Monday, August 11, 2014

* ဆွန်ဇု၏ စစ်ပညာကျမ်း - အခန်း(၁) *

စစ်ရေးပမာဏ သုံးသပ်ခြင်း

ဆွန်ဇုက ဤသို့မိန့်ဆို၏ ...စစ်ရေးသည် တိုင်းပြည်အတွက် အရေးအကြောင်း ကိစ္စရပ်ကြီးဖြစ်သည်။ သေရေးရှင်ရေးအပေါ် အခြေတည်ပြီး တည်တံ့ခိုင်မြဲရေးနှင့် ပျက်သုဉ်းရေး အကြောင်းတရားဖြစ်ပေသည်။ ထို့ကြောင့် မဖြစ်မနေ ဆင်ခြင်ဆန်းစစ် လေ့လာဂရုပြုရမည်။ စစ်ရေးအခြေအနေကို ကောင်းစွာသိမြင်နိုင်ရန်အလို့ငှာ ရန်သူနှင့်မိမိဖက်ရှိ အကြောင်းရပ်ကြီးငါးချက်အပေါ် အခြေတည်ပြီး စီမံကြံစည်လှုပ်ရှားမှုများကို နှိုင်းယှဉ်သုံးသပ်တတ်ရမည်။ ယင်းတို့ကား ...၁။ ကျင့်ဝတ်တရား၂။ ဥတု အာကာ သဘာ၀၃။ ပထ၀ီ မြေအနေအထား၎။ ခေါင်းဆောင်တပ်မှူး၅။ စည်းကမ်း ဥပဒေ ... တို့ ဖြစ်ကြ၏။

ကျင့်ဝတ်တရားဆိုသည်ကား အုပ်စိုးသူတို့အနေနှင့် ကောင်းမြတ်သောကျင့်ဝတ်တရားများနှင့် ပြည့်စုံညီညွတ်ပြီး ပြည်သူပြည်သားများအား အထက်နှင့်အတူ စိတ်ရင်းသဘောရင်း တစ်သားတည်းကျရောက်နေစေခြင်းကို ဆိုလိုသည်။ ဤသို့အားဖြင့် ပြည်သူတို့ကို အုပ်စိုးသူတို့က စေလိုရာစေစားနိုင်ပြီး သေအတူရှင်မကွာ အခက်အခဲအန္တရာယ်များကို မမှုပဲစွန့်လွှတ်စွန့်စား ရင်ဆိုင်လာကြလိမ့်မည်ဖြစ်သည်။

ဥတု အာကာ သဘာဝဆိုသည်မှာ နေ့နှင့်ည အပါအ၀င် တရုတ်အခေါ် ယင်ဓာတ်(မဓာတ်/သီတ) နှင့် ယန်ဓာတ်(ဖိုဓာတ်/ဥဏှ)၊ အပူအအေး၊ ဥတုရာသီနှင့် အချိန်အခါကာလတို့ကို ခြုံ၍ဆိုလိုခြင်းဖြစ်သည်။

ပထ၀ီမြေအနေအထားဆိုသည်မှာ အနီးအဝေး၊ အန္တရာယ်ကျရောက်နိုင်သော အရေးပါသည့်နေရာနှင့် လုံခြုံလွယ်ကူချောမွေ့သည့်နေရာ၊ မြေပြင်အကျဉ်းအကျယ်၊ သေရေးရှင်ရေးကိန်းဆိုက်ရာ မြေအနေအထားတို့ကို ဆိုလိုသည်။


ခေါင်းဆောင်တပ်မှူး(ခေါ်) စစ်သူကြီးတို့မည်သည်ကား ဥာဏ်ပညာကြီးမှု၊ ကတိသစ္စာရှိမှု၊ မေတ္တာအကြင်နာရှိမှု၊ ရဲစွမ်းသတ္တိရှိမှု၊ တည်ကြည်ပြတ်သား စည်းကမ်းကြီးမှု စသည့်အရည်အချင်းများနှင့် ပြည့်စုံရမည်ဟု ဆိုလိုသည်။

စည်းကမ်းဥပဒေဆိုသည်မှာ တပ်များစနစ်တကျ ဖွဲ့စည်းအုပ်ချုပ်တည်ဆောက်မှု၊ အရာရှိအရာထမ်းများ ခန့်အပ်စီမံမှု၊ စစ်ပစ္စည်းရိက္ခာ ထိန်းသိမ်းခွဲဝေသုံးစွဲမှုတို့ကို ဆိုလိုသည်။

အထက်ပါအချက်ကြီးငါးချက်ကို စစ်သူကြီး (သို့) ခေါင်းဆောင်တပ်မှူးတိုင်း မဖြစ်မနေနားလည် သိရှိထားအပ်ပေသည်။ ၎င်းအကြောင်းအချက်တို့ကို ကောင်းစွာအပြည့်အ၀သိရှိနားလည်ပါက စစ်ပွဲကိုအောင်နိုင်ရာ၏။ မသိနားမလည်သူတို့ကား စစ်ပွဲမအောင်ရာ။ ထို့ကြောင့် အချက်ကြီးငါးရပ်နှင့်အညီ နည်းဗျူဟာများကို ရှာကြံချမှတ်ရာမှ အောက်ပါအခြေအနေ အရပ်ရပ်တို့ကို နှိုင်းယှဉ်လေ့လာသုံးသပ် ဆင်ခြင်တတ်ရပေမည် ... .. .

ယင်းတို့သည်ကား - မည်သည့်ဘက်က အုပ်စိုးသူတို့တွင် ကျင့်ဝတ်တရားပြည့်ဝမှန်ကန် ကျင့်ကြံအားထုတ်သနည်း။ မည်သည့်ဘက်က စစ်သူကြီးတို့တွင် လက်ရုံးရည်၊ နှလုံးရည်ပြည့်စုံထက်မြက်သနည်း။ ဥတုအာကာ သဘာဝ အခြေအနေနှင့် ပထ၀ီမြေအနေအထားများနှင့် ပတ်သက်၍ မည်သည့်ဘက်က အခွင့်အလမ်းသာသနည်း။- အမိန့်စည်းကမ်း ဥပဒေများကို မည်သူ့ဘက်က တင်းကျပ်စွာ ပြဌာန်းလိုက်နာကျင့်သုံးသနည်း။ မည်သည့်ဘက်က တပ်အင်အားပိုမိုများပြား ကြံ့ခိုင်အားသာသနည်း။ စစ်သည်များကို မည်သည့်ဘက်က ကောင်းစွာစစ်ရေးလေ့ကျင့်ပေးထားသနည်း။ ဆုပေး၊ ဒဏ်ပေးစနစ်ကို မည်သူ့ဘက်က မှန်ကန်တော်လျော်စွာ ကျင့်သုံးသနည်း။ အထက်ပါနှိုင်းယှဉ်လေ့လာချက်များအရ သုံးသပ်စိတ်ဖြာလိုက်လျှင် မည်သူ့ဘက်က နိုင်မည်၊ မည်သူ့ဘက်က ရှုံးမည်ကို ကြိုတင်ခန့်မှန်း သိရှိနိုင်လောက်ပေပြီ။




ကျွန်ုပ်၏အကြံဥာဏ်ကို အရှင်မင်းကြီး လက်ခံအသုံးပြုပါက၊ စစ်ပွဲသေချာအောင်နိုင်မည်ဖြစ်၍ ကျွန်ုပ်လည်းဆက်လက်နေထိုင် ခစားသွားနိုင်မည်။ ကျွန်ုပ်၏အကြံဥာဏ်ကို လက်မခံပဲစစ်တိုက်ပါက ကျိန်းသေရှုံးနိမ့်လိမ့်မည်ကို သိသည်အလျှောက် ကျွန်ုပ်လည်းမနေလိုပဲ ထွက်ခွာသွားမည်သာဖြစ်သည်။ (တစ်နည်းအဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ... .. . တပ်မှူးများသည် ကျွန်ုပ်၏ အကြံဥာဏ်အတိုင်း လိုက်နာကျင့်သုံးပါက အောင်ပွဲများ ရယူနိုင်မည်ဖြစ်သည့်အလျောက် ဆက်လက်တာဝန်ထမ်းဆောင်ပါစေ။ ကျွန်ုပ်၏ အကြံဥာဏ်များကို လိုက်နာကျင့်သုံးခြင်းမရှိသော တပ်မှူးများကိုအသုံးချပါက မုချရှုံးပွဲနှင့် ရင်ဆိုင်ရတော့မည်ဖြစ်၍ တာဝန်ပေးခန့်အပ်ခြင်း မပြုပါနှင့်တော့။)

အကျိုးရှိသော အကြံဥာဏ်ကောင်းများကို လက်ခံကျင့်သုံးနိုင်ခြင်းဖြင့် အနေအထားကောင်းတစ်မျိုးတစ်ဖုံကို ဖန်တီးပေးရာရောက်လေရာ၊ စစ်ရေးလှုပ်ရှားမှုကို တစ်ဖက်တစ်လမ်းကလည်း အထောက်အကူပြုရာရောက်ပေသည်။ ဤမည်သော အနေအထားဆိုသည်ကား မိမိအတွက်အကျိုးရှိသော အခြေအနေပေါ်တည်မှီ၍ စစ်၏လက်ဦးမှုကို အခြေအနေနှင့်လိုက်လျောညီထွေစွာ လိမ္မာပါးနပ်စွာ အမိအရကိုင်တွယ်စီမံနိုင်ရာ၏ဟု ဆိုလိုပေသည်။

စစ်ရေးစစ်ရာဟူသည်ကား ပရိယာယ်လှည့်စားမှုပေါ် အခြေတည်၏။ ထို့ကြောင့် တိုက်နိုင်သည်ကိုလည်း မတိုက်နိုင်ဟန်ဆောင်ပါ၊ စစ်လှုပ်ရှားကစားနေသည်ကိုလည်း မလှုပ်မရှားလေဟန် လှည့်စားပါ။နီးရာကိုကြံပြီး ဝေးရာကိုမှန်းသယောင် လှုပ်ရှားပါ၊ လှမ်းရာကိုကြံပြီး နီးရာကိုမှန်းသယောင်လှည့်စားပါ။ ရန်သူ့အကြိုက် မက်လုံးပေးမြူဆွယ်ပါ။ ရန်သူ့တပ် ဗရမ်းဗတာဖြစ်လျှင် ၀င်စီးပါ။ရန်သူအင်အားကြီးလျှင် လုံခြုံအောင် အသင့်ပြင်ထားပါ။ ရန်သူအင်အားတောင့်တင်းလျှင် ရင်ဆိုင်တိုက်ရန် ရှောင်ရှားပါ။ ရန်သူစိတ်ဆတ် စိတ်တိုလွယ်လျှင် ဒေါသူပုန်ထ စိတ်ရှုတ်အောင်ဆွပေးပါ။ ရန်သူ့စိတ်သိမ်ငယ်နေလျှင် အထင်ကြီးစိတ်ဝင်အောင် လုပ်ပါ။ ရန်သူတို့ သက်သာ ဆိတ်ငြိမ်နေပုံရှိလျှင် စိတ်ပန်းလူပန်းဖြစ်အောင်လုပ်ပါ။ ရန်သူ့တပ်တွင်း စည်းစည်းလုံးလုံးရှိလျှင် သွေးခွဲသပ်လျှိုပါ။ ရန်သူ့ဘက်က အသင့်ပြင်ဆင်ထားခြင်းမရှိသောနေရာကို ရွေးတိုက်ပါ။ ရန်သူတို့မျှော်လင့်မထားသော ချိန်ခါနေရာကနေ အလစ်ထွက်တိုက်ပါ။ ဤသည်တို့ကား စစ်ရေးစစ်ရာအောင်နိုင်ရေးအတွက် နည်းပရိယာယ်များတည်း။ စီရင်လှည့်စားမှုကို ကြိုတင်ပုံသေကားကျပြောပြထား၍ မရနိုင်ချေ။

စစ်မတိုက်မီကပင် အောင်ပွဲရနိုင်ကြောင်း ကြိုတင်ခန့်မှန်းသိရှိနိုင်ခြင်းအကြောင်းကား ကြိုတင်တွက်ချက်ပြင်ဆင်မှု စေ့စပ်သေချာပြီးအောင်ပွဲရ အခြေအနေများအပြည့်အ၀ ဖန်တီးထားနိုင်သောကြောင့် ဖြစ်ရာ၏။စစ်မတိုက်မီကပင် မအောင်နိုင်ကြောင်း ကြိုတင်ခန့်မှန်းသိရှိနိုင်ခြင်းမှာ ကြိုတင်တွက်ချက်ပြင်ဆင်မှုအားနည်းပြီး အောင်ပွဲရအခြေအနေဖန်တီးမှု မလုံလောက်သောကြောင့်ဖြစ်ရာ၏။ကြိုတင်တွက်ချက်ပြင်ဆင်မှု များများပြည့်စုံလေ၊ အောင်ပွဲရနိုင်လေဖြစ်သည်။ ကြိုတင်တွက်ချက်ပြင်ဆင်မှု နည်းပါးလေ၊ အောင်ပွဲနှင့်ဝေးလေဖြစ်သည်။ ကြိုတင်မတွက်ချက် မပြင်ဆင်သော် အဘယ်သို့သော အောင်ပွဲကိုမျှ ဧကန်မရနိုင်။အထက်ပါတို့ကို ထောက်ရှုလေ့လာခြင်းအားဖြင့် အရှုံးအနိုင်အခြေအနေကို ပေါ်လွင်ထင်ရှားစွာ ကျွန်ုပ်တို့ သိရှိနိုင်မည်ဖြစ်သည်။


                 ဆက်လျက်ဖော်ပြပါမည်။ ---> MOGAUNG EXPRESS မှ ပြန်လည်မျှဝေပေးပါသည်။

No comments:

Post a Comment