Monday, August 11, 2014

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း 1

၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ညီလာခံအစည်းအဝေးကြီးက လူ့အခွင့်အရေးကြေညာစာတမ်းကြီးကို အတည်ပြု၍ ကြေညာလိုက်ရာ ထိုကြေညာစာတမ်းကြီး၏ စာသားသည် နောက်စာမျက်နှာများတွင် အပြည့်အစုံပါရှိသည်။ ဤကဲ့သို့ရာဇ၀င်တွင်မည့် ကြေညာချက်ကို ပြုလုပ်ပြီးနောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အားလုံးအား ထိုကြေညာစာတမ်းကြီး၏ စားသားကို အများပြည်သူတို့ ကြားသိစေရန် ကြေညာပါမည့်အကြောင်းကိုလည်းကောင်း၊ ထို့ပြင် နိုင်ငံများ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေးအဆင့်အတန်းကိုလိုက်၍ ခွဲခြားခြင်းမပြုဘဲ အဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေးအဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိဝေငှစေရန်၊ မြင်သာအောင်ပြသထားစေရန်၊ ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ်ရှင်းလင်းဖော်ပြစေရန် ဆောင်ရွက်ပါမည့် အကြောင်းဖြင့်လည်းကောင်း ဆင့်ဆိုလိုက်သည်။


စကားချီး
---------

လူခပ်သိမ်း၏ မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့်လည်းကောင်း၊ လူ့အခွင့်အရေးများကို အရေးမထား မထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက်ဖျက်စီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော အပြုအမူများကို ဖြစ်ပေါ်စေခဲ့သောကြောင့်လည်းကောင်း၊ လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှု၊ လွတ်လပ်စွာ သက်ဝင်ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့မှ ကင်းလွတ်စွာ အသက်မွေးနိုင်မှုတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကို လူခပ်သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကျော်ကြေညာပြီး ဖြစ်သောကြောင့်လည်းကောင်း၊ လူခပ်သိမ်းတို့သည်၊ တရားလက်လွတ် နှိပ်စက်ကလူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီးညှဉ်းပန်းမှုတို့ကို နောက်ဆုံး မလွှဲသာမရှောင်သာ လက်နက်စွဲကိုင်ကာ တော်လှန်ခြင်း၊ ပုန်ကန်ခြင်း မပြုစေရန်၊ လူ့အခွင့်အရေးများကို ဥပဒေဖြင့် ထိန်းသိမ်းကာကွယ်ပေးရမည် ဖြစ်သောကြောင့်လည်းကောင်း၊နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သောကြောင့်လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်တို့သည် မူလအခွင့်အရေးများကိုလည်းကောင်း၊ လူ၏ဂုဏ်သိက္ခာကိုလည်းကောင်း၊ ယောက်ျား မိန်းမတို့၏ တူညီသည့် အခွင့်အရေးများကိုလည်းကောင်း၊ လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍ အတည်ပြုပြီးသည့်ပြင်၊ လူမှုကြီးပွားတိုးတက်ရေးနှင့်တကွ ပိုမိုလွတ်လပ်ကောင်းမွန်သော လူ့ဘ၀အဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိဌာန်ချပြီး ဖြစ်သောကြောင့်လည်းကောင်း၊ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတို့သည် ကုလသမဂ္ဂအဖွဲ့နှင့် ပူးပေါင်း၍ လူ့အခွင့်အရေးများကိုလည်းကောင်း၊ အခြေခံလွတ်လပ်ခွင့် အခွင့်အရေးများကိုလည်းကောင်း၊ ကမ္ဘာတ၀ှမ်းလုံးတွင် ရိုသေလေးစား ကျင့်သုံးစောင့်စည်းကြခြင်းကို အားပေးမည်ဟု ကတိပြုပြီး ဖြစ်သောကြောင့်လည်းကောင်း၊ ထို့ကြောင့်






အထွေထွေညီလာခံ
-------------------

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို လူတိုင်း အဖွဲ့အစည်းတိုင်းသည် အစဉ်နှလုံးသွင်းလျက် ကမ္ဘာတ၀ှမ်းလုံးတွင် အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြရန် ဆုံးမသွန်သင်ခြင်းဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏ အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သားများအား အဆိုပါအခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိမှတ်ကျင့်သုံး စောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သော ဆောင်ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟု လည်းကောင်း၊ ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာဆောင်ရွက်နိုင်ကြစိမ့်သောငှာ ယခုထုတ်ပြန်ကြေညာလိုက်သည်။

အပိုဒ် ၁

လူတိုင်းသည် တူညီလွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့်လည်းကောင်း၊ မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သောဉာဏ်နှင့် ကျင့်ဝတ် သိတတ်သောစိတ်တို့ ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏။


အပိုဒ် ၂

လူတိုင်းသည် လူ့အခွင့်အရေးကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့်အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား၊ မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံရေးယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော၊ သို့တည်းမဟုတ် လူမှုအဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ်အားဖြင့်ဖြစ်စေ၊ ပစ္စည်းဥစ္စာ ဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊ အခြား အဆင့်အတန်းအားဖြင့်ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။ထို့ပြင် လူတစ်ဦးတစ်ယောက်နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာဖြစ်စေ၊ စီရင်ပိုင်ခွင့်ဆိုင်ရာဖြစ်စေ၊ တိုင်းပြည်အချင်းချင်းဆိုင်ရာဖြစ်စေ၊ အဆင့်အတန်းတစ်ခုခုကို အခြေပြု၍သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နယ်မြေ၊ သို့တည်းမဟုတ် ကုလသမဂ္ဂထိန်းသိမ်းစောင့်ရှောက်ထားရသည့်နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာတို့ တစိတ်တဒေသလောက်သာ ရရှိသည့်နယ်မြေ စသည်ဖြင့် ယင်းသို့သော နယ်မြေများ ဖြစ်သည်၊ မဖြစ်သည်ဟူသော အကြောင်းကို အထောက်အထားပြု၍သော်လည်းကောင်း ခွဲခြားခြင်း လုံးဝမရှိစေရ။


အပိုဒ် ၃

လူတိုင်း အသက်ရှင်ရန် လွတ်လပ်မှုနှင့် လုံခြုံစိတ်ချခွင့်ရှိသည်။


အပိုဒ် ၎

မည်သူ့ကိုမျှ ကျေးကျွန်အဖြစ်၊ သို့တည်းမဟုတ် အစေအပါးအဖြစ် နိုင်ထက်စီးနင်း စေခိုင်းခြင်းမပြုရ၊ လူကို ကျေးကျွန်သဖွယ် အဓမ္မစေခိုင်းခြင်း၊ အရောင်းအ၀ယ်ပြုခြင်းနှင့် ထိုသဘောသက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင်တားမြစ်ရမည်။


အပိုဒ် ၅ 

မည်သူ့ကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်း မပြုရ။


အပိုဒ် ၆

လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦး အဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ်ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။


အပိုဒ် ၇ 

လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏ အကာအကွယ်ကို ခြားနားခြင်းမခံရစေဘဲ တူညီစွာခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရားများကို ဖီဆန်၍ ခွဲခြားခြင်းမှလည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှလည်းကောင်း၊ ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။


အပိုဒ် ၈ 

ဖွဲ့စည်းပုံ အခြေခံဥပဒေကသော်လည်းကောင်း၊ အခြား ဥပဒေကသော်လည်းကောင်း၊ လူတိုင်းအတွက်ပေးထားသည့် အခြေခံအခွင့်အရေးများသည် ချိုးဖောက်ဖျက်စီးခြင်း ခံခဲ့ရလျှင် ထိုသို့ချိုးဖောက်ဖျက်စီးသော ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိရောက်စွာ သက်သာခွင့် ရနိုင်စေရမည်။


အပိုဒ် ၉ 

မည်သူမျှ ဥပေးအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။


အပိုဒ် ၁၀ 

အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲဆို စီရင်ဆုံးဖြတ်ခံရာတွင်လည်းကောင်း၊ လူတိုင်းသည် လွပ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။



No comments:

Post a Comment