စစ်အောင်နိုင်တာကို ဇါတ်လမ်းရိုက်ထားတာပါ။ ဒီနေရာမှာ (အ-ယုဒ္ဓယ) အဓိပ္ပါယ်က (ယုဒ္ဓယ = ကျဆုံးခြင်း) ဟုအဓိပ္ပါယ်ရပါတယ်။ အရှေ့ က (အ) ထဲ့လိုက်လျင် မကျဆုံးနိုင်သော မြို့ဟု ယတြာခြေထားသော မြို့ ဖြစ်ပါတယ်။ ပါဋိ စကားဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံမှာလဲ အယုဒ္ဓယ မြို့ တခုရှိပါတယ်။ ယခုဝန်ကြီးချုပ်ဖြစ်လာသူ မိဒီရဲ့ ဇာတိ မြို့ ဖြစ်ပါတယ် ။ 1992 ခုနစ်က ထိုမြို့ မှာ မဂိုလ်မင်းဆက်လက်ထက်က ရှေးခေတ် ဟာနုမာန်နတ်ဘုရားကျောင်း မြေနေရာကိုဖျက်ပြီး ဗလီတည်ဆောက်ထားတာရှိခဲ့လို ဗလီကိုဖျက်ခဲ့လို့  ဟိန္ဒူ နဲ့  မွတ်စလင် အထိဂရုဏ်းကြိးဖြစ်ခဲ့ပါတယ်။
ယခုအချိန်အထိသာအသက်ရှင်လျင် အသက် ၁၂၀ ကျော်မည့် အဖွားတစ်ဦးရဲ့ ပြောပြချက်အရ...မြန်မာဘုရင်တွေက အယုဒ္ဓယ ကို စစ်ချီတိုင်း စစ်သည်တော်တွေကို မေး၏။ ဒို့ ဗမာတွေ ဘယ်ကိုချီတက်ကြမှာလဲ ။ စစ်သည်တော်အားလုံးက ( အ -ယုဒ္ဓယ = မကျဆုံးမြို့ ) ကို နံနိမ်ပြီး ၊ ယတြာချေတဲ့အနေ နင့် (ယုဒ္ဓယ = ကျဆုံးမြို့  ) ဟုသံပြိုင်ဖြေကြရပါသည်။ အ-ယုဒ္ဓယ ဖြေသူကတော့ လျှာအဖြတ်ခံရပါသည်။
ထိုသို့ ခေါ်ဆိုရာမှ ဗမာ (မြန်မာ) တွေက တသက်လုံး ယိုးဒယား လို့ သိလာပါတော့သည်။ ၂၀၀၆- ခုနစ်တွင် ထို အကြောင်းကို ကျနော် အင်တာနက်ပေါ်မှာရေးခဲ့ပါသည်။ ထိုင်းမိတ်ဆွေ သတင်းစာ အယ်ဒီတာ တစ်ဦးကို မေးပို့ ပေးခဲ့မှ သူတို့ က မြန်မာတွေက ဘာလို့ ထိုင်း ကို ယိုးဒယား လို့ ခေါ်တာ နားလည်သွားပါသည်။ ယခုအခါ ထိုင်းအစိုးရက မြန်မာအစိုးရကို နစ်နို်ငငံချစ်ကြည်ရေးနင့် မသင့်လျော်လို့  ယိုးဒယား ဟု မသုံးပါရန် ပန်ကြားခဲ့ပါသည်။
ထိုင်းက ဗမာကို အဲဒီတစ်ကြိမ်သာ မွန်၊ ရခိုင်၊ မဟာမေဒင်၊ ပေါ်တူဂီတွေ အားကိုးနဲ့ နိုင်ဖူးတာ။ မြန်မာက အကြိမ်ကြိမ်နိုင်ခဲ့တာပါ။ သူတို့ က ဗမာစစ်တပ်ကြီး လာတိုက်တာကို ပြန်လှန်နိုင်တာတွေ ဘဲ ဇါတ်လမ်းရေးနေရတာပါ။ 1758 မှာ အလောင်းမင်းတရားကြီး အယုဒ္ဓယမြို့ ကို ဝိုင်းထားစဉ်နေမကောင်းလို့  တပ်ပြန်ဆုပ်ခဲ့ရပါတယ်။ လမ်းခရီး သထုံခရိုင်၊ ဘီးလင်းမြို့ နယ် ကံရွာမှာ ကံကုန်တော်မူပါတယ်။ မင်းတရားကြီး ကံကုန်ကြောင်း တပ်နဲ့ စစ်သည်တွေကို အသိမပေးဘဲ ရန်ကုန်အထိ ပြန်ဆုပ်ပါတယ် ။ ရန်ကုန်ရောက်မှ နေပြည်တော် (ရွှေဘို) ကို အကြောင်းကြားပါတယ်။ အလောင်းကို လျှိုဝှက်သယ်လာရလို့  (အလောင်းမင်းတရား) လို့  အမည်တွင်သွားတာပါ။
သားတော် ဆင်ဖြူရှင်မင်းလက်ထက် ..1767 . March 28 th ညနေ ၆.၃၀ မှာ (ရွှေဘိုသား-ဟေ့လို့) သံပြိုင် အော်ပြီး ဗမာစစ်သည်တွေ အယုဒ္ဓယမြို့ ကို ထိုးဖေါက်ဝင်စီးနိုင်လို်က်ပါတယ် ။ အလောင်းမင်းတရားကြီး လက်ထက် ကထည်းက
ရန်သူမြို့ ကိုတက်သိမ်းတိုင်း (ရွှေဘိုသား-ဟေ့) အော်ပြီးညာသံပေးလျင် ရန်သူတွေ ဖိန့် ဖိန့်ုတုန်အောင် ကြောက် လက်နက်တွေချ ပြေးတတ်ကြတော့ လက်နက်တွေ အကောင်းအတိုင်းရခဲ့တာ များပါတယ်။- အယုဒ္ဓယမြို့ ကနေ ယနေ့  အမရပုရမြို့ ဟောင်းက ယိုးဒယားဘုရင် ဂူဗိမာန် လုပ်ပေးရတဲ့ ဘုရင်ကို သုံ့ ပန်းအနေနင့်ဖမ်းလာတာပါ။ လက်မှုအနုပညာသည် ၃၆၀၀၀- လဲ ဖမ်းခေါ်လာခဲ့ပါတယ်။ စစ်သည် တစ်ဦးလျင် ရတနာရွှေငွေတွေ များစွာရကြပါတယ်။
ထိုဖေ့စ်ဘွတ်စာမျက်နှာပ်ါမှာ ထိုအချိန်က အင်္ဂလန်မှာ ကမ္ဘာကျော်ပြဇါတ်ရေးဆရာကြီး William Shake spears ခေတ်ဟု ဖေါ်ညွှန်းထားလို့  ကျနော် တဆက်ထည်း တိုက်ဆိုင်နေတာလေးတွေ ထပ်ဖြည့်စွက်ရေးလိုပါသည်။ ထိုအချိန်နင့် တဆက်ထည်း ထို ရှိတ်စပီးယား နင့်ခေတ်ပြိုင် မြန်မာ့ရာဇဝင်မှာ အထင်ရှားဆုံး စာဆိုတော်က နတ်ရှင်နောင်ရှိခဲ့ပါတယ် ။ နတ်ရှင်နောင်က 1612 - April 17- နစ်ဆန်းတရက်နေ့ မှာ ကံကုန်ပါတယ်။ ရှိတ်စပီးယားက 1616 ..April 23 .သေဆုံးသည့် ရက်ပိုင်းပါ နီးနီးစပ်စပ် တိုက်ဆိုင်ခဲ့ပါတယ်။
တဆက်ထည်း 1628 မှာ အိန္ဒိယမှာ မဂိုလ်ဘုရင်ကြီး Shah Jahan နန်းတက်ခဲ့ပါတယ်။ 1629 -မှာ မြန်မာပြည်မှာ သာလွန်မင်းတရားကြီးနန်းတက်ခဲ့လို့  ခတ်ပြိုင် ဘုရင်မင်းများဖြစ်ခဲ့ပါတယ် ။ တိုက်ဆိုင်စွာ ဘုရင်နစ်ပါးလုံးဟာ နိုင်ငံအသီးသီးမှာ တိုင်းပြည်အငြိမ်းချမ်းဆုံး နင့် အချမ်းသာဆုံးသောခေတ်တို့  ခေတ်ပြိုင်ပေါ်ခဲ့သလို ၊ ပိုပြီးတိုက်ဆိုင်တာက ဘုရင်နှစ်ပါးစလုံးက မိဖုရားအတွက် ဗိမာန်အဖြူကြီးတွေ တည်ဆောက်ခဲ့ကြပါတယ်။
ရှာဂျဟန်ဘုရင်ကြီးက တတိယမိဖုရားကြီး Mum Taj အတွက် င်္သဂျိုင်းဂူဗိမာန် TAJ MAHAL ကိုတည်ဆောက်ခဲ့ပါတယ်။ သာလွန်မင်းတရားကြီးကတော့ တောင်ငူက ရန်သူလက်မကျအောင် ပင့်ဆောင်လာခဲ့တဲ့ သီဟိုဌ်စွယ်တော်ကို ဌာပနာပြီး စူဌာမဏီစေတော်ကြီး (စစ်ကိုင်းကောင်းမှုတော်) ကြီးကိုတည်ခဲ့ပါတယ်။
ဒီစေတီတော်ကြီးနင့် ပတ်သက်ပြီး ပါးစပ်ရာဇဝင်တွေကို သတိထားဖို့ လိုပါတယ် ။ ပညာတတ်သူတွေပါပြောတတ်ကြလို့ ပါ။ မိဖုရားကြီးသည် သာသနာတော်ကို အလွန်ကြည်ညိုသူဖြစ်၏။ သီပေါမြို့  ဘော်ကြိုဘုရားက ရုပ်ပွားတော်များကို အုပ်ထားသော ဖန်ပေါင်းချောင်လေးပုံတော် တည်ပေးရန် အကြံပြုပါတယ်။ ဖန်ပေါင်းချောင်ကို တရုတ်ဘုရင် ဥတည်ပွားက လှုဒါန်းထားတော်မူတာပါ။ သာလွန်မင်းတရာကြီးကလည်း စေတီတော်ကြီးတည်ရန် ပညာရှင်တွေကို သီဟိုဌ်ကျွန်းကိုစေလွှတ်ပြီး ပုထိုးတော်ကြီးတွေကို ပုံတူယူစေတော်မူပါသေးတယ် ။
ပါးစပ်ရာဇဝင်တွေက မိဖုရားကြီးက ရင်သားလှန်ပြတယ်ဆိုတာ အင်မတန်ဘုရားတရားကြည်ညိုတော်မူသော မိဖုရားကြီး၏ သီလ ၊ သမာဓိကိုနားမလည်ကြတာပါ။ တဖန် အသက်တော် ၅၀ -ကျော်ထိုခေတ်မြန်မာအမျိုးသမီးကြီးမှာ ရင်သားမှာ ပြားချပ်နေတာလောက်တော့ စဉ်းစားနိုင်ဖို့ လိုပါတယ်။
Singapore ဆိုသည်မှာလည်း Singa = Lion Pura = City.. စင်က ဆိုတာ င်္ခြသေ့ ဖြစ်ပြီး၊ ပူရ ဆိုတာ မြို့  ဟု အဓိပ္ပါယ်ရပါတယ်။ ပါဋိ စကားဘဲ ဖြစ်ပါတယ်။ ထိုနည်းတူ...(အ -မရပူရ) ဆိုသည်မှာလည်း (မရ) သည် သေဆုံးခြင်းဖြစ်၏။ အရှေ့ ကနေ (အ) ထဲ့လိုက်တော့
(မသေဆုံးနိုင်သော) နင့် ပူရ က မြို့ ဖြစ်ပါသည်။ တနည်း မကျဆုံးနိုင်သောမြို့  ဖြစ်ပါသည် ။ ထိုနည်းတူ (မဏိပူရ) ချောမောလှပသော အမျိုးသမီးများ၏မြို့  ။ ဗဟုသု သိသမျှ မျှဝေလိုက်ပါတယ်။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်


ဒီမိုဝေယံမှ တစ်ဆင့်

Thursday, August 14, 2014

* ခြေရာတွေခြားတဲ့ နွေဦးကောက်ကြောင်း *

နွေရာသီတစ်ပတ်နွမ်း ....
အလွမ်းကြမ်းတွေကြွေလို့
ငါရင်ဘတ်မှာ တိတ်တိတ်ငို
မျော်လင့်လို့ မရဲတော့တဲ့ နွေည
ငါ့ရင်ခုန်သံတွေ တငွေ့ငွေ့လောင်ရဲ့
နွေနေ ရယ် ..
ရင်က အလွမ်းကို ပိုကြမ်းစေတာလား
(ဟုတ်တယ် ... မျက်ရည်တွေတောင် ခမ်းတော့မတက်)
အရင်နွေညတွေနဲ့ခြား
ငါဘ၀မှာ မတောင်းတခဲ့တာ ဒီလိုအချိန်တွေ
တစ်ယောက် ပခုံးပေါ် တစ်ယောက်ကျော်ကြည့်လို့
ဆန့်ကျင်ရာကို ထွက်ခဲ့ကြပေါ့
မင်းခြေရာနဲ့ ငါခြေရာ တန်းတန်းကြီး ဆန့်ကျင်လို့ လေ
ကိုယ့်ခံယူချက်နဲ့ကို
ရင်ဘတ်ကို ကိုယ်စီ ရင်းလို့
အလွမ်းတွေပွေ့ရင်းပေါ့ .......
( ဟုတ်တယ် ... တစ်ပွေ့တစ်ပိုက်နဲ့ ... မျက်ရည်ကိုယ်စီနဲ့ )
နွေရွက်ဝါတွေရယ် ကြွေပါ့
အရင်လို အပြုံးတွေ ခမ်းနားခဲ့တဲ့ ညနေတွေကို လွမ်းမိ
ဖြစ်နိုင်ရင်လေ
ငါ မင်းကို နွေလေရူးတစ်သုတ်နဲ့ ကံ့ကော်တွေ ထုပ်ပေးချင်သေးရဲ့
နွေနေ့လယ်ခေါင်ခေါင်
ငါရင်မှာ အလွမ်းမိုးတွေ တ၀ုန်းဝုန်းရွာလို့ ကောင်းတုန်း
(ဟုတ်တယ် .... ချော်ရည်မိုးတွေ ထင်ပါ့ )
နွေဦးရဲ့ကောက်ကြောင်း
မျဉ်းကောက်တွေနဲ့ဆွဲလား ဆွဲရဲ့
အိပ်မက်ဟောင်းထဲ က နတ်ပျိုမရယ်....
ငါလေ ... မင်းကို အခုထိလွမ်းလို့
နွေညတွေကို .. မင်းအပြုံးတွေ တွေးရင်း ဖြတ်ဆဲ
ငါလေ အလွမ်းတွေဆို့လို့ ..........

မောင်မိုးချို ရေးသားသည်။

MOGAUNG EXPRESS မှပြန်လည်မျှဝေပေးပါသည်။

* ၀ါဆို ၀ါခေါင် *


ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်။
ခရာဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်။
မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့်
မြွေနဂါးတောင် ကြောက်ဖူးကွယ်။
တို့လဲကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်။
သွားကွယ် သွားကွယ်။
မောင်မဆော့ပါ စိပ်ပုတီးနဲ့
ဘုန်းတော်ကြီးလို နေပါမယ်
လိုက်မယ် လိုက်မယ်။


ဆရာမင်းသုဝဏ် ရေးသားသည်။

MOGAUNG EXPRESS မှပြန်လည်မျှဝေပေးပါသည်။

* ကချင်ပြည်နယ်နေ့ ဖြစ်ပေါ်လာခြင်း *

                                                          

၁၉၄၈ခုနှစ်၊
ဇန်နဝါရီလ(၄)ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ဗြိတိသျှအစိုးရအုပ်ချုပ်ခဲ့ သည့်
လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ပြီး နောက်ထပ် ၆ရက်အကြာ
ဇန်နဝါရီလ(၁၀)ရက်နေ့ကို ကချင်ပြည်နယ်နေ့ သတ်မှတ်ပေးလိုက်သည်။
 
ထိုနေ့တွင် မြစ်ကြီးနားမြို့၊ စီတာပူမနောကွင်း၌ နံနက် ၈း၀၀နာရီတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သမ္မတကြီး ဦးစပ်ရွှေသိုက်ကိုယ်တိုင်တက်ရောက်၍ မနော မဏ္ဍပ်ကြီးဖွင့်လှစ်ကာ ပထမဆုံးသော ကချင်ပြည်နယ်၏ ပြည်နယ်ကောင်စီကို စတင်ဖွဲ့စည်းခဲ့သည်။
အဆိုပါ ပြည်နယ်ကောင်စီ အစည်းအဝေး၌ ဦးဆားမားဒူဝါဆင်ဝါးနောင်အား ကချင်ပြည်နယ်၏ ပထမဆုံးသော ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်လျက် နိုင်ငံတော်သမ္မတ၏ ရှေ့မှောက်တွင်ပင် ကျမ်းသစ္စာ ကျိန်ဆိုစေခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကျမ်းကို ကချင်ပြည်နယ်၏ ဥက္ကဋ္ဌသစ်ဖြစ်သော ဦးဆမားဒူဝါဆင်ဝါးနောင်၏ လက်သို့ နိုင်ငံတော် သမ္မတကြီးမှ အပ်နှံပေးခဲ့သည်။
ထို့ပြင် ကချင်ပြည်နယ် အစိုးရကိုလည်း ထိုနေ့တွင်ပင် ဖွဲ့စည်းလျက် ဇန်နဝါရီလ (၁၀)ရက်နေ့ကို “ကချင်ပြည်နယ်နေ့” ဟူ၍ သတ်မှတ် အတည်ပြုထားခဲ့ခြင်းဖြစ် သည်။ ထိုနေ့မှစကာ နှစ်စဉ် ဇန်နဝါရီ (၁၀)ရက်နေ့ ရောက်တိုင်း ပြည်နယ်အစိုးရမှ ကြီးမှူး၍ မြစ်ကြီးနား၊ စီတာပူမနောကွင်းကြီးတွင် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ရိုးရာ မနောပွဲတော်ကြီးကို ကျင်းပလေ့ရှိခဲ့ကြသည်။
ဤကဲ့သို့ ဖြစ်ပေါ်လာသော ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်သည် ၁၉၆၂ခုနှစ် တော်လှန်ရေး အစိုးရ တက်လာသည့်အချိန်မှ စပြီး၊ ခေတ်ကာလတစ်ခု မှေးမှိန်သွားခဲ့လေသည်။ ၁၉၉၃ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးရခါစ တစ်ဖန် ကချင်ပြည်နယ်နေ့မနောပွဲတော်ကြီးအား ပြန်လည် ကျင်းပလာခဲ့ကြသည်။ သို့သော်အကြောင်းအမျိုးမျိုးကြောင့် နှစ်စဉ် ကျင်းပနိုင်ခွင့်မရှိခဲ့ပေ။ ၂၀၀၅ ခုနှစ်မှစ၍သာ ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီးအား နှစ်စဉ်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်ကျရောက်မည့် ကချင်ပြည်နယ်နေ့သည့် ၆၃ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော် အထိမ်းအမှတ်နေ့ဖြစ်သည်။ မြန်မာစစ်အစိုးရ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်မှ ဦးဆောင်ကာ မနောပွဲတော်အား ကျင်းပနေခြင်းဖြစ်သည်။

နောက်ခံသမိုင်းကြောင်း
-------------------------
ကချင်လူမျိုးတို့သည် ရှေးပဝေသဏီကစပြီး အရှေ့သံလွင်မြစ် (Sakhkung Hka)၊ အနောက် အိန္ဒိယပြည်၊ ဗြဟ္မာပုတရမြစ်ကြား ယခုတရုတ်ပြည် အနောက်မြောက်၊ တိဘက်အရှေ့မြောက၊် မွန်ဂိုးလီးယားကနေ တောင်ဘက် (လက်ရှိနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်) သို့ ဆက်လက်နေထိုင်လာခဲ့သည်။ ယင်းနယ်မြေများသည် ကချင်လူမျိုးစုတို့၏ ဇာတိချက်ကြွေနေရာများပင် ဖြစ်ကာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည်။
၁၈၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အင်္ဂလိပ် (ဗြိတိသျှ) များ ဝင်ရောက်လာခဲ့သည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ တွင် သီပေါမင်း နန်းကျပြီးနောက်ပိုင်း အင်္ဂလိပ်နယ်ချဲ့တို့သည် ၁၈၈၅ ဒီဇင်ဘာ ၅ရက်နေ့၌ ဗန်းမော်ကို ရောက်ရှိလာခဲ့သည်။
အင်္ဂလိပ်အစိုးရမှ ကချင်ပြည်နယ်တောင်ပိုင်းကို သိမ်းပိုက်ပြီးနောက် ၁၉၂၀ ခုနှစ်နောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းဒေသကို သိမ်းပိုက်ကာ ၁၉၃၀ခုနှစ် မှာတော့ မေခ၊ မလိခ မြစ်ဆုံ တြိဂံဒေသကို သိမ်းယူနိုင်ခဲ့သည်။
သီးခြားရပ်တည်နေသည့် ကချင်လူမျိုးတွေရဲ့ နယ်မြေဒေသတစ်ခုလုံးကို အင်္ဂလိပ်တို့က Kachin Hill Tract Regulation ဆိုသည့် ဥပဒေ ပြဌာန်းကာ ထိန်းချုပ် အုပ်ချုပ်လာနိုင်ခဲ့သည်။
ပထမ ကမ္ဘာစစ် (၁၉၁၄-၁၉၁၈)ခုနှစ်တွင် အီရတ်စစ်မြေပြင်၌ အင်္ဂလိပ်ဘက်မှ ကချင်စစ်သား ၄၀၀ကျော် ပါဝင်တိုက်ခိုက် ကူညီခဲ့သည်။ စစ်ပြီးနောက် ၁၉၂၅ခုနှစ်တွင် ဆရာဦးမရမ် ရိုဘင်နှင့် ဒူဝါဇော်တူးတို့က မြစ်ကြီးနားနှင့် ဗန်းမော်မှ ကချင်ကိုယ်စားလှယ် ၅၅ဦးကို ဦးဆောင်၍ ဘုရင်ခံ ဆာကုတ်ဘတ္တာလာထံ ကချင်တောင်တန်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် ပထမဦးဆုံးတောင်းခံခဲ့သည်။ သို့သော် ကချင်ခြေလျင်တပ် သုံးတပ်သာ ဖွဲ့စည်းခွင့်ရရှိခဲ့သည်။
ဒုတိယ ကမ္ဘာစစ် (၁၉၄၂)ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဂျပန်စစ်တပ်များ ဝင်ရောက်လာခဲ့သည်ကို အင်္ဂလိပ်နှင့် အမေရိကန်စစ်တပ်ပေါင်းကာ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ ထိုတိုက်ပွဲ၌  ကချင် စစ်တပ်သားများသည် Northern Kachin Levis (N.K.L)၊ V_Force၊ Chindit နှင့် American-Kachin Ranger တပ်ဖွဲ့များဖြင့် ပါဝင်ကူညီခဲ့သည်။
၁၉၄၄ခုနှစ် သြဂုတ်လ (၃)ရက်နေ့တွင် N.K.L၊ V_Force၊ Chindit စစ်တပ်သားများသည် မြစ်ကြီးနားရှိ ဂျပန်တပ်သားများအား အမြစ်ပျက် ချေမှုန်းနိုင်ခဲ့သည်။ American-Kachin Ranger စစ်တပ်ဖွဲ့သည် တရုတ်ပြည် ယူနန်ပြည်နယ်ထဲထိ ဂျပန်စစ်တပ်အား တိုက်ခိုက် အောင်ပွဲခံခဲ့ကာ ယခု Ying Jiang မှာ အထိမ်းအမှတ် အဖြင့် ကျောက်တိုင် စိုက်ထူထားသည်။
၁၉၄၅ ခုနှစ် မတ်လ (၂၄-၂၆)ရက်နေ့တွင် စိန်လုံကဘာကျေးရွာ၌ ကချင်တောင်တန်း ဒေသတွင် ဂျပန်စစ်တပ်သားများ အကုန်အစင်တိုက်ထုတ်နိုင်ခဲ့သည့် အထိမ်းအမှတ်အနေဖြင့် Padang Manau (အောင်ပွဲခံမနောပွဲ) ကျင်းပခဲ့ကြသည်။
ဆက်ပြီး အောက်မြန်မာပြည်၌ ကချင်စစ်တပ်ပါသည့် အင်္ဂလိပ်စစ်တပ်သားနှင့် Force 136 တို့မှ ကူညီသဖြင့် ၁၉၄၅ခုနှစ် သြဂုတ် (၁၄)ရက်နေ့ ဂျပန်ကို မြန်မာနိုင်ငံမှ အပြီးတိုက်ထုတ်နိုင်ခဲ့သည်။
စစ်တိုက်ပြီး အောင်ပွဲခံပြန်လာခဲ့ကြသည့် ကချင်စစ်တပ်သားများသည် ကချင်ပြည်သူလူထုနဲ့ အတူ မြစ်ကြီးနား၊ စီတာပူရပ်ကွက်တွင် သြဂုတ် (၁၄-၁၉) ရက်ကြား ၆ ရက်တိတိ “အောင်ပွဲခံ မနော” (Padang Manau) ပွဲကြီး ကျင်းပခဲ့ကြသည်။ (ယခုကျင်းပသည့် စီတာပူ မနောကွင်းကြီး မရှိသေး။) ရန်ကုန်ရှိ အင်္ဂလိပ် ဒုတိယ ဘုရင်ခံ Sir. Dorman Smith လည်း ပါဝင်ခဲ့သည်။
ထိုပွဲတွင် ကချင်လူမျိုးတို့သည် ဒုတိယအကြိမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်သတ်မှတ်ပေးရန် ထပ်မံ တောင်းဆိုသည်။ ဘုရင်ခံမှ ပြည်နယ်သတ်မှတ်ပေးရန် ငြင်းဆိုခဲ့သည့်အပြင် “နင်တို့ဂျိမ်းဖော (ကချင်) တွေက ကိုယ်ပိုင်အုပ်ချုပ်ဖို့ ပညာမစုံသေးဘူး။ အဲဒါကြောင့် ဗမာကို လွတ်လပ်ရေးပေးပြီး နင်တို့ ဂျိမ်းဖော့တွေကို ချန်ထားလိုက်အုံးမယ်။ စိုက်ပျိုးရေးပညာ၊ ကျန်းမာရေးပညာတွေ သိလာအောင် အရင်သင်ပေးမယ်။ နင်တို့ ပညာစုံရင်၊ နင်တို့ နယ်မြေ၊ နင်တို့လက်ထဲ ပြန်အပ်ပေးမယ်။” ဟု ပြောခဲ့သည်။
တတိယအကြိမ်ဖြင့် ၁၉၄၆ခုနှစ် ဒီဇင်ဘာလဆန်း (၂)ရက်နေ့၊ မန်ခိန်ရပ်ကွက်၌ နယ်ခြားဒေသ ဆိုင်ရာ တောင်တန်းမင်းကြီး Mr.H.N.C. Stevenson ထံ ကချင်လွတ်လပ်ရေးတောင်းဆိုခဲ့သည်။ သို့သော် Mr.H.N.C. Stevenson က ငြင်းဆိုလိုက်သည်။
ဖဆပလ (ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့) ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလန်ရှိ အင်္ဂလိပ်အစိုးရထံ ဗမာပြည်မနဲ့အတူ တောင်တန်းဒေသတွေ လွတ်လပ်ရေး လိုချင်သည်ဟု တောင်းဆိုခဲ့ရာ အစိုးရမှ ပြည်မနဲ့ တောင်တန်းသားတွေ ဘဘောတူ စာချုပ် ချုပ်ပြီးယူခဲ့ဟု ဆို၍ ဗိုလ်ချုပ်ပြန်လာခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားအားလုံး အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်နိုင်ရန်အတွက် ဗမာ၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်းနှင့် ကချင် တိုင်းရင်းသားများ လက်ခံသဘောတူမှ လွတ်မြောက်နိုင်မည်ဟု ပြောဆိုကာ တိုင်းရင်းသားများနေထိုင်သည့် တောင်တန်းဒေသတို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၆ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့တွင်  မြစ်ကြီးနားသို့ ရောက်ရှိလာခဲ့ပြီး တိုင်းရင်းသားများအား “Federal ပြည်ထောင်စု စနစ်ဖြင့် အုပ်ချုပ်သွားမည်ဟု အမျိုးသား တန်းတူညီမျှရေး ဆောင်ရွက်ခဲ့သည်။
နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ကချင်ခေါင်းဆောင်များမှ “ခင်ဗျားတို့ ဗမာတွေက၊ နေရာတိုင်းမှာ အရင်တတ်ကျွမ်းနားလည်တဲ့အတွက်၊ ငါတို့က ဘာမှမသိသေးတဲ့ ဂျိမ်းဖော့ (ကချင်)တွေ ညီအစ်ကိုရင်းပမာ ပံ့ပိုးပေးကြပါ။” ဟု ဆိုကာ ကချင်ခေါင်းပေါင်း ပေါင်း၊ ကချင်လွယ်အိတ်နဲ့ ဓါးလွယ် လွယ်ပေးကာ၊ ကချင်အမျိုးသမီး ၆ဦးဖြင့် မှတ်တမ်းဓါတ်ပုံရိုက်ခဲ့ကြသည်။
အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား ပြည်ထောင်စု ပုံစံဖြင့် လုံးဝလွတ်လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကို ၁၉၄၇ခုနှစ် ဇန်နဝါရီလ (၂၇)ရက်နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရတော့သည်။
၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့မှာ စည်းဝေးလုပ်ရန်အတွက် နေရပ်ဌာနေ အသီးသီးမှ ကိုယ်စားလှယ်လောင်းများအား ဖိတ်ကြားလိုက်သည်။
၁၉၄၇ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့ မြစ်ကြီးနား၌ ကချင်တိုင်းရင်းသား ခေါင်းဆောင်များစုဝေးကာ ပင်လုံစည်းဝေးသွားရန် ခေါင်းဆောင်ရွေးချယ်ခဲ့သည်။ မြစ်ကြီးနား မှ ခေါင်းဆောင် (၈)ဦးနှင့် ဗန်းမော်မှ ခေါင်းဆောင် (၄)ဦးသွားရောက်ခဲ့သည်။
၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် နံနက် ၁၁း၀၀နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ အခြားဗမာခေါင်းဆောင်များနှင့်တူ ကချင်၊ ရှမ်း၊ ချင်းကိုယ်စားလှယ်များများအားလုံး  ပင်လုံညီလာခံ စတင်လာခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းက “တောင်တန်းဒေသများ အတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိကြောင်း၊ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။” ဟု မိန့်ခွန်းပြောဆိုခဲ့သည်။ ယင်း “ပင်လုံစာချုပ်” ကိုအခြေခံတဲ့ ၁၉၄၇ အခြေခံဥပဒေအရ အင်္ဂလိပ်အစိုးရမှ မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးခဲ့သည်။
အခြေခံဥပဒေအရ ပုဒ်မ ၁/၆ တွင်ရေးသားသည့်အတိုင်း “မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များ ဟူ၍ ယခင်က ခေါ်တွင်ခဲ့သော နယ်မြေများကို၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင်တစ်ခု အဖြစ်၊ ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စု အဖွဲ့ဝင်ကို ဤမှ နောင်အဖို့တွင် ‘ကချင်ပြည်နယ်’ ဟုခေါ်ဆိုရမည်။” ဟု ရေးဖွဲ့ထားသည့်အတိုင်း မြစ်ကြီးနား အပိုင်း ၁၊ ၂ နှင့် ဗန်းမော် အပိုင်း ၁၊ ၂ တို့အား ပြည်ထောင်စု အဖွဲ့ဝင် အဖြစ် ပေါင်းစည်းလိုက်ကာ ကချင်ပြည်နယ်ဟု သတ်မှတ်ခဲ့ကြသည်။
ကချင်ပြည်နယ်ဟု ခေါ်ဆိုရာတွင် အင်္ဂလိပ် အစိုးရမှ မြစ်ကြီးနားမြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့ကို သတ်မှတ်ပေးခြင်းဖြစ်သည်။ အရှေ့လောင်ဂျီတွဒ် ၉၆ံနှင့် ၉၈ံ ၄၇’ ကြား၊ မြောက်လတ်တီတွဒ် ၂၃ံ ၃၇’ နှင့် ၂၈ံ ၃၂’ ကြားရှိပြီး ဧရိယာ စတုရန်း ၃၃၉၀၃ ခန့် ရှိသည်။ နယ်စပ်ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ တိဘက်ပြည်၊ တရုတ်ပြည်တို့မှ နယ်မြေ သတ်မှတ်ယူကာ ကချင်ပြည်နယ် ဟု သတ်မှတ်လာခဲ့သည်။


MOGAUNG EXPRESS မှပြန်လည်မျှဝေပေးပါသည်။


 

Wednesday, August 13, 2014

* ဧရာဝတီမြစ် သမိုင်း *

                                                          



အင်္ဂလိပ်ဘာသာအားဖြင့် Irrawaddy သို့မဟုတ် Ayeyarwaddy ဟုခေါ်ဆိုသည့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံရှိ အကြီးဆုံးမြစ်ဖြစ်ပြီး မြန်မာပြည်၏ အဓိကသွေးကြောကြီးသဖွယ် မြစ်တစ်ခုလည်း ဖြစ်ပေသည်။ ဧ​ရာဝတီ ဟူသောအမည်မှာ သင်္သကရိုက်ဘာသာမှ ဆင်းသက်လာသည်ဟု ယူဆရပြီး အဓိပ္ပါယ်မှာ ဆင်မြစ်ဖြစ်သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ ဗဟိုချက်မနေရာများကို ဖြတ်သန်း စီးဆင်းသွားသည်။ မြစ်ဝှမ်းသည် (၄၁၃, ၆၇၄) စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး၊ မြန်မာနိုင်ငံ စုစုပေါင်းအကျယ်အဝန်း၏ (၆၁) ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။ ဧရာဝတီမြစ်သည် မြစ်ကြောင်းအလျား(၂, ၁၇ဝ) ကီလိုမီတာနီးပါး ရှည်လျှားပြီး၊ တိုင်းပြည်၏ အရေးအကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းလည်း ဖြစ်သည်။
ဧရာဝတီမြစ်သည် ကချင်ပြည်နယ်ရှိ မလိခနှင့် အင်မိုင်ခ (မေခ) မြစ်များပေါင်းဆုံရာမှနေ၍ စတင်စီးဆင်းသည်။ ဤမြစ်ဖျား ခံရာ မြစ်နှစ်စင်းလုံးသည် ဟိမဝန္တာတောင်တန်း၏ အရှေ့တောင်ပိုင်းဒေသမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ အင်မိုင်ခမြစ် သည် ပူတာအိုမြောက်ဘက်ရှိ လင်ဂွေလာ ရေခဲတောင်ထွဋ် (Languela Glacier) မှာ စတင်ပေါ် ထွန်းသည်။ မြစ်ဆုံသည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၏ မြောက်ဘက် (၂၈) မိုင် အကွာတွင် တည်ရှိသည်။ ဧရာဝတီအတွင်း စီးဝင်သည့် အဓိကရေဝေမြစ် ၃ ခုမှာ ချင်းတွင်း၊ ရွှေလီနှင့် မြစ်ငယ်မြစ်တို့ ဖြစ်ကြသည်။

နာမည်တူမြစ်
--------------
လွန်ခဲ့သော နှစ်ပေါင်းများစွာက “ဧရာဝတီ” ဟု ခေါ်ဆိုသော မြစ်နှစ်ခု ရှိခဲ့ပါသည်။ တစ်ခုက ပါရူရှနီ (Parushani) ခေါ် ဧရာဝတီ (Iravati) မြစ် ဖြစ်ပါသည်။ ယင်းမြစ်သည် ယခုအခါ အိန္ဒိယနိုင်ငံတွင် မြစ်ဖျားခံပြီး ပါကစ္စတန်နိုင်ငံထဲသို့ စီးဝင် ပါသည်။ ထိုမြစ်ကို ရှေးယခင်က ဧရာဝတီဟု ခေါ်ကြပါသည်။ ယခုအခါ ထိုမြစ်၏ ပတ်ဝန်းကျင်တွင် နေထိုင် သူတို့၏ ဘာသာတရား ကိုးကွယ်မှုအရ “ရာဝီ” (Ravi)ဟု ခေါ်ကြပါသည်။

မြစ်ဆုံ
-------


မိုင်ပေါင်း(၁၃၀၀)ကျော် ရှည်လျားသော ဧရာဝတီမြစ်ကြောင်းသည် ကချင်ပြည်နယ် မြောက်ဘက်စွန်းရှိနှင်းဖုန်းတောင်များမှ မေခနှင့် မေလိခဟူသော မြစ်နှစ်သွယ်ဖြင့် မြစ်ဖျားခံအစပြုကာ တောင်ဖက်သို့ စီးဆင်းလာခဲ့ရာမြစ်ကြီးနားမြို့ အထက် နှစ်ဆယ့်ရှစ်မိုင်ခန့် အရောက်တွင် ပေါင်းဆုံမိကြလေသည်။ မြစ်ဆုံသည် ဧရာဝတီမြစ်၏ အစပင် ဖြစ်တော့သည်။ မြစ်ဆုံဒေသသည် ကျောက်စလစ်ခဲများ ပေါများပြီး အေးစိမ့်လှ၏။ မြစ်ဆုံရေသည်လည်း အေးစိမ့်နေပေသည်။ မြစ်ဆုံရေသည် တိမ်လည်းတိမ် ကြည်လည်းကြည်လင်နေရကား ရေထဲသို့ ငုံ့ကြည့်လိုက်လျှင် ငါးကြီးငါးငယ်တို့ သွားလာကူးခတ်နေသည်ကို မြင်ရပေသည်။
ဧရာဝတီမြစ်သည် မြစ်ကြီးနားတစ်ဝိုက် အရောက်တွင် ကိုက်ငါးရာမျှ ကျယ်ပြန့်ပေသည်။ ဤနေရာတွင် ကမ်းပါးသည် အတော်မတ်စောက်ပြီး ၊ ကမ်းပါးပေါ်တွင် သစ်တော၊ ကိုင်းတောများ စိမ်းစိမ်းစိုစို ပေါက်ရောက်နေသည်။ မြစ်ကြီးနားမှ အစုန်ခရီး ၄၈-မိုင်အကွာ တာဟိုးနားရွာ အနီးတွင် ကျောက်စိမ်းနှင့် ပယင်းထွက်ရာ အနောက်ဘက် မိုးကောင်းတောင်စဉ် တောင်တန်းမှ တသွင်သွင်စီးဆင်း၍ ဧရာဝတီမြစ်နှင့် လာရောက်ပေါင်းဆုံသော မိုးကောင်းချောင်းကလေးကို တွေ့ရပြန်သည်။ ထိုမှစုန်သော် မြစ်သည် အကောက်အကွေ့ ပိုမိုများလာ၏။ မန်ဖွာရွာအနီး ကျောက်တောင်ကြီးများသည် မြစ်လည်တွင် ပေါ်နေသည်။ ၀ဲဇလုပ်များကလည်း အသီးသီးဖြစ်ပေါ်နေ၏။

ပထမမြစ်ကျဉ်း
----------------
ဆင်ဘိုရွာကို လွန်မိပြီ ဆိုသည်နှင့် ရေစီးသန်လာလေတော့သည်။ မြင်သာရွာအလွန်တွင် မြစ်ကြောင်းကလည်း ပိုမိုကျဉ်းမြောင်း လာလေသည်။ မြစ်ကြောင်းကျဉ်းမြောင်းလာလေလေ ရေများသည် စုစုလာလေလေဖြစ်သည်။ ကမ်းနှစ်ဖက် အကွာအဝေးသည် ကိုက် (၅၀)ခန့်သာရှိတော့သည်။ အပေါ်မှ တရကြမ်း ထိုးဆင်းလာသော ရေသည် ရှေ့၌ ကာဆီးလျှက်ရှိသော ကျောက်တောင်ကြီးများကို အဟုန်ပြင်းစွာဖြင့် တိုက်ခိုက်ရာ ရေမှုန်ရေမွှားများ တဖွားဖွား ပြန့်စင်နေ၏။ ပွတ်တိုက်နေသည့် တဝေါဝေါ မည်သံများကိုလည်း အဝေးမှပင် ကြားနေရပါသည်။ ကမ်းတစ်ဖက် တစ်ချက်ရှိ ကျောက်တောင်နံရံများကလည်း ဇွတ်အတင်း ထိုးဆင်း နေသော မြစ်ရေလုံးကို ဟိုမှာဆီး၊ သည်မှတား နေသည့်နှယ် ရှိလေသည်။ တစ်ခါတစ်ရံ အရှေ့တည့်တည့်တွင် တောင်ကြီး ကာစီးနေသည်ကို မြင်လိုက်ရပြီး မြစ်ကြောင်း လုံးဝပျောက်သွားသကဲ့သို့ ထင်ရသည်။ စုန်ဆင်းလာသော သင်္ဘောများသည် တောင်ကို ဆောင့်မည့်ဆဲဆဲ ရှိနေရာမှ လင်္ကျာဘက် ကသော်၎င်း၊ လက်ဝဲဘက်ကသော်၎င်း ရေကြောင်းလမ်းကလေး ပေါ်လာ၍ ယင်းဘက်သို့ ဆက်ကနဲလှည့်ကာ ချိုးကွေ့လိုက်ရပြန်သည်။ အနောက်ဖက်ကမ်းရှိ မြစေတီရွာကိုလွန်သော် မြစ်ကျဉ်းသည် တစ်ဖြည်းဖြည်း ပြန်လည်ကျယ်ပြန့်လာလေသည်။ ဤသည်မှာ ၃၃-မိုင်ခန့် ရှည်လျားသော ပထမမြစ်ကျဉ်း၏ အဆုံးပင် ဖြစ်တော့သည်။
ထိုမှစုန်သော် ဗန်းမော်သို့၊ ဗန်းမော်အနီးသို့ ဧရာဝတီမြစ်ရောက်သောအခါ မြေနုချိုင့်ဝှမ်းကို ဖြတ်သန်းလေတော့သည်။ မြစ်ပြင်သည်လည်း နှစ်မိုင်နီးပါး ကျယ်ပြန့်နေလေသည်။ ဗန်းမော်မြို့အထက်နားလေးတွင်လည်း အရှေ့ဘက် ယူနန်ကုန်းပြင်မြင့်မှ စီးဆင်းလာသော တာပိန်မြစ်သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်လေသည်။

ဒုတိယမြစ်ကျဉ်း
-----------------
ဗန်းမော်မှအစုန် ၁၈-မိုင်ခန့်ဝေးသော စင်းကန်းရွာ အလွန်တွင် ဒုတိယမြစ်ကျဉ်း စပါတော့သည်။ မြစ်ကြောင်းမှာလည်း အရှေ့မှ အနောက်သို့ စီးဆင်းနေ၏။ စင်းကန်းရွာမှ ရွှေဂူမြို့ အထက်နားရှိ အင်္ဘောဝင်းရွာအထိ ဒုတိယမြစ်ကျဉ်း နေရာဖြစ်လေသည်။ ဆယ့်လေးမိုင်ခန့် ရှည်၍ ပျှမ်းမျှ ကိုက်၁၅၀သာ ကျယ်ပေသည်။ မြစ်ကြောင်းသည် တောင်မြင့်ကမ်းပါးကြားတွင် စီးရ၏။ ရွှေဂူမြို့ အနားရောက်လျှင် မြစ်လယ်ရှိ သောင်ကျွန်းကို၎င်း၊ သောင်ကျွန်း ပြည့်တည်ထားသော ဘုရားစေတီများကို၎င်း တွေ့မြင်ရပြန်သည်။ မြစ်ကြောင်းကလည်း အနောက်ဘက်သို့ ဆက်လက်စီးနေသည်။ ထိုမှစုန်သော် အနောက်ဘက်ကမ်းပေါ်ရှိ ကသာမြို့သို့ ရောက်သည်။
ကသာမြို့အောက်နားတွင် အရှေ့ဘက်မှ ရွှေလီမြစ်သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်ပြန်သည်။ သစ်ဖောင်ဝါးဖောင်များ မျှောချလာသည်ကို မြင်ရပြန်လေသည်။ ကသာကိုလွန်သော် ဧရာဝတီသည် တောင်ဘက်သို့ ကွေ့ဆင်းလေသည်။ ကသာမြို့မှ ထီးချိုင့်၊ ၎င်းမှ မဇ္စျိမဒေသ သကျသာကီဝင်မင်းများ လာရောက် နန်းစိုက်ခဲ့ဖူးသည် ဆိုသော တကောင်းမြို့ဟောင်း၊ တကောင်းမှသည် မိုင်လေးဆယ် ခန့်ဝေးသော မလည်ရွာသို့ ရောက်လေသည်။

တတိယမြစ်ကျဉ်း
------------------
မလည်ရွာအလွန်တွင် တတိယမြစ်ကျဉ်း စပါတော့သည်။ မလည်ရွာအောက်တွင် တောင်တန်းနိမ့်များမှာ ကမ်းစပ်နှင့်ပို၍ နီးလာသည်ကို တွေ့ရသည်။ အရှေ့ဘက်ကမ်းတွင်လည်း မိုးကုတ်တောင်တန်း မှိုင်းမှိုင်းညို့ညို့ကို တွေ့မြင်ရသည်။ အရှေ့ဘက်ကမ်းပေါ်ရှိ သပိတ်ကျင်းမြို့သည် မိုးကုတ်မြို့၏ ဆိပ်ကမ်းမြို့လည်းဖြစ်လေသည်။ သပိတ်ကျင်းမြို့မှ လွန်သော် သီဟတောရွာနှင့် ဘုရား၊ သုံးဆယ့်ရှစ်မိုင် ခန့်ရှိသော တတိယ မြစ်ကျဉ်းသည် မလည်ရွာမှစ၍ ကျောက်မြောင်းမြို့အနီး၌ ဆုံးလေသည်။
 
မြေလတ်ဒေသ
----------------

ကျောက်မြောင်းသည် အနောက်ဘက် ရွှေဘို၏ ဆိပ်ကမ်းဖြစ်ပြီး ကျောက်မြောင်းအလွန်တွင် မြစ်ပြင်သည် ပြန်လည် ကျယ်ပြန့် လာသည်။ ကျောက်မြောင်း၊ ရွှေဘိုဒေသ ရှုခင်းသည် ခြောက်သွေ့၏။ သစ်ပင်ချုံနွယ်များ ကျဲလာပြီး၊ တောင်များ ညိုပုပ်ပုပ်အရောင် ပြောင်းလာသည်။ မြစ်ကြောင်းကား မြေပြန့်လွင်ပြင်ကို ဖြတ်သန်းစီးဆင်း၍ မြစ်ပြင်ကျယ်လာသည်ကား မှန်၏။ သို့ရာတွင် စည်းသောင် တိမ်သောင် များလွန်း၍ ရေကြောင်းမှာ ရေမွှာ ရေခွဲများဖြင့် ကွဲသည်။ ဧရာဝတီမြစ်အတွင်း ဧရာဝတီ လင်းပိုင်များ ကျက်စားနေထိုင်လေ့ရှိသော နေရာများမှာ ဗန်းမော်မြို့နှင့် မန္တလေးမြို့အကြားရှိမြစ်အပိုင်းအတွင်း တွင် ဖြန့်ကြက်သွားလာ ပေါက်ဖွား ရှင်သန်လျက်ရှိသည်။ ဧရာဝတီ လင်းပိုင်သည် အရှေ့တောင် အာရှ၏ ထင်ရှားသော ပြယုဂ် တစ်ခု ဖြစ်သည်။ ကျောက်မြောင်းမှ ရှိမ်းမကား၊ ထိုမှတဖန် မင်းကွန်းကို ဖြတ်သည်။ မင်းကွန်းပုထိုးတော်ကြီးကို အဝေးမှပင် ဖူးတွေ့နိုင်ပေသည်။ မင်းကွန်းမှသည် မန္တလေးမြို့ ဂေါဝန်ဆိပ်သို့ ရောက်သည်။
ဤတွင် မန္တလေးနှင့် တဆက်တည်းရှိသော အမရပူရမြို့ အစွန် တောင်ပူစာနှစ်ခု ထိပ်၌ရှိသော ရွှေကြက်ယက်စေတီ၊ ရွှေကြက်ကျစေတီ နှစ်ဆူကို ဧရာဝတီမြစ်ပေါ်မှ ဖူးတွေ့ရပြန်သည်။ အမရပူရမြို့၏ အရှေ့တောင်ဘက်ကို လှမ်းကြည့်ပြန်သော် သပြေတန်း ခံတပ်ဟောင်း၊ ထို့နောက် ဧရာဝတီမြစ်ထဲသို့ စီးဝင်နေသော မြစ်ငယ်မြစ်နှင့် ယင်းမြစ်၏ တစ်ဘက်ကမ်းတွင်ကား အင်းဝမြို့ဟောင်းကို တွေ့မြင်ရလေသည်။ အနောက်ဘက်တွင်ကား စစ်ကိုင်းမြို့ ၊ အမရပူရနှင့် စစ်ကိုင်းကြားတွင် စစ်ကိုင်းတံတား က ကူးဆက်ထားပြန်သည်။ စစ်ကိုင်းမြို့၏ အနောက်ဘက်တွင်မူ မှိုင်းမှိုင်းညို့ညို့နှင့် စစ်ကိုင်းတောင်ရိုး၊ နေရာအကွက်ကလည်း ကျလှပေ၏။ အနောက်ဘက်တွင် စစ်ကိုင်းမြို့နှင့် မင်းဝံတောင်၊ အရှေ့ဘက်တွင် ရွှေကြက်ယက်နှင့် ရွှေကြက်ကျ စေတီဖြူဖြူ အလည်တွင် မြစ်ရေဖွေးဖွေး မြင်ရသည်မှာ ကြည်နူးစရာ အလှအပ ရှုခင်းပါပေတည်း။
စစ်ကိုင်းအလွန်တွင် မြစ်ကြောင်းသည် အနောက်ဘက်သို့ ကွေ့ဝင်သွားသည်။ မကြာမီ ရွာသစ်ကြီးကို ဖြတ်သန်းရသည်။ ၎င်းနောက် မြင်းမူ၊ ဆီမီးခုံ၊ နဂါးပေါက်၊ ရန္တပို စသောရွာများကို ဖြတ်သန်းလာခဲ့ရပြန်သည်။ ထို့နောက် မြစ်ကြောင်းသည် တောင်ဘက်သို့ ပြောင်း၍ စုန်ဆင်းပြန်၏။ မန္တလေးမှ မိုင်ရှစ်ဆယ် ဝေးသောမြင်းခြံမြို့၊ မြင်းခြံဆိပ်ကမ်းကို သင်္ဘောကပ်၍ မရပါ။ ဆိပ်ကမ်းဝတွင် ဧရာမ သောင်ပြင်ကြီးက ထီးထီးချည်း ခံနေလေသည်။ ထို့နောက် မြင်းခြံအောက် အနောက်ဘက် ကမ်းရှိ ပခုက္ကူမြို့ကို ဆိုက်ရောက်ပေသည်။

ဧရာဝတီယဉ်ကျေးမှု
----------------------
ပခုက္ကူမြို့သည် အလုံ၊ မုံရွာဘက်မှ စီးဆင်းလာသော ချင်းတွင်းမြစ် နှင့် ဧရာဝတီမြစ် ပေါင်းဆုံရာ အောက်နားတွင် တည်ရှိပြီး၊ အနောက်ဘက်တွင် ယောချောင်း၊ ချင်းတို့၏ ဒေသနှင့်လည်း အဆက်အသွယ် များလေသည်။ ပခုက္ကူမှ စုန်ဆင်းလာခဲ့ရာ အနောက်ဘက်ကမ်းတွင် မြစ်ခြေ၊ ကျွန်းချောင်း ဓာတ်မြေသြဇာစက်ရုံ တည်ရှိသည်။ ပခုက္ကူမှ ၂၅-မိုင်ခန့် အကွာတွင် တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ ၊ ဟင်္သာမောင်နှံများ၊ ရေဘဲများ၊ ဝေသာလီဗျိုင်းများ ပျော်မြူးနေကြသော သောင်ပြင်ကျယ်ကြီးကို တွေ့ရလေသည်။ ညာဘက်တွင် တန့်ကြည်တောင်တန်း၊ ဘယ်ဘက်တွင် ညောင်ဦးမြို့ နတ်သမီးကမ်းပါး စောက်တို့သည် မြင်ကွင်းတွင် တဖြည်းဖြည်း ပေါ်လာလေသည်။ ညောင်ဦးမြို့သည် ပုဂံမြို့ဟောင်း၏ ဆိပ်ကမ်းမြို့ဖြစ်သည်။ ပုဂံမှာ သောင်ထွန်း၍ လှေသင်္ဘောများ မကပ်နိုင်ပေ။ ဧရာဝတီမြစ်ကြီး တစ်လျှောက်တွင် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ အင်းဝ စတဲ့ မြန်မာ့သမိုင်းကြီးတွင် ပေါ်ထွန်းခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုတွေ ထွန်းကားလာခဲ့သည်။ စဉ်စစ် မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှုဆိုသည် ဧရာဝတီသမိုင်း၊ ဧရာဝတီယဉ်ကျေးမှုပင် ဖြစ်တော့သည်။

ပုဂံမှသည် မြေဆီမှ ရွှေရည်ထွက်ရာ ရေနံမြေကို ဖြတ်ကျော်လျှက် မြစ်၏ အနောက်ဘက်တွင် ရေနံချပ်နှင့် လမ်းရွာ၊ အရှေ့ဘက်တွင် စဥ့်ကူးနှင့် ချောက်၊ ချောက်မှသည် မိုင် ၄၀-ခန့်ဝေးသော ရေနံချောင်းမြို့၊ ဤနေရာတစ်လျှောက် မြစ်ကြောင်းသည် ဖြောင့်လိုက်၊ ကောက်လိုက် ရှိလေသည်။ မတ်စောက်သော ကမ်းပါးများ၏ ကုန်းပေါ်တွင် မျှော်စင်တွေနှင့် ရေနံတွင်းများ၊ စက်ရုံများကို တွေ့ရလေသည်။ ချောက်မှ သုံးမိုင်အကွာ စလေမြို့၊ စလေမှ ၁၅-မိုင်ဝေးသော ဆင်ဖြူကျွန်းမြို့ကို ဖြတ်ကျော်သည်။ ဆင်ဖြူကျွန်း တစ်ဝိုက်တွင် မြစ်သည် တံစုန်းများ ပေါများသည်။ (တံစုန်းများဆိုသည်မှာ ရေမြုပ်သစ်ပင်၊ သစ်တုံးနှင့် ရေပေါ်ရေမျော သစ်တုံးများကို ဆိုလိုသည်။)
ဆင်ဖြူကျွန်းမှ တစ်ဖန် ရေနံချောင်းအောက်ဘက် ၂၅-မိုင်ခန့် ကွာဝေးသော အနောက်ဘက်ကမ်းရှိ မင်းဘူးမြို့၊ မင်းဘူးမြို့သည် မုန်းချောင်း၊ မန်းချောင်းတို့မှ မြောင်းသွယ်ထားသဖြင့် စိုက်ပျိုးရေး ထွန်းကားသော ဒေသဖြစ်လေသည်။ မင်းဘူးနှင့် ဓားလွယ်ခုတ် မြစ်ကမ်းပါး စောက်ပေါ်တွင် မကွေးမြို့၏ ကျက်သရေဆောင် ရွှေတ၀င်းဝင်းနှင့် မြသလွန်ဘုရားကို ဖူးမြင်ရပြန်သည်။ ထိုမှတဆင့် အရှေ့ဘက် မြစ်ကြောင်းကွေ့သည့်အတိုင်း စုန်ဆင်းလာရာ အနောက်ဘက် ရခိုင်ရိုးမမှ ဖြာထွက်သော တောင်စွယ်သည်၎င်း၊ အရှေ့ဘက် ပဲခူးရိုးမမှ ဖြာထွက်လာသော တောင်စွယ်သည်၎င်း ကမ်းပါးအထိ ရောက်လာသည်ကို တွေ့မြင်ရပြန်သည်။ ထိုမှလွန်သော် အနောက်ဘက်ကမ်းရှိ မင်းလှနှင့် မလွန်၊ ထိုမှ အရှေ့ဘက်ကမ်းရှိ ဆင်ပေါက်ဝဲ၊ မြေထဲမြို့ များကို ဖြတ်လာခဲ့ရသည်။ မြေထဲအောက် အနောက်ဘက်ကမ်းရှိ သရက်၊ ညောင်ပင်ဆိပ်၊ ကမ္ပတို့ကို လွန်သော် ဖိုးဦးတောင်ကို၎င်း၊ အရှေ့ဘက်ကမ်းတွင် ပြည်မြို့ကို၎င်း ချဉ်းကပ်လာပြန်သည်။

မြစ်ဝကျွန်းပေါ်
---------------

ပြည်မှ တစ်ဖန် ခွာလေရာ ထုံးဘိုရွာအနီးတွင် မြစ်ကမ်းပါးအရောက် ထိုးထွက်နေသော ကျောက်နံရံကျယ်ကြီးကို တွေ့မြင်ရပြန်သည်။ ယင်းကို အကောက်တောင် ဟု ခေါ်သည်။ ထိုအကောက်တောင် နံရံများတွင် ဘုရားဆင်းတု ပုံတော် အမျိုးမျိုးကို ကြည်ညိုစရာ ထွင်းထုထားသည်ကို မြစ်ထဲမှ ကောင်းစွာဖူးမျှော် တွေ့မြင်နိုင်ပေသည်။ ပြည်မြို့အောက် မိုင်၅၀-ခန့်ရှိ မြန်အောင်ကို ဖြတ်သည်နှင့် မိုးကောင်း၍ စိမ်းစိုသော မြစ်ဝကျွန်းပေါ် အစကို တွေ့မြင်နိုင်သည်။
ဧရာဝတီမြစ်သည် ရေစီးနှင့်အတူ နူံးမြေများကို သယ်ဆောင်ရာက တဖြည်းဖြည်း ပို့လာပြီး မြစ်ဝကျွန်းပေါ် မြေနုကျွန်းများ ဖြစ်ပေါ်လာခဲ့ရလေသည်။ မြစ်အကြေတွင် ဧရာဝတီမြစ်သည် မြစ်လက်တက် ၉ ခုဖြင့် အက်ဒမန်ပင်လယ် (မုတ္တမပင်လယ်) ထဲသို့ စီးဆင်းပေါင်းဝင်သွားသည်။ ထိုအခါ ဧရာဝတီမြစ်သည် မြန်အောင်မြို့ အောက်နားမှစ၍ ပုသိမ်မြစ်၊ ရွေးမြစ်၊ ဧရာဝတီမြစ်မကြီး၊ ဖျာပုံမြစ် စသည်ဖြင့် မြစ်ငယ်များ ချောင်းများ ခွဲ၍ခွဲ၍ မုတ္တမပင်လယ်ထဲသို့ စီးဝင်လေသည်။
ဧရာဝတီမြစ်မကြီးအတိုင်း ကြံခင်း၊ ဟင်္သာတ၊ ဓနုဖြူ၊ ညောင်တုန်းမြို့များကို ဖြတ်ကျော်ပြီး ညောင်တုန်းမြို့ အောက်ဘက်တွင် ဧရာဝတီမြစ်မကြီးသည် မြစ်ငယ်၊ ချောင်းတိုများ ထပ်မံဖြာထွက်ပြန်သည်။ ညောင်တုန်းမြို့မှ တစ်ဆင့် ဧရာဝတီမြစ်မကြီးမှ ခွဲထွက်ကာ ပန်းလှိုင်၊ လှိုင်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာခဲ့ရာ ရွှေတိဂုံ စေတီတော်ကြီးကို လှမ်း၍ ဖူးမျှော်ရပြီး ရန်ကုန်မြို့သို့ ရောက်ရှိလေတော့သည်။ ရန်ကုန်၏ တစ်ဖက်ကမ်းတွင် ဒလ၊ တွံ့တေးမြို့ များရှိပြီး ရန်ကုန်ကို ကျော်လျှင် သန်လျင်မြို့ ကိုတွေ့ရပြီး ဧရာဝတီမြစ်သည် မုတ္တမပင်လယ်ထဲသို့ စီးဝင်လေသည်။
မြစ်အောက်ပိုင်းဖြစ်သော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ကျယ်ဝန်း၍ မြေဆီမြေနှစ်ပြည့်ဝသော မြေပြန့်လွင်ပြင်တခု ဖြစ်ပြီး၊ အလျား (၂၉ဝ) ကီလိုမီတာနှင့် အနံ (၂၄ဝ) ကီလိုမီတာ ရှိသည်။ မြစ်ဝကျွန်းပေါ်ဒေသ အောက်ပိုင်းသည် လမု ရွှံ့ညွံတောနှင့် ဒီရေရောက် မြစ်ဝဒေသဖြစ်ပြီး၊ ထိခိုက်လွယ်သော နူးညံ့သိမ်မွေ့သော ဂေဟစနစ်တခုလည်း ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသသည် လူဦးရေ (၃) သန်းကျော်မှီတင်းနေထိုင်ရာဖြစ်ပြီး၊ မြန်မာနိုင်ငံ ဆန်စပါးအထွက်၏ (၆ဝ) ရာခိုင် နှုန်းနီးပါးကို ဤဒေသကထုတ်လုပ် ဖြည့်ဆည်းပေးနေသည်။ ပုဂ္ဂလိကပိုင် ပုဇွန်မွေးလုပ်ငန်းများ စည်းကမ်းမဲ့လုပ်ကိုင်နေကြမှုနှင့် သစ်တောပြုန်းတီးမှုများကြောင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီး ဆုံးရှုံးနေကြရပြီး၊ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ (World Wildlife Fund) က ဧရာဝတီ ရေချို ရွှံ့ညွံတောများရှိ ဂေဟစနစ်အတွင်း နေထိုင်နေကြသော တောရိုင်းတိရစ္ဆာန်များအဖို့ အနာဂတ်ရှင်သန် နိုင်ရေး သည် "အထူးစိုးရိမ်ဖွယ် အခြေအနေဆိုးရွားနေကြောင်း" ဖော်ပြခဲ့ပါသည်။ 

သမိုင်းထဲက ဧရာဝတီ
-----------------------
မြန်မာ့ သမိုင်းတစ်လျှောက်တွင် ဧရာဝတီမြစ်သည် အရေးပါသည့် အခန်းမှ ပါဝင်ခဲ့သည်။ ပုဂံခေတ်မှစကာ နောက်ဆုံး ကုန်းဘောင်ခေတ်တိုင် ခေတ်အဆက်ဆက်တွင် အရေးပါသည့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး တို့တွင် အသုံးချခဲ့ကြသည်။ မွန်- မြန်မာစစ်ပွဲများဟု ထင်ရှားသည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ကာလများအတွင်းတွင် ဧရာဝတီမြစ်သည် အဓိက စစ်ချီတက်ရာလမ်းကြောင်းကြီးဖြစ်ခဲ့သည်။ ဧရာဝတီမြစ်ကမ်းပေါ်ရှိပြည်မြို့သည်လည်း နှစ်ဖက်စစ်ရင်ဆိုင်ရာ ရှေ့တန်းစစ်မျက်နှာဖြစ်ခဲ့သည်။ ဘုရင့်နောင်လက်ထက်တွင်လည်း အထက်မြန်မာနိုင်ငံတလွှား တိုက်ခိုက်ရာတွင် စစ်ချီလမ်းကြောင်းအဖြစ် ဧရာဝတီမြစ်ကို အဓိကအားဖြင့် အသုံးပြုခဲ့ပြန်သည်။ ထို့အတူ ညောင်ရမ်းခေတ်ဦး မင်းများဖြစ်ကြသည့် အနောက်ဖက်လွန်မင်း နှင့် သာလွန်မင်းတို့လည်း ဧရာဝတီမြစ်ကို စုန်ဆန်သွားလာခြဲ့ကသည်။ ကုန်းဘောင်ခေတ် တစ်လျှောက်လုံးတွင်လည်း ရန်သူအင်္ဂလိပ်တို့ကို ခုခံရာတွင် မြစ်ရိုးတစ်လျှောက် ခံတပ်များ တည်ဆောက်ခဲ့ကြရာ မင်းလှခံတပ်နှင့် အင်းဝခံတပ်တို့မှာ နာမည်ကျော်သည်။

မြစ်လက်တက်များ
--------------------
အဓိကမြစ်လက်တက်ကြီးများမှာ-
  1. တာပိန်မြစ်
  2. ရွှေလီမြစ်
  3. မြစ်ငယ်မြစ် (ဒုဌဝတီမြစ်)
  4. မူးမြစ်
  5. ချင်းတွင်းမြစ် တို့ဖြစ်ကြသည်။
ထို့ပြင် ချောင်းလက်တက်များလည်း ရှိသေးသည်။
  • ချောင်းမကြီးချောင်း (အနောက်ဘက်)
  • စလင်းချောင်း (အနောက်ဘက်)
  • မုန်းချောင်း (အနောက်ဘက်)
  • မန်းချောင်း (အနောက်ဘက်)
  • မင်းတုန်းချောင်း (အနောက်ဘက်)
  • ပင်းချောင်း (အရှေ့ဘက်)
  • ယင်းချောင်း (အရှေ့ဘက်)
  • ဒေါင်းသေချောင်း (အရှေ့ဘက်)
  • ဗွက်ကြီးချောင်း (အရှေ့ဘက်)

မြစ်ကြောင်းတစ်လျှောက် အရေးပါသည့် မြို့များ
---------------------------------------------------
  • ပူတာအို
  • မြစ်ကြီးနား
  • ဗန်းမော်
  • ကသာ
  • တကောင်း
  • ကျောက်မြောင်း
  • မန္တလေး
  • စစ်ကိုင်း
  • ချောက်
  • ပုဂံ-ညောင်ဦး
  • မကွေး
  • ပြည်
  • ဟင်္သာတ
  • ပုသိမ်

  • ဧရာဝတီမြစ်ကူး တံတားများ
    ------------------------------
    ဗြိတိသျှကိုလိုနီအစိုးရက ၁၉၃၄ တွင် အင်းဝတံတား(စစ်ကိုင်းတံတား)ကို တည်ဆောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အဝင် အင်္ဂလိပ်အပြေးတွင် ဗြိသျှတပ်များက တံတားကြီးကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။ မြန်မာပြည်လွတ်လပ်ရေးရပြီး ၁၉၅၄ခုနှစ်တွင် တံတားကြီးကို ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့သည်။ နှစ်ပေါင်းများစွာကြာသည့်တိုင် တစ်ခုတည်းသော ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်ခဲ့သည်။

    ထပ်မံအသစ်တည်ဆောက်သောတံတားကြီးများမှာ -
    • ဧရာဝတီတံတား (ရတနာပုံ) (ယခင်အင်းဝတံတားကြီး၏ အထက်ဘက်နား)
    • ဗလမင်းထင်တံတား (အင်န်မိုင်ခမြစ်ကူး၊ မြစ်ကြီးနားမြို့အနီး၊ ၁၉၉၈၊နိုဝင်ဘာလ)
    • အနော်ရထာတံတား (ချောက်၊ ၂၀၀၁ခုနှစ်၊ ဧပြီလ)
    • မကွေးတံတား
    • ဗိုလ်မြတ်ထွန်းတံတား (ညောင်တုန်း၊ ၁၉၉၉ခုနှစ်၊ နိုဝင်ဘာလ)
    • နဝဒေးတံတား (ပြည်မြို့၊ ၁၉၉၇၊စက်တင်ဘာ)
    • မအူပင်တံတား (မအူပင်၊ ၁၉၉၈၊ဖေဖော်ဝါရီ)
    • ဧရာဝတီတံတား (ဒေးဒရဲ)
    မှတ်ချက် ( ၂၀၀၅ ) နောက်ပိုင်းတည်ဆောက်သည်. တံတားများမပါရှိသေးပါ။

    ယနေ့ခေတ် လေ့လာတွေ့ရှိချက်
    ----------------------------------
    ဧရာဝတီမြစ်တွင် ငါးမျိုးစိတ်ပေါင်း (၇၉) မျိုး ခိုလှုံရာနေထိုင်ကြသည့်အပြင်၊ ၂ဝဝ၂ ခုနှစ် အထိလေ့လာချက်များအရ ဧရာဝတီမြစ်ဝှမ်း၌ လူအများ အသိ အမှတ်ပြုထားသော ငှက်စားကျက်နယ်မြေ (၄) ခုလည်း ရှိသည်။ မြစ်၏ ဇီဝသတ္တ စုံလင်ထွေပြားမှုအကြောင်းနှင့် ပတ်သက်၍ ကောင်းစွာလေ့လာထားသည်များလည်း မရှိသေးချေ။ မကြာသေးမီက တောင်ကျချောင်း ငါးခူမျိုးစိတ် သစ်များကို ထပ်မံတွေ့ရှိခဲ့ပြီး၊ ဧရာဝတီမြစ်ဆုံနှင့် သိပ်မဝေးလှသောနေရာများတွင် ၂ဝဝ၅ ခုနှစ်က တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ဧရာဝတီမြစ်သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် နုံးတင်မြေနှစ်များ အများဆုံးပို့ချပေးနိုင်သောမြစ်လည်း ဖြစ်သည်။ 
     
    ကိုးကား
    ---------
    1.  ၀င်းသိမ်း(ကျောင်းအုပ်ကြီး၊ ရေကြောင်းပညာသိပ္ပံ)၏ ဧရာနဒီသိပါသည် ဆောင်းပါးမှ ကောက်နုတ်တင်ပြသည်။
    2.  ဧရာဝတီမြစ်ကို ပိတ်ဆို့၍ ဆည်တည်ဆောက်နေခြင်း (Damming the Irrawaddy) မှ
    3. ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း
    4.  en.wikipedia.org

    MOGAUNG EXPRESS မှပြန်လည်မျှဝေပေးပါသည်။ လေးစားလျက်


     

     

     
     

     

     


     

     
     
     

    * ကချင်လူမျိုး *

     

     

    ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း ကချင် လူမျိုးတို့ နေထိုင်ရာ အချက်အခြာဒေသမှာ ချင်းတွင်းမြစ်ဖျားနှင့် ဧရာဝတီမြစ်ဖျားတို့ ဖြတ်သန်း စီးဆင်းရာ ဒေသတ၀ိုက် ဖြစ်သည်။ မြောက်လတ္တီကျု ၂၃ံ ၃၇' နှင့် ၂၈ံ ၂၅' အကြား ၊ အရှေ့လောင်ဂျီကျု ၉၆ံ နှင့် ၉၈ံ ၄၇' ကြားဖြစ်သော အာသံပြည် အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ် - မြန်မာ နယ်စပ်အလွန် ဒေသများတွင် ပျံ့နှံ နေထိုင်ကြသည်။
    ၁၉၃၁ မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ ကချင်လူမျိုး ဦးရေမှာ ၁၅၃၀၀၀ ကျော် ရှိသည်။ ထိုအရေအတွက်တွင် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သော ဒေသများလည်း ရှိခဲ့သည်။ ကချင်ပြည်နယ်တွင် မူလ အရင်းခံနေထိုင်ခဲ့ကြသော စုစုပေါင်းလူမျိုး ၆ မျိုးပေါင်းကာ ကချင်လူမျိုး ဟုခေါ်ဆိုသည်။ ၄င်းလူမျိုး ၆ မျိုးမှာ ဂျိမ်းဖော၊ လီဆူး၊ ဇိုင်ဝါ၊ လောေ်ဝါ်၊ လချိပ် နှင့် ရဝမ် လူမျိုးတို့ ဖြစ်ကြသည်။
    ကချင်ပြည်နယ်တွင် အခြားနေထိုင်သော လူမျိုးများမှာ ရှမ်းနီခေါ် သံလမ်းတစ်လျှောက် နေထိုင်ကြသော လူမျိုးများနှင့် ပူတာအို ချိုင့်ဝှမ်းအတွင်းနေထိုင်ကြသော ခန်တီးရှမ်းလူမျိုးများ ဖြစ်ကြသည်။ ၄င်းရှမ်းလူမျိုးများသည် ကချင်လူမျိုးများနှင့် ရိုးရာ ယဉ်ကျေးမှု အရရော သမိုင်းများ အရပါ အတော်အတန် ကွဲပြားလျှက်ရှိသည်။
      
    မူလဇစ်မြစ်
    ကချင်လူမျိုးတို့မှာ တိဗက် - မြန်မာ အနွယ်ဝင်များ ဖြစ်ကြ၍ မြန်မာလူမျိုးတို့နှင့် ဘိုးစဉ် ဘောင်ဆက်မှစ၍ မျိုးရိုး တစ်ခုတည်း ဆင်းသက်လာခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့၏ မူရင်းဒေသမှာ မဂျွိုင်းရှင်ဂရဘုံ ဖြစ်သည်ဟု မိရိုးဖလာ မှတ်သားထားကြသည်။ ထိုစကား၏ အဓိပ္ပါယ်မှာ သဘာဝအားဖြင့် ပြန့်ပြူးနေသော တောင်ထိပ်ဖြစ်သည်။ ဤပြန့်ပြူနေသော တောင်ထိပ်မှာ တိဗက်ပြည် အရှေ့ဘက်နှင့် စီချွန်နယ်(မကြာမှီက ငလျင်အပြင်းအထန်လှုပ်ခဲ့သည့်ဒေသ) အကြားရှိ ကုန်းမြင့်ဒေသပင် ဖြစ်ဟန်တူပေသည်။
    ရွှေ့ပြောင်းနေထိုင်လာပုံ
    ကချင်မျိုးနွယ်တို့သည် တိဗက်တိုဘားမန်း(တိဗက်မြန်မာ)အနွယ်ဝင်များအနက် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နောက်အကျဆုံး ၀င်ရောက်လာသည့် လူမျိုးစုဖြစ်သည်ဟုခန့်မှန်းရသည်။ ထိုသို့ဝင်ရောက်ရာတွင် မြန်မာအများစုကဲ့သို့ အရှေ့ဖက် ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် အနောက်ဖက် စစ်ကိုင်းတိုင်း အနောက်ဖက် ဒေသများမှ ၀င်ရောက်လာခြင်းမျိုး မဟုတ်ပဲ မြောက်ဖက်စူစူးမှ ၀င်ရောက်လာသည်ဟုဆိုကြပါသည်။ ထိုဒေသမှာ တောတောင်ထူထပ်သည့်အတွက် အုပ်စုများအကြား အချင်းချင်း ဆက်သွယ်မှု နည်းပါးခဲ့ကြသည့်အတွက် လူမျိုးစုများ၊ ဘာသာအယူအဆများ နှင့် ယဉ်ကျေးမှုဆိုင်ရာများ ပါ အနည်းနှင့်အများဆိုသလိုကွဲပြားခဲ့ကြရပါသည်။ကချင်မျိုးနွယ်စုများအတွင်း လူဦးရေအများဆုံးမှာ ဂျိန်ဖော် ဖြစ်သည်။ တောင်ဘက် ဒေသများသို့ ရွှေ့ပြောင်းလာကြရာတွင် ကချင်တို့သည် တရုတ် ၊ မြန်မာ ၊ တိဗက်နှင့် အာသံပြည်တို့၏ နယ်စပ်များ ဆုံရာ တောတောင် ထူထပ်လှသော ဒေသတ၀ိုက်သို့ ရောက်ရှိလာပြီးနောက် ထိုဒေသမှ အခွင့်သာလျှင် သာသည့်အလျှောက် တောင်ဘက် မြန်မာနိုင်ငံအတွင်းသို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့ပြီးနောက် တြိဂံနယ်မြေ (မေခနှင့် မေလိခ မြစ်နှစ်သွယ် စပ်ကြားရှိ သုံးထောင့်ဒေသ) သို့ ရောက်သောအခါတွင် ရှေ့သို့ ဆက်လက် ရွှေ့ပြောင်းခြင်း မပြုပဲ ကာလအတန်ကြာ အခြေစိုက်ခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိပြီးနောက် တောင်တန်းများတလျှောက် တောင်ဘက် ဆွမ်ပရာဘွမ်သို့ ၊ ဆွမ်ပရာဘွမ်မှသည် တောင်ဘက် တောင်ရိုးအတိုင်း၎င်း ၊ အနောက်တောင်ဘက် ဒရုချက်သို့၎င်း ၊ ထပ်မံခွဲသွားသည့် လမ်းတစ်သွယ် ၊ တြိဂံနယ်အတွင်းရှိ တောင်တန်းအတိုင်း ဆက်လာ၍ မေခမြစ်ရိုးတစ်လျှောက် တောင်ဘက်သို့ ဆင်းလာသည့် လမ်းတစ်သွယ် ဤသို့ လမ်းနှစ်သွယ် ကွဲပြားကာ ရွှေ့ပြောင်း ပျံ့နှံ့ခဲ့ကြသည်ဟု ယူဆကြလေသည်။
    အမည်
    ကချင်ဟူသော ဝေါဟာရမှာ အမှန်စင်စစ် မြန်မာတို့ခေါ်သော ဝေါဟာရသာ ဖြစ်သည်။ ကချင်လူမျိုးတို့၏ ဝေါဟာရ မဟုတ်ချေ။ ကချင်လူမျိုးများသည် မိမိတို့ကိုယ် မိမိ “ ဂျင်းဖောလူမျိုး ” ဟုသာ ခေါ်ဝေါ်ကြသည်။ လူတစ်ယောက် ဟု အဓိပ္ပါယ် ရှိသည်။ တရုတ်တို့ကမူ ကချင်တို့ကို “ ယေဂျင် ” ဟု ခေါ်ကြသည်။ အဓိပ္ပါယ်မှာ “ လူရိုင်း ” ဟု ရရှိသည်။ ယဉ်ကျေးသော နောက်ထပ် တရုတ်တို့၏ အခေါ်အဝေါ်တစ်ခုမှာ “ ရှန်ထို ” ဟု ဖြစ်သည်။ တောင်ထိပ်သား ဟု အဓိပ္ပါယ်ရသည်။ အလွန်ရှေးကျသော မြန်မာ ကျောက်စာများတွင် ကချင် ဆိုသောစကား သုံးနှုန်းထားသည်ကို မတွေ့ရပေ။ သက္ကရာဇ် (၈၀၄) ခုတွင် ရေးထိုးသော ညောင်ဦး ရွှေစည်းခုံ ဥညံန၀ ကျောက်စာတွင် “ကခြင်” ဟု ရေးထိုးထားသည်ကို ပထမဦးဆုံး တွေ့ရှိရသည်။
    ကချင် အုပ်စုကွဲများ
    ဂျင်းဖောဆိုသော စကားမှာ ယေဘုယျအားဖြင့် ကချင်များကို ခေါ်ဝေါ်သော်လည်း ဒေသအလိုက်ဆိုလျှင် တောင်ဘက် အောက်ဘက်တွင် နေထိုင်ကြသော ကချင်များကို ဂျင်းဖောဟု ခေါ်၍ အထက်ဘက် (မြစ်ဖျားဘက်) တွင် နေထိုင်သော ကချင်များကို “ ခခု ” ဟု ခေါ်ကြသည်။ ခခု ဟူသော ကချင်စကားမှာ မြစ်ဖျားဟု အဓိပ္ပါယ် ရလေသည်။ ကချင်လူမျိုးတို့၏ အစဉ်အလာအားဖြင့် သူတို့သည် “ ၀ချက်ဝ ” ဆိုသော ရှေးဦး ဖခင်ကြီးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဟု ယုံကြည်ကြသည်။ ဖခင်ကြီး ၀ချက်ဝမှာ သားငါးဦးရှိရာ ထိုသားငါးဦးမှ ကြီးစဉ်ငယ်လိုက် ထင်ရှားသော လူမျိုး အုပ်စုကြီး (၅) ခု ဖြစ်ပေါ်လာသည်ဟု အဆိုရှိသည်။ ထိုသူတို့မှာ
    • မရစ်
    • လထော
    • လဖိုင်
    • အင်ခုမ် နှင့်
    • မရမ် တို့ ဖြစ်ကြသည်။ အစ်ကို အကြီးဆုံးမှ ပေါက်ဖွား ဆင်းသက်လာကြသော မရစ်အုပ်စုမှာ ၄င်းတို့ လူမျိုးစုထဲတွင် ၀ါအရင့်ဆုံး ဖြစ်၍ လဖိုင်အုပ်စုမှာ အင်အား အကြီးဆုံး ဖြစ်သည်။ ဤလူမျိုးအုပ်စု (၅) စုတို့သည် ရှေးယခင်အခါက လူမျိုးချင်း ရောယှက်ကာ အတူတကွ နေထိုင်လေ့ ရှိခဲ့ကြသည်။ အဆိုပါ အုပ်စုကြီး (၅) ခုအပြင် ဖခင်ကြီး ၀ချက်ဝ၏ ညီငယ်(၇) ဦးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဆိုသော အခြား လူမျိုးအုပ်စု (၁၅) လည်း ရှိသေးသော်လည်း ထင်ရှားခြင်း မရှိကြချေ။
    ဓလေ့ထုံးစံများ
    ကချင်လူမျိုးတို့သည် အစဉ်အလာအားဖြင့် နတ်ကိုးကွယ်သော လူမျိုးများ ဖြစ်ကြသည်။ ကျေးရွာများတွင် ဒုမ်ခဆိုသော နတ်ဆရာမှာ အထူးအရေးပါ အရာရောက်သော ပုဂ္ဂိုလ်ဖြစ်သည်။ မင်္ဂလာဆောင်သော အခါတွင်၎င်း ၊ တစ်စုံတစ်ယောက် သေဆုံး၍ သဂြိုံဟ်မည့်အခါတွင်၎င်း ဒုမ်ခ နတ်ဆရာက ညွှန်ပြရှေ့ဆောင်ရသည်။ ကျေးရွာတိုင်း ကျေးရွာတိုင်းတွင် ဆလိုင်း ဟုခေါ်သော ကျေးရွာလူကြီးများ ရှိသည်။ ဆလိုင်းကို ပေါမှိုင်းဟု အခေါ်များသည်။ ထိုသူတို့သည် မိမိကျေးရွာအတွင်း အမှုအခင်း ၊ သာရေးနာရေး ကိစ္စများ၌ ဦးဆောင်ကြလေသည်။ ဒူးဝါးဟုခေါ်သော အကြီးအကဲများမှာ ကျေးရွာပေါင်း (၂၀) မှ (၁၀၀) အထိ အသီးသီး အုပ်ချုပ်ကြသည်။ ကိုလိုနီခေတ်တွင် တောင်အုပ် ဆိုသူများကိုလည်း ခန့်ထားလေသည်။ တောင်အုပ်မှာ ဆလိုင်း နှင့် ဒူးဝါးတို့ ကြားတွင် ရှိလေသည်။ တောင်အုပ်၏ တာဝန်ဝတ္တရားမှာ အုပ်ချုပ်မှုတွင် ပြေပြစ်လွယ်ကူစေရန် ကျေးရွာလူထုနှင့် ဒူးဝါးတို့ကို ဆက်သွယ်ပေးရသူ ဖြစ်သည်။ ကချင်လူမျိုးတို့တွင် မူရင်းစာပေ မရှိကြချေ။ ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်များက ရောမအက္ခရာများဖြင့် ကချင်စာကို တီထွင်ပေးခဲ့ကြသည်။ ကချင်လူမျိုးတို့သည် မိမိတို့ ဘာသာစကားဖြင့် ပြော၍ မဖြစ်သောအခေါ်အဝေါ်များကို မြန်မာစကားဖြင့်၎င်း ၊ ရှမ်းစကားဖြင့်၎င်း ခေါ်ဝေါ်ကြသည်။
    အဆိုအကနှင့် တူရိယာများ
    ကချင်လူမျိုးများသည် ကခုတ်ခြင်း ၊ သီဆိုခြင်းများတွင် အထူး ၀ါသနာထုံသော လူမျိုးများ ဖြစ်ကြသည်။ မင်္ဂလာ ပွဲများတွင်၎င်း ၊ အသုဘကြုံသည့် အခါတွင်၎င်း ၊ အခြားနတ်ပွဲများတွင်၎င်း အစုလိုက် အပြုံလိုက် သီဆိုကခုန်လေ့ ရှိကြသည်။ တစ်ယောက်တည်း ကခုန်ခြင်းကား နည်းပါးလှသည်။ ယောက်ျားနှင့် မိန်းမ တွဲဖက်၍ ကကြသော်လည်း တစ်ဦးကိုတစ်ဦး ကိုင်တွယ်ခြင်း မရှိကြချေ။ တစ်ဦးကိုတစ်ဦး သားမွေးယပ်တောင်များဖြင့်သာ ဆက်သွယ်လေ့ ရှိကြသည်။ ကချင်ပြည်နယ်တွင် ထင်ရှားကျော်ကြားလှသော ပွဲတော်ကြီး တစ်ခုမှာ “ မနောပွဲ” ခေါ် နတ်ပူဇော်ပွဲကြီးပင် ဖြစ်သည်။ ကချင်လူမျိုးတို့သည် မိရိုးဖလာအားဖြင့် မောင်း ၊ လင်းကွင်း ၊ ဗုံရှည် နှင့် ပလွေတို့ကို တီးမှုတ်လေ့ရှိသည်။
    မနောပွဲ
    မနောပွဲတော်ကို မြန်မာပြည်တွင် မှီတင်းနေထိုင်သည့် လူမျိုးများစွာမှ လူမျိုးတစ်မျိုးဖြစ်သာ ကချင်လူမျိုးများ နှင့် ယှဉ်တွဲသိရှိကြသည်။ အဆိုပါ ပွဲတော်ကျင်းထင်ရှားသော ပွဲတော်တစ်ခုဖြစ်သည်။ ပွဲတော်ကို ဇန်န၀ါရီလတွင် ကျင်းပလေ့ရှိသည်။ ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက် (၃) ခုရှိသည်။ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ကျင်းပခြင်း၊ တိုက်ပွဲများကိုအောင်နိုင်ခြင်းနှင့် လူမျိုးစုပြန်လည် စည်းလုံးညီညွတ်ရေးအတွက် ကျင်းပခြင်းဟူ၍ ဖြစ်သည်။ မနောပွဲတော်ကို ကျယ်ဝန်းသော ကွင်းပြင်အလယ်တွင် မနောတိုင်ထောင်ထား၍ကျင်းပသည်။ အဆိုပါ မနောတိုင်ထောင်ထားရာကွင်းလယ်သို့ ရိုးရာဝတ်စုံများဝတ်ဆင်ထားသော ကချင်အမျိုးသားအမျိုးသမီး တို့သည် မတ်တပ်ရပ်၍ လှည့်ပတ်ကခုန်ကြသည့် ပျော်ရွှင်ဖွယ်ရာ ပွဲတော်တစ်ခုဖြစ်ပေသည်။
    ကျင်းပရာနေရာ ပူတာအို၊ မြစ်ကြီးနား
    ကျင်းပချိန် နှစ်စဉ် ဇန်န၀ါရီလ
    ဘာသာအယူဝါဒနှင့် စာပေ
    ဘာသာ
    ကချင်မျိုးနွယ်စုအသီးသီးတွင် ယခင်က(လွန်ခဲ့သော နှစ် ၁၀၀ကျော်) ဘာသာစကားတို့သာရှိခဲ့ပြီး စာပေမှာမူမရှိခဲ့ပေ။ ကိုးကွယ်မှုဆိုင်ရာ အနေဖြင့် ခရစ်ယာန်သာဿနာပြုများမရောက်မှီအချိန်အထိ နတ်ကိုးခြင်းသည်သာ အဓိက ကိုးကွယ်မှုဖြစ်ခဲ့ကြသည်။ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်များဖြစ်လာကြသည့်တိုင် မနောတိုင် မှာထင်ရှားသည့်ရိုးရာအမှတ်အသားအဖြစ်ကျန်ရှိနေဆဲဖြစ်သည်။
    အယူဝါဒ
    ကချင်လူမျိုးများ သေလျှင် သူတို့ သချိုံင်း ပတ်ပတ်လည်တွင် ကျုံးသဖွယ် မြောင်းများ တူးထားပြီးလျှင် သချိုံင်းပေါ်တွင် ခိုင်ခန့်သော တင်းကုတ်များ ဆောက်လုပ်ကာ အမိုးမိုး၍ ထားတတ်ကြသည်။ သူတို့သေပြီးနောက် ၀ိညာဉ်များမှာ ရှေးအဘိုးအဘွားများ၏ ၀ိညာဉ်များ ရှိရာသို့ သွားရောက် ပူးပေါင်းကြသည်ဟု အယူရှိကြသည်။ ကချင်တစ်ဦးသေလျှင် သူနေ့စဉ် သုံးလေ့သုံးထရှိသော ဓါး ၊ လှံ ၊ သေနတ်နှင့် အ၀တ်အစားများကို သူနှင့်အတူ မြှုပ်နှံလေ့ရှိသည်။
    [စာပေ
    ကချင်စာပေသည်လည်း အချို့သော တိုင်းရင်းသားစာပေတို့နည်းတူပင် (ဥပမာ ချင်းစာပေ) သာသနာပြုရောက်ရှိလာသော ဆရာကြီးများက ရိုးရာအသံထွက်စနစ်ကိုရေးသားနိုင်ရန် အင်္ဂလိပ်အက္ခရာများအသုံးပြုပြီး တီထွင်ဖေါ်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ကချင်စာပေ နှစ်ရာပြည့်ပွဲကို မကြာမြင့်မီက မန္တလေးမြို့တွင်စုရုံး၍ ကချင်ရိုးရာ မနောအက ထောင်ကာအကများပါဝင်ပြီး ကြီးကျယ်စွာကျင်းပခဲ့သည်။
    မြစ်ကြီးနားမြို့တွင် ဒေါက်တာ အိုရမ်ဟန်ဆင်း အားဂုဏ်ပြုမှည့်ခေါ်ထားသော ဟန်ဆင်းပရက်စ် အမည်ဖြင့်ပုံနှိုပ်တိုက်လည်းတည်ရှိသည်။
    ကိုးကားချက်

    * ပူတာအို ခရီး ( အရှင်သုခမိန္ဒ ) *

    ၂၆၊ ၃၊ ၂၀၁၁ နေ့ဆွမ်းဘုဉ်းပေးပြီးတဲ့နောက် လားရှိုးကနေ မန္တလေးကို ခရီးဆက်လာခဲ့တာ ညနေ ၇း၀၀ နာရီလောက် မန္တလေးကို ကောင်းမွန်စွာရောက်ခဲ့တယ်။ ၃၅ လမ်း ရှမ်းသာရေးနာရေးအသင်း အနားမှာရှိတဲ့ ဦးစိုင်းအိုက်ဖုန်း ဒေါ်နန်းအီဆောင်တို့အိမ်မှာပဲ တစ်ည သီတင်းသုံးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ပူတာအိုကိုသွားဖို့ ဦးစိုင်းအိုက်ဖုန်းရဲ့ သမီး နန်းအေလူက ခရီးစရိတ်အတွက် sponsorလုပ်ထားလို့ပါ။
    ၂၇၊ ၃၊ ၂၀၁၁ နံနက် ၇း၀၀ နာရီကျော်ကျော် တံတားဦးလေဆိပ်ကို ရောက်လာပြီး အဲယားပုဂံနဲ့ မြစ်ကြီနားကို နံနက် ၈း၃၀ နာရီ စတင်ထွက်လာခဲ့တယ်။ ၉း၅၅ နာရီ မြစ်ကြီးနားလေဆိပ်ကို ဆင်းသက်ခဲ့ကာ မြစ်ကြီးနားမှ ခရီးသည်တွေကို တင်ပြီး ပူတာအိုကို ဆက်လက်ပျံသန်းလာတော့တယ်။ ချိန်းထားတဲ့အတိုင်း မြစ်ကြီနား လေဆိပ်ကနေ ဝါရှောင်ဆရာတော် အရှင်ဝိဇယ တက်လာတော့ စာရေးသူအနားမှာပဲ လာထိုင်လိုက်တယ်။ ပူတာအိုခရီးစဉ်ကို ဒီကိုယ်တော်က မိတ်ဆက်ပေးလို့ ဒီခရီးကို လာဖြစ်တာပါ။
    ဒီခရီးကို စာရေးသူ မရောက်ဖူးသေးတာကြောင့် ဘေးပတ်ဝန်ကျင်ကို စိတ်ဝင်တစား လှမ်းကြည့်တဲ့အခါ အမြင့်ပေတစ်သောင်းကျော်ကနေ မြင်တွေ့ရတဲ့ မြန်မာပြည် မြောက်ဖျားရဲ့ ရှုခင်းဟာ တကယ်လှနေတယ်။ လူနေထူထပ်မှု မရှိတဲ့အတွက် တောတောင်တွေလည်း ရှမ်းပြည်ထက် စိမ်းစိုနေတာတွေ့ရတယ်။ မြောက် ဘက်ကို ရောက်လာလေလေ တောင်တွေက ပိုပြီး မြင့်လာ၊ ပိုပြီး ထုထည်ကြီးမာလာတာတွေ့ရတယ်။ တောင်ကြားမှာ စီးဆင်းနေတဲ့ မြွေလိမ်မြွေကောက်လို မေခ မလိခ စတဲ့မြစ်တွေလည်း သဘာဝအလှကို တစ်မျိုးတစ်ဖုံ ဖန်ဆင်းပေးသလိုပဲ။
    ရာသီဥတုကလည်း သာယာတာကြောင့် တောတောင် သဘာဝအလှတွေကို ငေးကြည့်နေရင်း မကြာခင်မှာပဲ လေယာဉ်မယ်ရဲ့ သတိပေးသံကြောင့် ပူတာအို လေဆိပ်ကို ဆင်းသက်ဖို့ သိရတော့တယ်။ ငယ်တုံးက သင်ကြားထားဖူးတဲ့ ပူတာအိုလွင်ပြင်ဆိုတာ အခု တကယ် မြင်တွေ့ရပါပကော။ မြန်မာပြည်ရဲ့ အစွန်အဖျားမြို့ ဖြစ်တဲ့အပြင် အိန္ဒိယနဲ့ တရုတ်တွေနဲ့လည်း နယ်ချင်း ထိစပ်တဲ့ဒေသဖြစ်တယ်။ မြန်မာပြည်ရဲ့ ရေခဲတောင် ရှိရာ ဒေသလည်းဖြစ်တယ်။ လေယာဉ်ပေါ်ကနေ လှမ်းကြည့်လိုက်တော့ ဟိုးအဝေးက ဖြူဖွေးနေတဲ့ ရေခဲတောင် ထိပ်ကို လှမ်းမြင်ရတယ်။ တောင်တန်းပြာကိုသာ မြင်လာခဲ့တဲ့ စာရေးသူရဲ့ မျက်စိကတော့ ဖြူဖွေးနေတဲ့ ရေခဲတောင်ကို မြင်ရတော့ အမြင်ဆန်းနေတဲ့အပြင် စိတ်ထဲမှာလဲ အေးသလိုလို ခံစားမိတယ်။ မြစ်ကြီးနားနဲ့ ပူတာအိုကို လေယာဉ်က ၄၅ မိနစ်လောက်နဲ့ ရောက်လာခဲ့တယ်။ ကားလမ်းခရီးကတော့ ၂၁၈ မိုင်လောက်ရှိပြီး ကားနဲ့သွားရင် အနဲဆုံး ၃ ရက် ဒါမှမဟုတ် တစ်ပတ်လောက်သွားရမယ်တဲ့။
    လေယာဉ်ဆင်းဘီးလှိမ့်တဲ့အချိန် ပူတာအိုလေယာဉ်ကွင်းက တခြားလေယာဉ်ကွင်းတွေထက် ဘီးပိုပြီး တုန်ခါသလားလို့ ခံစားမိတယ်။ လေယာဉ်ရပ်သွားတာနဲ့ ခရီးသည်တွေက သူတို့အထုပ်အပိုးတွေ သယ်ပြီး ဆင်းသွားကြတယ်။ စာရေးသူနဲ့ ဝါရှောင်ဆရာတော်ကတော့ လူရှင်းမှပဲ ဆင်းလာတော့တယ်။ လေယာဉ် ကွင်းမှာ ခန္တီးရှမ်းဝတ်စုံနဲ့ အမျိုးသားငယ်နှစ်ယောက် ရွှေထီးနဲ့ စာရေးသူကို လာကြိုဆိုတာတွေ့ ရတယ်။ လေယာဉ်ကွင်း အထွက်မှာတော့ ဒေသခံ ဆရာတော် () ပါးနဲ့အတူ ခန္တီးရှမ်းရိုးရာဝတ်စုံဝတ်ပြီး ဒကာ ဒကာမတွေ လာကြိုတာတွေ့ရတော့ ရင်ထဲမှာ ဆွေးဟောင်းမျိုးဟောင်းများကို ပြန်တွေ့ရသလို ဖေါ်မပြ နိုင်အောင် ဝမ်းသာစွာ ခံစားမိတယ်။ မန္တလေးကနေလာတဲ့ စာရေးသူတို့အဖွဲ့ကတော့ () စာရေးသူ () အစ်မဒေါ်နန်းကြည်သိန်း () နန်းအေလူ ()စိုင်းမောင်စိန်တို့ဖြစ်တယ်။ ဝါရှောင်ဆရာတော်ကတော့ မြစ်ကြီးနားကနေ တက်လာတာပါ။ မြစ်ကြီးနား ဝိုင်းမော်မှ ရှမ်းလူငယ်ပရဟိတအသင်းကလည်း လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက ပူတာအိုကို ကြိုပြီးရောက်နေကာ ဗုဒ္ဓအနုပညာပြခန်းကို ပြသဖို့ လာရောက်စီစဉ် နေခဲ့ တယ်။ ကလေးများအတွက် ယဉ်ကျေးလိမ္မာသင်တန်း ကိုလည်း ရွာစဉ်အလိုက် လာရောက်ပို့ချပေးတာပါ။ စာရေးသူတို့အဖွဲ့ကို ပူတာအိုမြို့၊ ဟိုခိုရပ်ကွက်၊ ဟိုခိုကျောင်းကို ကား ၂ စီးနဲ့ ပင့်ဆောင်လာခဲ့တယ်။ ပူတာအိုမြို့ကလေးကတော့ တခြားမြို့တွေနဲ့ တကယ်အလှမ်းဝေးတဲ့မြို့ကလေးတစ်မြို့ပါ။
    ပူတာအိုမြို့
    ပူတာအိုမြို့ဟာ မြန်မာပြည်ရဲ့ မြောက်ပိုင်းမြို့တော် ဖြစ်တဲ့အပြင် ခရိုင်မြို့လည်းဖြစ်တယ်။ ပင်လယ်ရေမျက်နှာ ပြင်အထက်(၁၄၂၉)ပေတွင် တည်ရှိပြီး တောင်ပေါ်မြေပြန့်လွင်ပြင်ဒေသဖြစ်တယ်။ အရှေ့ဘက်တွင် တရုတ် နိုင်ငံ ယူနန်ပြည်နယ်၊ မြောက်ဘက်တွင် တိဗက်ပြည်နယ်နှင့် အနောက်ဘက်တွင် နာဂတောင်တန်းကြီး၊ အိန္ဒိယပြည်၊ အာရုဏာစလပြည်နယ်နှင့် အာသံပြည်နယ်တို့နှင့် နယ်နိမိတ်ခြင်း ထိစပ် လျက်ရှိတယ်။ ပူတာအို ခရိုင်မှာ မချမ်းဘောမြို့နယ်၊ နောင်မွန်မြို့နယ်၊ ပန်နန်းဒင်မြို့နယ်၊ ခေါင်လံဖူးမြို့နယ်နဲ့ ဆွမ်ပရာဘွန်မြို့နယ် မြို့နယ်ငါးနယ် ပါဝင်တယ်။ လူဦးရေ (၁၄၅၇၆၉) ယောက်အနက် ခရစ်ယာန်ဦးရေ (၁၂၁၇၁၂)ဦး၊ ဗုဒ္ဓဘာသာ(၄၈၁၂)ဦး၊ အခြားဘာသာဝင် (၄၈၁၂)ဦးရှိသည်။ တိုင်းရင်းသားများအနေနဲ့ ရဝမ်၊ လီဆူး၊ ကချင်၊ ဗမာနဲ့ ခန္တီးရှမ်းလူမျိုးများ နေထိုင်ကြသည်။ ဒေသခံများမှာ တောင်ယာနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများသာ လုပ် ကိုင်ကြသည်။ ပူတာအိုရဲ့ အဓိက ထွက်ကုန်ကတော့ စပါး၊ ကြိမ်၊ ဂရိတ်ဖရု၊ ရှီးပတီး၊ မချစ်ဥ နှင့် ပျားရည်တို့ဖြစ် သည်။ သယ်ယူပို့ဆောင်ရေးအနေနဲ့ လေကြောင်းခရီးကိုသာ ရာသီမရွေး အဓိကအား ပြုသွားလာနိုင်ပြီး ပွင့်လင်းရာသီရောက်မှသာ မော်တော်ကားဖြင့် သွားလာနိုင်သည်။
    ဗုဒ္ဓဘာသာ စေတီပုထိုးပေါင်း (၃၆) ဆူ၊ ဘုန်းကြီးကျောင်း (၂၉) ကျောင်းနှင့် သာသနာပြုရဟန်းတော် (၄၀)ပါး၊ သီလရှင်ကျောင်း ()ကျောင်းနှင့် သီလရှင် ()ပါးတို့ သီတင်းသုံးနေထိုင်တော်မူပြီး ခရစ်ယာန်ဘုရားရှိခိုး ကျောင်း (၅၃၆)ကျောင်းအထိ ရှိသည်။ ဗုဒ္ဓဘာသာဝင်မှာ (၁၃%) သာရှိသည်။ ထင်ရှားတဲ့ နေရာများကတော့ ကောင်းမူးလုံစေတီတော်ကြီး၊ ပန်းလှိုင်ဘုရားကြီး၊ မူလာရှီဒီးကြိုးတံတား၊ မချမ်းဘောကြိုးတံတား၊ ဂူဘားရိပ် သာ၊ ကျောက်နဂါး၊ အင်လွယ်ယာန် နတ်ကျွန်းတို့ဖြစ်ပြီး ဖုန်ကန်ရာဇီရေခဲတောင် နှင့် မြန်မာပြည်၏ အမြင့်ဆုံး ခါကာဘိုရာဇီတောင်ကြီး (လွယ်တေးမိန်း)တို့မှာ အထူးထင်ရှားသည်။
    ဟိုခိုကိုရောက်တော့ လူကြီးလူငယ်တွေ ရိုးရာခန္တီးဝတ်စုံ ဝတ်ဆင်ပြီး လမ်းဘေးဝဲယာကနေ စာရေးသူတို့ကို ကြိုဆိုနေကြတယ်။ ထူးခြားတာကတော့ ခန္တီးရှမ်းတို့ရဲ့ ရိုးရာအိုးစည်တီးပြီး စာရေးသူတို့ကို ကြိုဆိုနေကြ ခြင်း ပါ။ ဗျောစည်တီးတဲ့ အမျိုးသားလူငယ်လေးယောက်က ဟန်ချက်ညီညီ စည်တီးပြီး သိုင်းကွက်နင်းကသလို ကြိုဆိုတဲ့အကဟာ မာန်ပါပြီး ကြည့်ကောင်းတဲ့ အမူအရာတစ်ခုအဖြစ် အသိအမှတ်ပြုရပါမယ်။ အကြီးအကဲ တို့ကို ကြိုဆိုတဲ့အခါမှာဖြစ်ဖြစ် စစ်အောင်လို့ ပြန်လာတဲ့ စစ်သူကြီး၊ စော်ဘွားကြီး၊ ရှင်ဘုရင်တို့ကိုတော့ ဗန္ဓုလဦးထုပ်ဆောင်းပြီး စည်တီးကာ ကြိုဆိုကြတယ်လို့ ဆိုတယ်။ လမ်းဘေးဝဲယာမှာလဲ သာသနာ့အလံ လွှင့်ထူထားပြီး ခန္တီးပျိုဖြူများ၊ အမျိုးသမီးများက ရိုးရာပန်းတောင်းကို ကိုယ်စီကိုင်ပြီး ကြိုဆိုကြတယ်။ မြို့ရွာ အကြီးအကဲခြောက်ယောက်ကတော့ ရိုးရာပန်းတောင်းကို ကိုင်ပြီး စာရေးသူကို တစ်ခုစီ ကပ်လှူတယ်။ ပြီးတော့ အစီအစဉ်ရှိတဲ့အတိုင်း အိုးစည်ဗုံမောင်းတီးကာ ကျောင်းအထိ ပင့်ဆောင်ကြတယ်။ လူတိုင်းရဲ့ မျက်နှာမှာ ပီတိအပြုံးကိုယ်စီ ရှိနေကြသည်။
    ကျောင်းပေါ်ရောက်တော့ အားလုံးက ဆရာတော်သံဃာတော်များကို ကန်တော့ကြ၊ သီလခံယူကြပြီး နေ့ဆွမ်း ဆက်ကပ်ကြတယ်။ ခန္တီးရှမ်းရဲ့ သြကာသကန်တော့ချိုးကလည်း သာယာနာပျော်ဘွယ်ရှိလှပါတယ်။ စာရေးသူတို့ ပြောတဲ့လေသံနဲ့ သူတို့ပြောတဲ့လေသံ အနည်းငယ်ကွဲလွဲနေကြတယ်။ အသုံးအနှုန်းတွေလည်း အနည်းငယ်စီ ကွာပါတယ်။ ဒါပေမယ့် အခြေခံစကားတွေကတော့ ရှမ်းမျိုးနွယ်တိုင်း တူညီကြပါတယ်။
    မွန်းလွှဲ ၁ နာရီကျော်လောက် ခန္တီးသာသနာ့နုဂ္ဂဟအသင်းနဲ့ တာဝန်ရှိတဲ့သူတွေက စာရေးသူတို့အဖွဲ့ကို ကား ၂ စီးနဲ့ နမ့်ပလပ်ချောင်းအနီးရှိ ဆုတောင်းပြည့်စေတီကို လိုက်ပို့တယ်။ ရှမ်းလိုကြတော့ “ကောင်းမူးဟွေယိန်” လို့ ခေါ်တယ်။ ဒီစေတီ ကတော့ ရှေးကတည်းက စဝ်လုမ်းနွဲ့လက်ထက်မှာ တည်ထားဟန်ရှိတယ်။ မောရှမ်းဘုရင် သိုခန်ဘွားရဲ့ ညီတော် စစ်သူကြီး စဝ်ဆမ်လုံလည်း ဒီစေတီကို လာရောက်ဖူးမျှော်ပြီး စေတီတော်ကို ပြုပြင် ထိန်းသိမ်းဖို့ ညွှန်ကြားခဲ့တယ်။ စဝ်ဆမ်လုံ အာသံကို စစ်ချီဖို့အတွက် ဒီစေတီမှာ အဓိဋ္ဌာန် ပြုဆုတောင်းပြီး စစ်သွားတိုက်တာ အောင်မြင်ခဲ့တယ်။ ခေတ်အဆက်ဆက်ကြောင့် ဒီစေတီတော်လည်း အဖန်ဖန် အထပ်ထပ် မွမ်းမံထားခဲ့တယ်။ ယခု ဒီစေတီက ချောင်းဘေးနားမှာ ရှိနေတော့ မကြာခင် ရေတိုက်စားတော့မယ့် အန္တရာယ်ရှိ နေတယ်။ ဒေသခံတွေက ကမ်းပါးကို ကာကွယ်ဖို့ စာရေးသူကို လျှောက်တော့ စာရေးသူတို့အဖွဲ့လည်း ဒီစေတီ တော် အတွက် ကုန်ကျသလောက် ကူညီပံ့ပိုးဖို့ရှိတယ်။ (သိန်း ၄၀ အထက်တော့ ကုန်ကျမယ်ထင်တာပဲ)
     
    မန်စေသို့
    ဆုတောင်းပြည့်စေတီကို ဖူးပြီးနောက် စာရေးသူတို့အဖွဲ့ကို မန်စေသို့ ထပ်မံပို့ပေးတယ်။ လမ်းဘေးမှာတော့ လီဆူရွာတွေ တွေ့ရတယ်။ ကလေးငယ်များ ကားလာတာတွေ့ရတော့ လက်ကလေးတွေပြကာ ပျော်ရွှင်စွာ နှုတ်ဆက်တတ်ကြတယ်။ မန်စေရွာကတော့ ရှေးဟောင်းရွာတစ်ရွာပါပဲ။ သစ်သားနဲ့ ထွင်းထုထားတဲ့ ဆင်းတု တော်တစ်ဆူကတော့ ဒီဒေသက ခန္တီးရှမ်းတွေရဲ့ ရှေးဟောင်းလက်ရာလို့ ဆိုရပါမယ်။ ကောဇာ ၁၂၇၁ ခုက ထွင်းထုထားတာတွေ့ရတယ်။ မန်စေရွာကတော့ မိုင်းမောဝ်(ဂျယ်ဂေါင်)ကနေ ဒီဘက်ကို မြို့ရွာလာတည် တယ်လို့ဆိုတယ်။
     
    ဒီမန်စေကနေ အရှေ့ မြောက် ဘက်ကို လှမ်းကြည့်ရင် လွယ်ပတူ ဆိုတဲ့ အရွယ်တူ တောင်မောက် မောက် လုံးလုံးလေး နှစ်ခုတွေ့ရ တယ်။ ဒီဒေသကို မွန်ဂိုတွေ လာ ရောက်နှောက်ယှက်လို့ ဒေသခံ တွေက စဝ်ဟော်ဆိုင် ဆေခံဘွားထံ အကူအညီ တောင်းတော့ စဝ်ဆမ်လုံ က ဦးစီးပြီး မွန်ဂိုတွေကို မောင်းထုတ် ခဲ့တယ်။ အာသံကို ဆက်လက် စစ်ချီစဉ် မွန်ဂို တွေ ထပ်မံဝင်လာလို့ စဝ်ဆမ်လုံတို့ စစ်တပ် ဒီဒေသကို တစ်ကြော့ပြန် လှည့်လာပြီး မွန်ဂိုတွေ ကို ထပ်မံ တိုက်ထုတ်ခဲ့တယ်။ မွန်ဂိုတွေ ထွက်ပြေးတဲ့ နောက်ကို လိုက်သွားပြီး နယ်စပ်ရောက်တော့ မွန်ဂိုတွေ ထွက်ပြေးသွားတဲ့ လျှိုလမ်း မကြီးကို စဝ်ဆမ်လုံက “ ငါတို့တိုင်း သူပြည်သားတွေ မွန်ဂိုတွေ ထပ်မံ အန္တရာယ်လာမပြုနိုင်အောင် လျှိုနှစ်ဖက် နံရံများ တံခါးအသွင် ပိတ်စေသား “ လို့ အဓိဋ္ဌာန်ပြုလိုက်တော့ နံရံနှစ်ခုဟာ အဓိဋ္ဌာန်တော်ကြောင့် ပိတ်သွားခဲ့လို့ မွန်ဂိုတွေလည်း ဒီဒေသကို ထပ်မံ မနှောက်ယှက်နိုင်တော့ဘူး။ (စဝ်ဆမ်လုံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဒီခမ်းတီးလုံ ဒေသမှာ များစွာ ကျန်ရစ်ခဲ့တယ်။ အလျဉ်းသင့်မှပဲ ဒီအကြောင်းအရာတွေကို စုဆောင်းပြီး တင်ပြပါမယ်။)
    ၂၈၊ ၃၊ ၂၀၁၁ ကောင်းမူးလုံသို့
    ဒီနေ့ မနက် ရှစ်နာရီကျော်ကျော် ဟိုခိုကနေ ကောင်းမူးလုံကို ကား ၂ စီးနဲ့ ထွက်လာခဲ့တယ်။ ကောင်းမူးလုံ စေတီတော်က လုတ်ခွန်နယ်မှာရှိ ပြီး မလိခမြစ်ကမ်းနံဘေးမှာ တည်ရှိတယ်။ မလိခမြစ်လည်း ကြည်လင်လို့။ ကောင်းမူးလုံကြိုးတံတားကြီးလည်း ၂၀၀၇ ခုနှစ်ကမှ အပြီးတည်ဆောက်ထားတော့ ဒီနေရာရဲ့ ရှုခင်းက တကယ်ကိုလှတဲ့နေရာပါ။ ကြည်လင်အေးမြတဲ့ မလိခမြစ်ကမ်းနံဘေးမှာရှိတဲ့ ရွှေရောင်တဝင်းဝင်းနဲ့ ကောင်းမူး လုံစေတီရဲ့ နောက်ခံတောင်တွေက တောင်တန်းပြာတွေ အထပ်ထပ်ရှိတဲ့အပြင် ဟိုးအဝေးမှာ ရေခဲတောင်တွေ က ထပ်ပြီး ရံထားတော့ တကယ်ရှုမဝမြင်ကွင်းပါ။
     
    စေတီတော်အနားမှာ တောင်တန်းသာသနာပြုကျောင်း တစ်ကျောင်းရှိပြီး အဲဒီကျောင်းမှာ နေ့ဆွမ်းဘုဉ်းပေးခဲ့ တယ်။ ခန္တီးအထူးဟင်း ကတော့ ကြိမ်ဖူးဟင်းရည်နဲ့ ကြိမ်ဖူးသုတ်လို့ဆိုရမယ်။ အရသာကတော့ ခါးသက်သက်နဲ့ ဆိမ့်တယ်။ နှေ့ဆွမ်း ဘုဉ်းပေးပြီးနောက် စာရေးသူတို့အဖွဲ့အား စက်လှေနဲ့ မလိခမြစ်ကို စုန်ဆင်းပြီး လွယ်စေ နမ်တောင်ကို ပို့ပေးတယ်။ ဒီနေရာကတော့ ခန္တီးရှမ်းတွေရဲ့ ယုံကြည်မှုအရ လွန်ခဲ့တဲ့ ဘီစီ ၅၆၂ က တိဘက် ပြည်မှ ရသေ့တစ်ပါး ခန္တီးလုံဒေသကို ရောက်လာပြီး လွယ်စေနမ်မှာ ဂူအောင်း တရားကျင့်နေတယ်။ ကိန္နရီမ (တစ်ချို့ပညာရှင်များကတော့ ကိန္နရီမကဲ့သို့ ချောမောတဲ့ အမျိုးသမီးလို့ ဆိုတယ်) နဲ့အကြောင်းပါလို့ သားတစ် ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့သည်။ ခန္တီးလုံဒေသနေ လူများသည် ထိုမောင်နှမနှစ် ယောက်ရဲ့ အဆက်အနွယ်များဖြစ်တယ်လို့ ဆိုတယ်။ အဲဒီတောင်ကလည်း မလိခမြစ်ကမ်းဘေးမှာ တည်ရှိပြီး ရသေ့နေတဲ့ ဂူနဲ့ ဘုရားတွေရှိတယ်။ ရေခဲတောင်ကိုလည်း လှမ်းပြီးတော့ မြင်ရတယ်။
    စာရေးသူတို့အဖွဲ့ ကောင်းမူးလုံ (ကောင်းမူး=စေတီ၊ လုံ-ကြီး၊ စေတီတော်ကြီးလို့ အဓိပ္ပါယ်ရတယ်။ ကြိုးတံတားမှာရေးထားတာကတော့ “ကောင်းမှုလုံ” လို့ရေးထားတယ်) ကို ပြန်ရောက်လာချိန် မူဆယ်အဖွဲ့ ()ယောက်လည်း ကောင်းမူးလုံကို ရောက်လာကြပြီ။ ကောင်းမူးလုံကြိုးတံတားကို ဖြတ်ပြီး သီတင်းသုံးတဲ့ ဟိုခိုကို ပြန်လာကြတော့တယ်။
    ၂၉၊ ၃၊ ၂၀၁၁ ခန္တီးသာသနာ့နုဂ္ဂဟအသင်း အစီအစဉ်အရ နောင်ခိုင်ရွာကို အရင်ဆုံး ခရီးစခဲ့တယ်။ ရွာကို ရောက်တော့ ရွာသားတွေက ရိုးရာပန်းတောင်းတွေနဲ့ စာရေးသူကို ကြိုဆိုကြတယ်။ အိုးစည်ဗုံမောင်း သံက လည်း ဟန်ချက်ကျကျ တီးခတ်ပြီး ဒကာဒကာမများက လမ်းဘေးဝဲယာကနေ လက်အုပ်ချီပြီး ကြိုဆိုပူဇော် နေကြတယ်။ ကျောင်းပေါ်ရောက်တာနဲ့ ကန်တော့ကြပြီး သြဝါဒခံယူကြတယ်။ စာရေးသူလည်း ဘုရားရှင် တိုင်းရဲ့ အကောင်းဆုံး သြဝါဒဖြစ်တဲ့ “မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထား” ကို ရှမ်းလိုဟောပေးလိုက်တယ်။

    မချမ်းဘော့သို့
    နေ့ဆွမ်းဘုဉ်းပေးရန် စောနေလို့ စာရေးသူတို့အဖွဲ့ မလိခမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ မချမ်းဘော့မြို့ကို ခရီးဆက် တယ်။ မချမ်းဘော့မြို့နယ်နဲ့ ပူတာအိုမြို့နယ်ဟာ မလိခမြစ်နဲ့ ခြားထားတယ်။ မြစ်အရှေ့ကို ပူတာအို၊ မြစ်အ နောက်ကို မချမ်းဘော့တဲ့။ ဒီမချမ်းဘောမြစ်ကူးတံတားကလည်း နာမည်ကျော် မြစ်ကူးကြိုးတံတားတစ်ခုပါ။ ကြည်လင်တဲ့ရေနဲ့အတူ ကမ်းနှစ်ဘက်ကို သွယ်ထားတာကြောင့် တံတားပေါ် ဖြတ်လျှောက်တဲ့အချိန် တံတား က ယိုင်တီးယိုင်တိုင်နဲ့ တစ်မျိုးခံစားရတယ်။ တံတားအကျယ်ကတော့ ဂျစ်ကား တစ်စီးစာသာ ကောင်းကောင်း မောင်းနိုင်တယ်။ မချမ်းဘောမြို့ကတော့ ပျဉ်ထောင်အိမ်တွေများတယ်။ ထင်ရှားတဲ့နေရာကတော့ ကျောက်နဂါးနဲ့ ဂူဘားရိပ်သာပါ။
    ကျောက်နဂါးကတော့ နဂါးကြီး တစ် ကောင်ကနေ ဖြစ်သွားတယ်တဲ့။ နဂါးက လူတွေကို စားတဲ့အတွက် သိကြားမင်းက မိုးကြိုးနဲ့ပစ်လိုက်လို့ ကျောက်ခဲအဖြစ် ကျန်ရစ်ခဲ့တယ်လို့ ဆိုတယ်။ ကျောက် နဂါးကီးကတော့ ပေ ၃၀ နီးပါးလောက်ရှိ မယ်ထင်တယ်။ ကျန်တဲ့အပိုင်းတွေက တော့ မြေကြီးထဲမှာပါ။
    ဂူဘားရိပ်သာကတော့ မဆလ ဥက္ကဋ္ဌကြီး ဦးနေဝင်းနဲ့ ဗိုလ်ချုပ်အောင်ကြီးနဲ့ ပတ် သက်တယ်။ အကြောင်း တစ်ခုခုကြောင့် ဗိုလ်ချုပ်အောင်ကြီး ဒီဒေသကို အပို့ခံရတုံးက ဒီရိပ်သာကို ဆောက်ဖြစ်သွားတာလို့ သိရတယ်။ မလိခမြစ်ကမ်းနံဘေးရဲ့ တောင်ကုန်းပေါ်မှာ တည်ရှိပြီး အေးချမ်း တဲ့နေရာလေးပါ။ ထင်းရူးပင်တွေက ရိပ်သာရဲ့ အလှကို ဖြည့်ဆည်းပေးတဲ့အပြင် မလိခမြစ် စီးဆင်းသံကလည်း ဂီတသံအဖြစ် ဖြည့်ဆည်းပေးသလို ဖြစ်နေ တယ်။
    မချမ်းဘော့ အထင်ကရ နေရာကို လည်ပြီးတာနဲ့ နောင်ခိုင်ကျောင်းမှာ နေ့ ဆွမ်းပြန်လာဘုဉ်းတယ်။ ဆွမ်းဘုဉ်းပြီး စက်လှေ () စီးနဲ့ မလိခမြစ်ကို စုန်ဆင်း ကာ မုန်းဟွေကို သွားလည်ကြတယ်။ မလိခမြစ်ရေက တချို့နေရာမှာ ရေစီး သန်တယ်။ ကမ်းနံဘေးမှာရှိတဲ့ သဘာဝ ကျောက် ဆောင်တွေက တကယ်လှ တယ်။ ရေလယ်မှာလဲ ရေတိုက်စားတဲ့ ကျောက်ဆောင်တွေ မကြာမကြာတွေ့ရတယ်။ အထင်ရှားဆုံးကျွန်း တစ်ကျွန်း ကတော့ နတ်ဈေးကျွန်းပါ။ ပြည်တွင်းပြည်ပ ဧည့်သည်တိုင်း အဲဒီနေရာကို ရောက်အောင် သွားကြသလို စာရေးသူတို့အဖွဲ့လည်း အဲဒီနေရာကို ခဏဆင်းကြည့်ကြတယ်။ လူတွေ ဖန်တီးတဲ့ အလှဟာ ဘယ်လိုပဲလှလှ သဘာဝအလှကသာ သဘာဝကျကြောင်း ဒီနတ်ဈေးကိုရောက်မှ ပိုထင်ရှားတယ်။

    ဒီမလိခမြစ်ကြောင်းတစ်လျှောက်မှာလည်း ရှမ်းစစ်သူကြီး စဝ်ဆမ်လုံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ များစွားရှိခဲ့တယ်။ မုန်းဟွေဆိုရင် စဝ်ဆမ်လုံ မကြာခဏ လာလည်တဲ့မြို့လို့ဆိုတယ်။ နောင်ခိုင်နဲ့ မုန်းဟွေက ရေကြောင်းခရီး ၂ မိုင်နီးပါးရှိမယ်။ မုန်းဟွေဟာ ရှေးရှမ်းမြို့ဟောင်း တစ်မြို့ဖြစ်ပြီး လွန်စွာစည်ကားခဲ့ပေမယ့် ယခုတော့ အိမ်ခြေ ဆယ်အိမ်ကျော်လောက်သာရှိတော့တယ်။ ဗုဒ္ဓဘာသာ အိမ်တစ်အိမ်နဲ့၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဘုန်းကြီးတစ်ပါးသာရှိတယ်။ ကျောင်းထိုင်ဆရာတော်ဦးနန္ဒာစရိယက ရဝမ်လူမျိုးဖြစ်ပြီး ရဟန်း ဝတ်တာ ၁၅ ၀ါ ရနေပါပြီ။ အဲဒီနေ့ တစ်နေကုန် မိုးတဖွဲဖွဲရွာနေတဲ့နေ့ပါ။ အသွားအပြန်ခရီးမှာ မိုးမိလို့ စာရေးသူ တောင် အအေးမိပြီး ချောင်းဆိုးတော့တာပဲ။
    ၃၀၊ ၃၊ ၂၀၁၁
    ဟိုခိုကျောင်းမှာ ဟိုခိုဆရာတော် အရှင်အာဒိစ္စရံသီက ဝိပဿနာတရားစခန်း စဖွင့်တဲ့နေ့ဖြစ်တယ်။ ယောဂီက တော့ ၇၀ ကျော်ရှိမယ်။ ရန်ကုန်က ရွှေရင်အေးမဟာစည် သာသနာ့ရိပ်သာ ဆရာတော် ဦးပညာနန္ဒ (ဗဟုဇန ဟိတဓရ) က တရားလာပြပေးတာပါ။
    ဒီနေ့ရဲ့ ထူးခြားမှုတစ်ခုကတော့ စာရေးသူတို့အဖွဲ့ ပူတာအိုအကျဉ်းဦးစီးဌာနကိုသွားပြီး အကျဉ်းသားများကို မုန့်၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ကော်ဖီ၊ မျက်နှာသုတ်ပုဝါတွေ သွားလှူပေးရခြင်းပါ။ စာရေးသူလည်း အကျဉ်း သား အချို့ကို ထောင်ထဲမှာ တရားသွားဟောပေးရတယ်။ ပူတာအိုအကျဉ်းထောင်က အကျဉ်းသား ၂၀၀ ကျော် လောက်ပဲရှိမယ်။ အကျဉ်းသားတွေ စုပေါင်းပြီး စာရေးသူအပါအဝင် ရဟန်းတော် ၅ ပါးကို နေ့ဆွမ်းဆက်ကပ်ခဲ့ တယ်။ အမှုဆောင်ကတော့ ထောင်ပိုင်ဦးစင်းအောင်ပါ။ သူလည်း မကြာခင် ထားဝယ်ကိုပြောင်းရတော့မယ်လို့ သိရတယ်။ စာရေးသူကို ဖူးတွေ့ တရားနာရပြီးတဲ့နောက် အကျဉ်းသားအချို့ ဝမ်းနည်းဝမ်းသာဖြစ်ပြီး မျက်ရည် လည်နေကြတယ်။ စာရေးသူအတွက် အကျဉ်းထောင်ထဲကို စတုတ္ထအကြိမ် ဝင်ရောက်တရားဟောရခြင်းပါ။
    မူလာရှီးဒီတံတား
    မွန်းလွှဲ ၃ နာရီကျော်လောက်မှ ဟိုခို ကျောင်းကနေ နာမည်ကြီး မူလာရှီးဒီကြိုး တံတားကို စာရေးသူတို့ သွားကြရတယ်။ ဒီတံတားလည်း မချမ်းဘောတံတား လိုပါပဲ။ ကားငယ်တစ်စီးစာသာ ဖြတ်မောင်းနိုင်တဲ့ နမ့်လန်းမြစ်ကူး ကြိုးတံတားပါ။ မကြာခင် ကုန်ကား ကြီးပါ ဖြတ်ကူးနိုင်မည့် တံတားတစ်ခု ဆောက်ဖို့ စီမံထား နေတာတွေ့ရတယ်။ တံတားနာမည်ရဲ့ အဓိပ္ပါယ်ကို မေးကြည့်တော့ ဒေသခံတွေက ဒီလို အဖြေပေးလာတယ်။ ဒီနေရာကို ရှမ်းအခေါ် “မိန်း လန်း” တဲ့။ အဲဒီ မိန်းလား ကို ဒီဘက်လူတွေက “မူလာ” လို့အသံ ထွက်ကြတယ်တဲ့။ “ရှီးဒီ” က လီဆူးလို ရွာလို့ခေါ်တယ်။ ဒါကြောင့် မူလာရှီးဒီ ဆိုတာ မိန်းလန်းရွာ တံတား တဲ့။

    လန်းနေရွာသို့
    တံတားကို ဖြတ်ပြီးနောက် ၃ မိုင်လောက် ဝေးတဲ့ လန်းနေရွာကို ရောက်လာတယ်။ ဒီမှာကတော့ စဝ်ချိုခမ်းစေတီ (ခေါ်) ဘုရား အလောင်း ကျေးမင်းစေတီကို လာဖူးတာပါ။ လန်းနေရွာကတော့ ရှမ်းအိမ် ၁၀ အိမ်ကျော် လောက်ပဲရှိမယ်။ ကျန်တာကတော့ ရဝမ်အိမ်ေ တွပါ။ တော်လှန်ရေး ကောင်စီခေတ်အစ တုံးကတော့ ရှမ်းအိမ် ၆၀ ကျော်လောက် ရှိခဲ့လည်း ခေတ်မကောင်းတာကြောင့် ရွာပျက် မီးလောင်ခဲ့ပြီး လုံခြုံမှုရှိတဲ့ တခြားရွာတွေကို ပြောင်း သွားကြတယ်လို့ဆိုတယ်။ လည်ပြီးတာနဲ့ ဟိုခိုကျောင်းကို ပြန်ရောက်လာကာ ညနေ ၆ နာရီကျော် တရား စခန်းဝင်ယောဂီများကို ရှမ်း+မြန်မာ နှစ်ဘာသာနဲ့ တရားတစ်ပွဲဟောပေးလိုက်ရတယ်။
    ၃၁ ၊ ၃၊ ၂၀၁၁ ပန်းလှိုင်ကျောင်းသို့ ထူးဆန်းသော နေ့ဆွမ်း
    နံနက် ၈ နာရီကျော်ကျော်လောက် ဟိုခိုကနေ ပန်းလှိုင်ရပ်ကို ထွက်လာတယ်။ ဟိုခိုကျောင်းနဲ့ ရပ်ကွက်ချင်း ကပ်နေတာပါ။ ကျောင်းရောက်တော့ ပန်းလှိုင်ဒကာဒကာမတွေ လူကြီးလူငယ်များက ခန္တီးရိုးရာနဲ့ ကြိုဆိုကြတယ်။ အိုးစည်ဗုံမောင်း၊ စစ်အောင်ပွဲကြို စစ်စည်တွေတီးပြီး အကနဲ့ ကြိုဆိုကြတယ်။ ကျောင်းပေါ်ရောက်တော့ ကန်တော့သီလယူကြပြီး စာရေးသူက ရှမ်းဘာသာနဲ့ တရားတစ်ပွဲဟောပေး လိုက်ပါတယ်။ ပြီးတော့ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းတယ်။
    ပန်းလှိုင်ရွာ ဆွမ်းကပ်တာက ရှေး ဟောင်းရိုးရာနဲ့ ဆွမ်းကပ်ခြင်းပါ။ သံဃာတစ်ပါးကို ဆွမ်းပွဲတစ်ပွဲစီ ကပ်ပါတယ်။ ဆွမ်းကပ်စားပွဲ က တော့ နှီးဝါးတွေနဲ့ ယက်ထားတဲ့ အခြေပါတဲ့ ဇကောဝိုင်းလိုပါ။ ဒါဟာ ရှေးဟောင်းရှမ်းတွေရဲ့ အစဉ် အလာတစ်ခုဖြစ်တယ်။ ဆွမ်းဟင်း တွေလည်း ကြိမ်ဖူး၊ မြင်းခွာရွက် သုပ်၊ ငါးသလဲတိုးကြော်၊

    ကြက်သား ဝက်သားနှပ် စတာတွေပါ။ လည်ပင်းရှည် မြေထည်ရေအိုးကို ငွေခွက်အစစ်နဲ့ ရေကို ကပ်လှူတယ်။ ဒါဟာလည်း ခန္တီးရှမ်းတွေရဲ့ ရိုးရာတစ်ခုဖြစ်တယ်။
    မုဒုံရွာ ရှင်ပြုပွဲသို့
    ဆွမ်းဘုဉ်းပေးပြီးတော့ ဟိုခိုကျောင်းကို ခဏပြန်လာပြီး ပစ္စည်းတွေ သိမ်းကာ မုဒုံရွာ ရှင်ပြုပွဲကို ခရီး ဆက်ပြန် တယ်။ ရွာသူရွာသားတွေ အလှူရှင်တွေလည်း အားတက် သရောစောင့်ကြိုနေတာကို တွေ့ရတယ်။ အလှူ ဒါယကာကတော့ စိုင်းမျိုးမြင့် အလှူဒါယိကာမ စွဲ့နောင်ငင်း မိသားစုဖြစ်တယ်။
    ညနေအချိန် ရှင်လောင်း စတင်ဝတ်ပြီး မောင်ရင်လောင်း ၃၁ ပါးရှိတယ်။ ရှင်လောင်းငယ်တွေအားလုံး ကိုယ် တိုင် ခန္တီးရှမ်း ဘုရားရှိခိုးစာတွေ သီလတောင်း သင်္ကန်းတောင်း အကုန်ရအောင် သင်ယူထားကြတာ တွေ့ရ တယ်။ သူတို့ရဲ့ ရှင်လောင်းအဝတ်အစားကတော့ စာရေးသူအမြင်မှာ ထူးနေတယ်။ တောင်ရှည်ပုဆိုး ကိုဝတ် တယ်။ ချည်နဲ့ထိုးထားတဲ့ ရောင်စုံပန်းပါတဲ့ အင်္ကျိအပေါ် ရှင်လောင်း စလွယ်လွယ်တယ်။ ရှင်လောင်း ဦးထုပ် ကတော့ ၂ မျိုးတွေ့ရတယ်။ ဦးထုပ်ထိပ်ချွန်နဲ့ ထိပ်ခွဲပါ။ ရွာသားများကိုယ်တိုင် မိမိရိုးရာနဲ့ လုပ်ထားတဲ့ ဦးထုပ် တွေဖြစ်တော့ အများနဲ့မတူ တမူထူးခြားနေတယ်။ စာရေးသူကတော့ ညတရားပွဲ တစ်ပွဲဟောပေးရတယ်။
    ၁ ၊ ၄၊ ၂၀၁၁ နံနက်ပိုင်း ကျောင်းကို ပတ်ပြီး ရှင် လောင်းတွေ လှည့်ကြတယ်။ ရှင်လောင်းလှည့်ပွဲမှာ ခန္တီးရှမ်းရိုး ရာဝတ်စုံတွေ အသီးသီးဝတ်လာကြတယ်။ အမျိုးသားကတော့ ခန္တီးပုဆိုးတွေဝတ်ကြတယ်။ ရှပ် အင်္ကျီအဖြူအပေါ် ကုတ်အင်္ကျီဝတ်ကြတယ်။ တချို့ လည်း ရွှေချည်ငွေချည်ထိုးပါတဲ့ အမျိုးသားဝတ်စုံကို ဝတ်ကြတယ်။ အမျိုးသမီးတွေကတော့ ခရမ်းရောင် အကန့်ပါတဲ့ ထဘီအနက်ကို ဝတ်ကြတယ်။ အင်္ကျီအဖြူဝတ် ကြပြီး ခရမ်းရင့်ရောင် ပန်းရင့်ရောင် တံဘက်ကို ပုခုံးပေါ်တင်ထားလေ့ရှိတယ်။ သရဖူနဲ့တူတဲ့ အမျိုးသမီးခေါင်းဆောင်း ကိုလည်း လှပစွာ ဆောင်း ထားကြတယ်။ ရှင်လောင်းလှည့်ပွဲမှာ ဗျောစည်ကိုတီးပြီး လှည့်ကြတယ်။
    တီးတဲ့သူကတော့ ကြက်ခေါင်းပုံစံ ဦးထုပ်ကို ဆောင်းပြီး တီးတယ်။ ဗန္ဓုလဦးထုပ်ဆောင်းပြီး တီးတာကတော့ မင်းခမ်းမင်းနားမှာမှ ဆောင်းကြ တယ်တဲ့။ ဗန္ဓုလဦးထုပ်လို့သာပြောတယ် အမှန် တကယ်ပြောရင် ဒီဦးထုပ်ဟာ ဗန္ဓုလမပေါ်ခင် ကတည်းက ရှမ်းစစ်သည်တော်တွေ ဆောင်းခဲ့တဲ့ ရှေးအစဉ်အလာ ဦးထုပ်ဖြစ်မယ်။ စည်ကြီး မောင်းကြီး လင်းကွင်း တီးတဲ့သူတွေကတော့ နောက်ကနေ အချက်မှန်မှန် တီးပြီး ပွဲတော်ကို တပျော်တပါး လှည့်ကြတယ်။ လှည့်နေရင်း အိုးစည်တွေခေတ္တရပ်ကာ ခန္တီးရှမ်း မင်္ဂလာ ရတုတွေကို တစ်ပိုဒ်စီ ရွတ်ဖတ် သွားတာ ကိုလည်း တွေ့ရတယ်။ ပြီးတော့ အိုးစည်တီး ပြန်က၊ ပွဲလှည့် အဲဒီလိုလုပ်တယ်။ အဲဒီ လှည့်တဲ့အထဲမှာ မာတလိနတ်ရုပ်ရော ဝိသကြုံ နတ်ရုပ်ရော ပွဲထဲမှာဝင်နွဲနေတာပါ တွေ့ရတယ်။ နောက်ပြီးတော့ အရုပ်နဲ့ လုပ်ထားကာ လူကောင် ကြီးနှစ်ယောက်လည်း ပွဲတော်ထိန်းအဖြစ် ဝင်ပါတာ တွေ့ရတယ်။ ပွဲမလှည့်ခင်မှာ ရှင်လောင်းတွေက ဘုရားကို ကန်တော့၊ ငါးပါးသီလခံယူပြီးမှ ပွဲလှည့်ကြရတာပါ။ ရှင်လောင်းကတော့ လမ်းလျှောက်ရတယ်။ လမ်းလျှောက် တာလည်း ပန်းပွင့်ချည်နဲ့ ထိုးထားတဲ့ လက်ကိုင်ပုဝါ ခပ်ကြီးကြီး တစ်ထည် စီကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ဟန်ချက်ကျကျ ဣနြေ္ဒရရ လက်ကိုင်ပုဝါကို ဝှေ့ပြီး တစ်လှမ်းချင်း လှမ်းလိုက် နားလိုက် လှည့်နေကြတယ်။ ရှင်မိရှင်ဖတွေ ဆွေတော်မျိုးတော်တွေကတော့ ရှင်လောင်းဘေးမှာ ခြံရံပြီး လိုက်ကြရတယ်။ တစ်မျိုး ပျော်စရာကောင်းပါတယ်။ မွန်းလွှဲပိုင်းမှာတော့ ရွာထဲကို ရှင်လောင်းလှည့်ကြတယ်။

    အကျွေးအမွေး
    ရွှေပွဲလာပရိသတ်များကိုတော့ ပွဲရှင်က အကုန်ကျွေးတယ်။ တောင်စိန်ဖက် (အာသာလွတ်ဖက်)နဲ့ ထုပ်ထားတဲ့ ထမင်းထုပ်တွေကို တစ်ယောက် ၂ ထုပ်ပေးကမ်းတယ်။ နောက်ပြီးတော့ ဖက်စိမ်းနဲ့ ထုပ်ထားတဲ့ အသာဟင်း ထုပ်၊ တခြားအသုတ်ဟင်းထုပ်ပါ။ ဟင်းရည်ကတော့ ဝါးခွက်ထဲ ဟင်းရည်ထဲ့ပြီး အဲဒီဝါးခွက်ကို မော့သောက် ကြရတယ်။ တစ်ယောက် တစ်ခွက်စီပါ။ တချို့လည်း တစ်ခွက်တည်းကို သုံးလေးယောက် သူမော့သောက် ငါမော့သောက်ကြတာလည်း တွေ့ရတယ်။ ဝါးခွက်ကတော့ လတ်လတ်ဆတ်ဆတ် ခြံထဲက ခုတ်လာတဲ့ ဝါးစိမ်းခွက်တွေပါ။ ထမင်းကြွေးမဏ္ဍာပ်ကတော့ ဝါးလုံးတန်းထိုင်ခုံပေါ်ထိုင်ပြီး ဝါးနဲ့လုပ်ထားတဲ့ စားပွဲရှည်ပေါ်မှာ မျက်နှာမူပြီး ထိုင်စား စကားတပြောပြောနဲ့ အားရပါးရ စားနေကြတာ တွေ့ရတယ်။ တချို့လည်း မျက်ခင်းပြင် ပေါ် ဝိုင်းဖွဲ့ပြီး ထိုင်စားကြတယ်။ ချက်ထားတဲ့ ဟင်းရည်ကို လှောင်းလှေကြီးထဲမှာ ထဲ့ထားပြီး ဝါးခွက်နဲ့ လာယူ သူမှန်သမျှကို မဆိုင်းမတွ ခူးခတ်ပေးကြတယ်။ ညတရားပွဲပြီးတာနဲ့ ပဒေသာကပွဲ တွေ ကျင်းပကြတယ်။ စတိတ်ရှိုးနဲ့ တွဲပြီးနွဲပျော်ကြတယ်။

    ၂ ၊ ၄ ၊ ၂၀၁၁ နံနက်ပိုင်းမှာ ကျောင်းဝင်းကို ရှင်လောင်းလှည့်တယ်။ နေ့ဆွမ်းကပ်ပြီး နေ့လည် ၁ နာရီကျော် ကျော်လောက် ရှင်ပြုကြတယ်။ မောင်ရင်လောင်းများ သင်္ကန်းတောင်းတာကစ အကုန်လုံး သင်ယူထားကြတော့ အလွယ်တကူနဲ့ပြီး အောင်မြင်သွားတယ်။ ရှင်လောင်းအလှူရှင်များကတော့ ပျော်မဆုံးတဲ့ ပီတိတွေ ဖြစ်နေကြ တော့တယ်။ ဒီရှင်ပြု အလှူမျိုးကို နတ်သား နတ်သမီးတွေ အားကျတဲ့အလှူလို့ ဆိုတယ်။ ဘာကြောင့်လဲဆို တော့ နတ်တွေရဲ့ သားတော်တွေကို ဘုရားက ရှင်ပြုဖို့ ခွင့်မပြုလို့ သူတို့က ဒီကုသိုလ်ကို မရနိုင်ဘူးလေ။ ရှင်ပြုပွဲပြီးတာနဲ့ စာရေးသူတို့အဖွဲ့လည်း ဟိုခိုကျောင်းကို ပြန်လာကြတယ်။ ည ၇ နာရီတော့ စာရေးသူက ပူတာအိုမြို့ ဗဟိုတောင်တန်းသာသနာပြုကျောင်းမှာ မြန်မာဘာသာနဲ့ တရားပွဲတစ်ပွဲ ဟောပေး လိုက်တယ်။ ပြီးတော့ ဟိုခိုကျောင်းမှာ ပြန်လာကျိန်းတယ်။

    ၃ ၊ ၄ ၊ ၂၀၁၁ အစီအစဉ်အရ စာရေးသူတို့အဖွဲ့အားလုံး လေယာဉ်ခရီးနဲ့ ပူတာအိုကို ခွဲခွာရမည့် အစီအစဉ်ပါ။ ဒေသခံများ ဌာနဆိုင်ရာများ အကူအညီနဲ့ စာရေးသူတို့အဖွဲ့(၁၆)ယောက်စလုံး လေယာဉ်လက်မှတ် ရကြပါ တယ်။ အဲယားပုဂံက ပူတာအိုကို နံနက် ၁၀ နာရီကျော်လောက် ရောက်လာတယ်။ ဒေသခံ ဆရာတော် သံဃာ တော်များ၊ သာသနာ့နုဂ္ဂဟအသင်းများ၊ ခန္တီးလူငယ်မောင်မယ်များက စာရေးသူတို့အဖွဲ့ကို လေယာဉ်ကွင်းအထိ လာရောက် ပို့ဆောင်နှုတ်ဆက်ကြပါတယ်။
    ဆုံတွေ့ရခြင်းဟာ ခွဲခွာခြင်းရဲ့ အစဖြစ် တယ်။ ခွဲခွာရခြင်းဟာလည်း ပြန်လည်ဆုံ တွေ့ရခြင်းရဲ့ အစဖြစ်နိုင်ပါ တယ်လို့စိတ် ကို ဖြေသိမ့်ရင်း အချင်းချင်း နှုတ်ဆက် ကာ လေယာဉ်ပေါ်ကို တက်လာခဲ့တယ်။
    လေယာဉ်လည်း အရှိန်ယူကာ ဝေဟင် ယံသို့ ပျံတက်ခဲ့ကာ ပူတာအိုနဲ့ ဝေးရာသို့ ဦးတည်လေပြီ။
    မြစ်ကြီးနားမှာ လေယာဉ် တစ်ထောက် နားကာ မန္တလေးကို မွန်းလွှဲ ၁ နာရီ ၁၀ မိနစ်အချိန် ရောက်လာတယ်။ စာရေးသူက လာကြိုတဲ့ ကားနဲ့အတူ သီပေါကို ခရီးဆက်လာခဲ့တာ ညနေ ၅ နာရီကျော်ကျော် သီပေါမြို့၊ တာပုတ်ကျောင်း (၁၈) ကြိမ်မြှောက် တရားစခန်းကို ရောက်လာပြီး သင်္ကြန်တွင်း (၁၅)ရက် ဝိပဿနာတရား စခန်း အတွက် စောင့်ကြိုနေကြတဲ့ ယောဂီများနဲ့အတူ ဓမ္မခရီး ဆက်ရပေဦးမည်။ သင်္ကြန်အတွင်း ပြိုင်တူဖွင့် မည့် တရားဌာနကတော့ နောင်ပိန်ရွာ (ကျောက်မဲ)၊ ခိုအုံရွာ (ကျောက်မဲ)၊ ရေဦးဝိပဿနာရိပ်သာ (ကျောက်မဲ)၊ တာပုတ်ကျောင်း (သီပေါ)၊ နောင်ကော်ကြီးကျောင်း (သီပေါ)တို့ဖြစ်တယ်။
    တောင်တန်းသာသနာပြုဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း) ၄ ၊ ၄၊ ၂၀၁၁
    MOGAUNG EXPRESS မှပြန်လည်မျှဝေပေးပါသည်။ ဓါတ်ပုံများပျက်စီးနေ၍ မတင်ပေးတော့ပါဘူး။
     
     

    * ပူတာအို (ခန္တီးလုံ) ဒေသအား ဗြိတိသျှတို့သိမ်းသွင်းခဲ့ပုံ *

                                                                 

       ၁၈၉၅-ခုတွင် ဗြိတိသျှအရာရှိအချို့ ခန္တီးလုံဒေသသို့ ခရီးလည့်လည် ရောက်ရှိခဲ့သည်။ သို့ရာတွင် ယင်းဒေသမှာ ၄င်းတို့၏ အုပ်ချုပ်မှုအောက် မကျရောက်ခဲ့ပေ။ ဒေသခံ ခန္တီးစော်ဘွားများကို ဆက်လက်အုပ်ချုပ်ခွင့် ပြုထားခဲ့လေသည်။ ၁၉၀၆-ခုတွင် တရုပ်အရာရှိတစ်ဦး ယင်းဒေသသို့ရောက် ရှိလာခဲ့ပြီး ယင်းနယ်ကို ယူနန်နယ်တွင်းသို့ သွတ်သွင်းရန် တရုပ်အစိုးရကို တင်ပြခဲ့ဘူးသည်။
                ၁၉၁၁-ခုနှစ်တွင် မစ္စတာဘားနတ် (Mr. J T O Barnard) ဦးဆောင်သည့် ဗြိတိသျှစစ်ကြောင်း တခုသည့် ခန္တီးလုံဒေသသို့ ရောက်ရှိလာခဲ့သည်။ ၁၉၁၂-ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ထိုစစ်ကြောင်းသည် ခန္တီးလုံမှ မေခမြစ်ဖျားအထိ ချီတက်ခဲ့သည်။ ၁၉၁၃-ခုနှစ်တွင် တတိယအကြိမ် စစ်ဆင်ရေးတပ်ဖွဲ့များ မေခမြစ်ဖျားနှင့် မေလိခမြစ်ဖျား ဒေသများအရောက် ချီတက်ကြပြန်သည်။ ထိုအချိန်က မစ္စတာဘားနတ်၏ အစီရင်ခံစာအရ ခန္တီးရှမ်း  ၈၁၄၆-ဦးခန့် ရှိသည်။ ၁၉၁၄-ခုနှစ်တွင် မြစ်ကြီးနားမြောက်ဖက်ရှိ ဒေသများကို အုပ်ချုပ်မှုနယ်မြေများ အဖြစ်သတ်မှတ်ကာ ပူတာအိုခရိုင်ကို ဖွဲ့စည်းသည်။ အုပ်ချုပ်မှုနယ်မြေများ သတ်မှတ်လိုက်သည်နှင့် တပြိုင်နက် အခွန်တော် ကောက်ခံခြင်း၊ ကျေးရွာအကြီးအကဲများအား ခန့်စာ ပေးအပ်ခြင်းများ ပြုလုပ်ကြသည်။ တချိန်တည်းမှာပင် တချို့ကျေးရွာလူကြီးများ လက်တွင်ရှိနေသော တရုပ်အစိုးရ၏ သူကြီးခန့်စာများကိုလည်း သိမ်းဆည်းကြရသည်။ အစီရင်ခံစာ အဆိုအရ-
                သူကြီးများကို ပူတာအိုနယ်ပိုင်က ခန့်စာ (၂၄)စောင်၊ ကောင်လူးနယ်ပိုင်က ခန့်စာ (၂၃၁)စောင် ထုတ်ပေး ခဲ့သည်။ နယ်နမိတ်အနီးမှ အချို့သော ကျေးရွာလူကြီးများ ရရှိထားသော တရုပ်တို့၏ ခန့်စာများကို မစ္စတာဘားနတ်နှင့် မစ္စတာလီးယိုနတ်တို့က သိမ်းဆည်းခဲ့သည်။
                ထို့ကြောင့် မြန်မာပြည်မြောက်ဖျား နယ်နမိတ်ကို ၁၉၁၄-ခုနှစ်သို့ ရောက်မှ အပြီးအပိုင် သိမ်းသွင်းနိုင်ခဲ့သည်။ ဗြိတိသျှအစိုးရ ဘုရင်ခံက ခန္တီးစော်ဘွားများကို ဆာနဒ့်(SHNAD)ခေါ် စာချွန်လွှာများ ပေးအပ်၍ စော်ဘွားများအဖြစ် ဆက်လက်အသိအမှတ် ပြုခဲ့သည်။

    Source: (Volume-2, sept; 1969) Union of Burma Journal of Literary and Social Sciences
                ဦးတင်မောင်ရင်(သမိုင်းဌာန၊ မော်လမြိုင်ကောလိပ်)
     
         MOGAUNG EXPRESS မှပြန်လည်မျှဝေပေးပါသည်။

    * ကချင်ဝန်ကြီးချုပ်သစ် လူမျိုးစု စည်းလုံးရေးလုပ်သင့် *

    ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာသူ ဦးလဂျွန်ငန်ဆိုင်း အနေဖြင့် ကချင်လူမျိုးစုများ အကြား စုစည်း ညီညွတ်ရေးကို ဦးစားပေး လုပ်ဆောင်သင့်သည်ဟု ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့က ပြောဆိုလိုက်သည်။

    ကချင်ပြည်နယ်တွင်းရှိ ဂျိန်းဖော့၊ ရဝမ်၊ လီဆူ၊ လချိတ်၊ လော်ဝေါ်၊ ဇိုင်ဝါး ကချင်လူမျိုးစု (၆)မျိုး ကို စည်းလုံးပေးရန် ကေအိုင်အို နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းလွမ်းဒေါင် က ယခုလို ပြောဆိုသည်။

    “အဲ့ဒီ ၆မျိုးကို ပေါင်းရင် ကချင်လူမျိုးစု (Jinghpaw Wunpawng)လို့ ခေါ်တယ်။ ကချင်(ဂျိန်းဖော့)က အများဆုံးဖြစ်တယ်၊ တခြား လီဆူတို့က အဲ့လိုဆို ငါတို့လည်း လီဆူလူမျိုးစုလို့ ခေါ်မယ်.. အဲ့လို စကားများ ခဲ့ကြတယ်။ ဒါ့ကြောင့် စည်းလုံးခြင်းကို ပထမဆုံး လုပ်ဆောင်ရမယ်။”

    တနိုင်းမဲဆန္ဒနယ်(၁)မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ပြည်နယ်အမတ် ဦးလဂျွန်ငန်ဆိုင်းကို သမ္မတလောင်း ဦးသိန်းစိန်က ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သည်။

    ဂျိမ်းလွမ်းဒေါင် က “အဖွဲ့အစည်းတွေမှာလည်း KNO၊ NDAK၊ KDA၊ KIO အမျိုးမျိုး ကွဲလာကြတယ်၊ ပြန်စုစည်းဖို့ ခက်လာတယ်၊ အဲ့ဒါကြောင့် ဘယ်လိုအယူအဆပဲရှိရှိ ကချင်လူမျိုးစုတွေဖြစ်တယ်၊ ရည်ရွယ်ချက် ပန်းတိုင်က တစ်ခုတည်းပဲ၊ ဒါကြောင့် တစ်လမ်းထဲ သွားပြီး တူတူ ထမင်းလက်ဆုံ စားရင် ပိုမြိန်လာမယ်။” ဟု ဆက်ပြောသည်။

    မဂျွယ်မရိုင် ဒူဝါ ဦးလဂျွန်ငန်ဆိုင်းသည် ၁၉၄၇ ပင်လုံစာချုပ်ချုပ်ဆိုခဲ့စဉ်က ကချင်ကိုယ်စားလှယ်ခေါင်းဆောင် တစ်ဦးအဖြစ်ပါဝင်သူ  ဆမားဒူဝါဆင်ဝါးနောင် နှင့် ဆွေမျိုးတော်စပ်သည်။ ဆမားဒူဝါ ဆင်ဝါးနောင်သည် ဦးနုပါလီမန်ခေတ် က ပထမဆုံးသော ကချင်ပြည်နယ်၏ ဥက္ကဋ္ဌဖြစ်သည်။

    ၎င်း၏ ဖခင် လဂျွန်တူးခေါင် (ကွယ်လွန်) သည်လည်း ဦးနု ပါလီမန် အစိုးရခေတ် (၁၉၄၈-၁၉၆၂) တွင် အမျိုးသားလွှတ်တော်အမတ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

    အင်ဂျင်နီယာ တစ်ဦး ဖြစ်သည့် ဦးလဂျွန်ငန်ဆိုင်းသည် ပြည်နယ်ဝန်ကြီးချုပ် မဖြစ်မီ စီးပွားရေး လုပ်ငန်းဖြင့် ရပ်တည်ခဲ့သည်။

    ၈၈ မျိုးဆက် ကချင်ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဦးအောင်ဝါကမူ ဦးလဂျွန်ငန်ဆိုင်းအနေဖြင့် သမ္မတ ဦးသိန်းစိန် ညွှန်ကြားရာကိုသာ လုပ်ဆောင်ရမည်ဟု ယူဆသည်။

    “ဟာ.. ဘာလုပ်နိုင်မှာလဲ၊ သိန်းစိန် လုပ်ခိုင်းတာကိုပဲ လုပ်မှာပဲ၊ ပြည်သူတွေအတွက် လုပ်နိုင်ရင်တော့ ကောင်းတာပေါ့၊ လုပ်နိုင်မယ် မဟုတ်ဘူး၊ သမ္မတ ရှိတာပဲ သမ္မတ အောက်မှာပဲ လုပ်နိုင်မှာပဲ၊ ဘာမှ ပြောင်းလဲနိုင်လာစရာ မရှိဘူး။” ဟု သူက ပြောသည်။

    ယနေ့နေ့လည်ပိုင်းက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းလိုက်ပြီး သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

    ကချင်ပြည်နယ် အတွက် ခန့်အပ်လိုက်သော ဝန်ကြီးများတွင် ဦးညွန့်အောင်(ပြည်ခိုင်ဖြိုး)၊ ဦးဘီထောဇောင်း(ပြည်ခိုင်ဖြိုး)၊ ဦးအလေးပါး(စဒက)၊ ဦးကမန်းဒူနော်(တစည)၊ ဦးအောင်နိုင်(ပြည်ခိုင်ဖြိုး)၊ ဦးစိုင်းမောင်ရွှေ(ကျားဖြူ)၊ ဦးခင်မောင်ထွန်း(ပြည်ခိုင်ဖြိုး)၊ ဒေါ်ဖောင်ရမ်ဘောက်ဂျာ(ပြည်ခိုင်ဖြိုး) နှင့် လွှတ်တော်ပြင်ပမှ ဗိုလ်မှူးကြီး သန်းအောင် နှင့် ဦးအင်ခန်တူးဂျာ တို့ပါဝင်ကြသည်။

    အဆိုပါ ဝန်ကြီးများသည် စစ်အစိုးရလူများ ဖြစ်သဖြင့် ကချင်လူမျိုးများအတွက် မျှော်လင့်ချက်မရှိဟု ဦးအောင်ဝါမှ ဆက်ပြောသည်။

    “ကျန်တဲ့ ဝန်ကြီးတွေလည်း ကြံ့ခိုင်ရေးတွေပဲ၊ ကချင်လူမျိုးတွေကတော့ သူတို့ကို သိပ်တော့ မမျှော်လင့်ပါဘူး၊ သူတို့ကတော့ စိန်ခေါ်ထားတယ်၊ ရေကာတာ တည်ဆောက်မှုတွေ ရပ်တန့်ပေးမယ်ပေါ့။ လုပ်နိုင် လာနိုင်မလားတော့ စောင့်ကြည့်ရမယ်။”

    တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ အဖြစ် ဦးပါ(ခ)ဦးခင်မောင်ဆွေ(ဗမာ)၊ ဦးအားဆီ(လီဆူ)၊ ဒေါ်ခင်ပြုံးရီ(ရှမ်း)၊ ဦးဂွမ်ရိန်ဒီး(ရဝမ်)တို့ နှင့် ပြည်နယ်လွှတ်တော်ဥပဒေချုပ် အဖြစ် ဒေါ်မေရီမီနန် တို့ကို ခန့်အပ်ထားသည်။

    ကချင်ပြည်နယ်၌ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု၊ ဘိန်းမူးယစ်ဆေးဝါး စိုက်ပျိုးသုံးစွဲမှုများရှိနေသည်။ ပြည်နယ်အစိုးရသစ် အနေဖြင့် ယင်းကိစ္စများကို ဖြေရှင်းပေးရန် ကချင်လူထုမှ လိုလားနေသည်။

    KNG ကူးယူဖော်ပြပေးလိုက်ပါသည်။ လေးစားလျက်ပါ။

    MOGAUNG EXPRESS မှပြန်လည်မျှဝေပေးပါသည်။