Monday, October 5, 2015

ငယ်ချစ်

( မောင်ချင်းဖြူ )
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောင်းမတို့လေ ။
မပန်သာသည် ၊ ယင်းမာရွှေရိုး ၊
ကြိုင်ကြိုင်မြူးသည် ၊ ဆူးကဖက်လို့ ၊
ခက် မထိုးတည့် ။
အချစ်ကယ် သာသည် ၊ မောင့်မှာ မင်းမျိုး ၊
အင်္ကျီဝတ်ကယ် ၊ ပျိုထွတ်ကယ် ကျွန်ုပ် ၊
ပုဆစ်တုပ်လို့ ရှိမခိုးတည့် ။
ကတိုးမှမဟူ ၊ ကန့်ပလူသည် ၊
ရွယ်တူချင်းငယ်မို့ နှစ်သက်ပန် ၊
နှံမည် ကိုယ်လုံး စိတ်နှလုံး ၊ တုံးတုံးလည်းခ
သည်ဘ၀ကို ၊ လူလှနှင့် မလွဲ ၊
ကျိန်စာစွဲလို့ ၊ လည်ဆွဲငယ် အင်္ကျီ ၊
မှိန်ရင့်သီနှင့် ၊ ဆိတ်စီငယ်က ၊
သစ္စာဆိုသည် ၊ မျိုဖူးကြလို့ ၊
မိဘ ပေါက်ဖော် ၊ ထွေးတော်ငယ် စိတ်ဆိုး ၊
ဟိန်းလို့ ငြိုးသတဲ့ ။
ဇွတ်တိုးလိုနှစ် ၊ ငယ်က ချစ်ကယ်မို့ ၊
အနှစ်တစ်ရာ ၊ ကျိန်စာ မယ့်ဝယ် ၊
ဆိုဖူးတယ်ကြောင့် ၊ တသွယ်မနှော ၊
စကားပြောမခံ ၊ သွေလှန်မခွ ၊
သည်ဘ၀တွင် ၊ လူလှငဲ့ လိပ်ပြာ ၊
မယ့်ခန်းသာမှာ ၊ လာပြန် သွားပြန် ၊
အဖန်ဖန်သည် ၊ တောင်ပံဟုန်းဟုန်း ၊
မယ့်ဆံထုံးမှာ ၊ သုံးပတ်လည်လည် ၊
ပျိုလေးငယ်နှင့်ဖန် ၊ ချိန်မတန်လို့ ၊
မပန်သေးသည် ၊ မြတ်လေးနွယ်တည့် ။
မယ်လို ချစ်လျှင် ၊
လည်ရစ်ကယ် ရတနာ ၊ နက်ဖြန်ခါမှာ ၊
လာသာလာခဲ့ ၊ အမယ်မင်းနှင့် ၊
ဖမင်းငယ် အိမ်တောင် ၊ ဆီးပေါင်းချောင်မှာ ၊
မှောင် ကောင်းငဲ့လေး ။ ။

{နှင်းဆီပွင့်}

လယ်တောကအပြန်
ပန်ချင်တယ်ခရေဖူးဆိုလို့
မောင်ခူးခါပေး
မနက်တုန်းဆီက
ကျော့ဆုံးကိုမောင်မြင်တော့
သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေ့
(မင်းသုဝဏ်)

" ငယ်ကကြင်ဦး "( ဒွေးချိုး )

( အမည်မသိ ရှေးစာဆို )
ကြိုးချိတ်ကယ်စုံ ၊ ပိုးပိတ်လုံ ငွေဗင်္ဂါနှင့် ၊
ဗွေသဉ္ဇာ စံပယ်သမှာတဲ့ ၊
ကျီစယ်ကာ မောင်ရယ်ဟခဲ့တယ် ၊
ငယ်က ကြင်ဦး ။
မုန်းစိတ်ကယ်ဝင် ၊ ခုများမှာ နှစ်မယ်ဆင်နှင့် ၊
မယ်မကြင် တဥာဏ်ကွန့်တာမို့ ၊
မသက်သာ မျက်နှာရွံ့ရတယ် ၊
ဘုန်း ခေါ်ဝံ့ဘူး ။ ။
✔ ဗင်္ဂါ =ဗင်္ဂါလီ အင်္ကျီ( လည်ပင်းပေါက်မှ ခေါင်းလျှိုဝတ်ရသော မိန်းမအင်္ကျီ )
[ ဦးဖိုးလတ် ၏ သီချင်းပဒေသာ ဖြည့်စွက်စာအုပ်မှ ]

`` သစ္စာဦး "

( မြ၀တီမင်းကြီး ဦးစ )
ကမ္ဘာဋ္ဌီ ၊ ငါးလီအင်ချစ်တဲ့ ၊
ရွှေ သစ္စာဦး ။
ဆက်တိုင်းငယ်တည် ၊
တဘုန်းဆွေ မေခြည်ကြောင့် ၊
သေပေစီ လည်တညွန့်ကို ၊
စိုး ရွံ့ပါဘူး ။ ။
✔ မေခြည် = အမိကောင်း ၊ နှမကောင်း
[ ဦးဖိုးလတ်၏ သီချင်းပဒေသာ ဖြည့်စွက်အုပ်မှ ( ဒွေးချိုး )

ရာဇဓာတုကလျာဘွဲ့ရတု

-တင့်လှပေဟန် ၊ ဖက်မဲ့ရန်တည့် ၊ ခြောက်တန်နတ်ရွာ ၊ ဘုံကလာသို့ ၊ပြာပြာလတ်လတ် ၊ မွတ်မွတ်ညက်ညက် ၊ ရွှန်းရွှန်းစက်မျှ ၊ ၀င်းလက်ရောင်ရွှေ ၊ အခေါင်ပေတည့် ၊ တောင်နေနတ်ဟန် ၊ မြတ်သစ်ကြန်နှင့် ၊ ပန်းမှန်ရေးချေ ၊ ထုံနေမကျော ၊ ပန်းရော ဆံကြာ ၊ ချ တိုင်းသာလျှင် ၊ ရွှေဝါဖိတ်ရွှင်း ၊ ထည်ချင်းစံပယ် ၊ နံ့ကြွယ်လှိုင်ကြူ ၊ မဉ္ဇူ မျက်မည်း ၊ ပေါ်ထပ်စည်းနှင့် ၊ မရည်းမထင် ၊ ဖြု တ်ခြည်းမြင်က ၊ နတ်ပင်ယိုးမှား ၊ ၀ိုးဝါးတွေးချွတ် ၊ စိတ်လုံးညွတ်သည် ။ ။ဘုံထွတ်နန်းတောင် နေတို့လော ။
-ရင့်မျှ ရွှေကျန် ၊ ရွက်မပြွန်တည့် ၊ ၀ါကြန်နီမောင်း ၊ ပင်တိုင်းပြောင်းက ၊ သက်ပေါင်းထင်ယုံ ၊ လှနိတုံလည်း ၊ ပန်းစုံရောရှက် ၊ ထုံးမြိတ်ရွက်နှင့် ၊ လိုက်ဖက်တင့်မှတ် ၊ ကိုယ်ဝတ်တော်မှာ ၊ မလ္လာရနံ့၊ မွှေးပျံ့ကြိုင်ရွှင်း ၊ ပယင်းရွှေရည် ၊ ပွတ်လဲကြည်သို့၊ မြရည်ကြောစိမ်း ၊ လဲ့လဲ့ရှိမ်းမျှ ၊ ခပ်သိမ်းကလျာ ၊ ရှုဘွယ်သာလျှင် ၊ သိင်္ဂါ လျှံတောက် ၊ လက်ကောက်လက်ကြပ် ၊ ရည်လျှပ်ဆံကျင် ၊ မျှ မဆင်လည်း ၊ တိုင်းပင်တင့်မှတ် ၊ လှခေါင်ထွတ်သည် ။ ။ကြာနတ်တန်းဆောင် ပေတို့လော ။
-ဆင့်ချခွေသွန် ၊ ရက်မချန်တည့် ၊ ယုဂန်အလုံး ၊ မြရည်ဖုံးသား ၊ လှဆုံးတင့်နေ ၊ ထုံးသားရေလည်း ၊ ထွေထွေကြည့်တိုင်း ၊ ပြစ်မျိုးရှိုင်းသည် ၊ စံခိုင်းလှော်သစ် ၊ ရွှေနှယ်နစ်မျှ ၊ တင်ပြစ်မစက် ၊ လဲ့လဲ့ညက်ကို ၊ ထက်နတ်ဘုံနေ ၊ ခု သာ ကြွေသို့၊ တင့်နေရှုမြော် ၊ အကျော်ပျံ့မွှန်း ၊ ၀င်းငြိမ့်ရွှန်းကို ၊ တောင်နန်းနေလော ၊ နတ်ပေလောဟု ၊ တွေးတောချေ မိ ၊ တပ် မသိခဲ့ ၊ မြင်မိဖြု တ်ခြည်း ၊ မြော်ကတည်းက ၊ အူ,သည်း စုညွတ် ၊ သက်လုံးပြတ်သည် ။ ။လျှံ ပတ်ထွန်းရောင် ဝေတို့လော ။
နတ်သျှင်နောင်

အညာမင်္ဂလာဆောင်

(စာထောင့် လေးချိုးကြီး)
ကျု ပ်တို့အညာမှာ-မင်္ဂလာတမျိုးသာပ ၊ အဟုတ်ဗျို့ဓမ္မတာ-အစဉ်အလာမညှိုးခဲ့ပေဘု ၊ အရိုးသမကျ ရှေးလိုပါ့ ၊ အဖွားကလည်း ကျီတဆောင် ၊ အမျိုးကလဲမသေးပေဘု ၊ အဖိုးအဖနှင့်တကွ မေးကြပါတော့ ၊ တမျိုးငါ့မြေးဘို့ရယ်လို့၊ အိုကွယ်....အဖိုးကပေးလိုက်ပါတဲ့-နွားညီနောင် ။
သြော်...အမိအဖတို့ကလည်း ၊ ပြည့်ပြည့်၀၀တွေမို့၊ ရှိသမျှ ကုန်ချင်ကုန်ရော့လို့၊ မယုံလျှင် ကြုံ လျှင်မေးပါတော့ ၊ အလုံတခွင်မှာ-ဂုဏ်အင်ကလဲမသေးပေဘု ၊ မုံရွေးကြေးမုံ ချောင်းဦးနယ်တလွှားဆီက ၊ အလုံကျေးအကုန်မှာ-ပြောင်းဖူးသယ်တွေကများလိုက်ပါဘိသနှင့် ၊ ဆွေသားရင်းချာ-ညာတကာမိတ်တို့ကိုလ ၊ အဖေသွားရင်းသာ-လာစရာဖိတ်ခဲ့တာနှင့် ၊ ညအိပ်ညနေ-အစုံလာကြတော့ ၊ ခြုံ စရာ-အကွက်ဖျင်စောင်နှစ်ခုငဲ့ပြင် ၊ ဂုံပုဝါပါ-တဘက်နှင့်ခြင်ထောင်ကလဲ တခုစီပေါ့ ၊ လုပ်မှုကိုင်ဘွယ်-တောလယ်ယာတခင်းငဲ့ပြင် ၊ ပြောင်းခင်းတစလယ်ဝင်နှင့် ၊ လယ်ကရှင်-စပါးနှစ်ဆယ်ကွက်ကိုလ ၊ ရှေးအဆက်ဆက်-အကြွေးတက်တက်ပြီး-အဝေးမထွက်ရအောင်လို့တဲ့ကွယ် ၊ ပေးလက်ဖွဲ့နှောင် ။
လမ်းချိုးအရှေ့က ၊ စပ်ရိုးအကွေ့-ခရောင်းယာမှာ ၊ ဟောသည်ကအထုပ်တွေ ဖြေဖြေပြီး-အကုန်သာကြဲလေရော့ဟဲ့လို့၊ ခရမ်းမျိုးစေ့ကောင်းစွာ-ငြုတ်ဂျုံ ကုလားပဲသာပါ့ ၊ နှမ်းမျိုးသွေ့သွေ့ပြောင်းဝါ-ငပြုတ်ဖရုံပါ ဖရဲငဲ့ပြင် ၊ ထမ်းပိုး၍ရောင်းစရာ-အထုပ်မုန်လာခ၀ဲတွေနှင့် ၊ အလုပ်စုံရာကပဲရယ်လို့-များလက်ဆောင် ၊ သားအတွက်ဆိုတော့-တအားတက်အောင်ရယ်လို့-ကျုပ်တို့အမေအိုကလဲ ဓားမရှေ ဓားမတိုတွေနှင့်-အခြေကိုနှင်း ၊ အိုကွယ်...မယားဖက်မောင်တွေကလဲ-ပုလွေတိုနှစ်စင်း ။
မျိုးဆက်ကာခြုံ ၊ အိုးခွက်ပန်းကန်အစုံနဲ့၊ ပြေတခွင် သထုံရောက်ရာကပဲလွမ်းမိပါရဲ့၊ မြေအင်တုံသောက်စရာဇွန်းငဲ့ပြင် ၊ ကွမ်းအစ်ပါ-လွယ်အိတ်တလုံးငယ်နှင့် ၊ ပဲခိုးဘူတာမှာလေ-ငနဲသူခိုးလူညာတွေမှုန်းလိုက်ပါတဲ့ ၊ ပျောက်သဟာ-ထန်းခေါက်ဖာကလဲတလုံးပါဘဲ ၊ စုရုံးလိုက်လျှင်-တအိမ်ထောင်ပေါ့ ၊ လူ့ထုံးစရိုက်တွင်-တသိန်ပြောင်လောက်တဲ့ ၊ မင်္ဂလာဆောင်မှာ-ခန်းဝင်ကလဲမနဲပါဘု ၊ မွဲဘို့ရာ-ကံကြမ္မာနှင့် ၊ ဖန်လာပုံ-ကုသိုလ်ကလဲမကောင်းချင်တော့ ၊ အထက် ဟိုအညာမှာလေ-ကြက်ဆိုတာတောင်မလောင်းခဲ့ပါဘု ၊ အညာပြေ-ဌာနေဟောင်းဆီက ၊ အကြွေးတရာကို-ဒွေးခါကလဲ တောင်းပြန်တော့ ၊ အမယ်မင်း-မောင်းစရာရယ်လို့များတပ်လိုက်မှဖြင့် ၊ ခေါင်းတခါခါရယ်နဲ့ ဆတ်လှစွာသော ၊ လှလှစွေ့စွေ့ရယ်နဲ့၊ ၀၀ပြေ့ပြေ့-နပြာတရှဉ်းကိုလ ၊ ကျောင်းတကာကိုသာ-အပ်လိုက်ပေရော့ ၊ ရသရွေ့ဘာဘာညာညာရယ်လို့ မငြင်းလေနှင့် ၊အိုကွယ်.....ရောင်းကာသာဆပ်လိုက်ပါတော့ ၊ ရွာရှေ့ကယာတခင်း ။
သခင်ကိုယ်တော်မှိုင်း

မွေးမေ့မေတ္တာ

-တပျောင်းပျောင်းလျှင် ၊ ရွှေညာခွင်က ၊ မိခင်မာတာ ၊ သားမင်းလျာကြောင့် ၊ ခွေကာနွမ်းရိ ၊ လွမ်းမချိ ခဲ့ ၊ မွေးမိဘမှာ ၊ လွမ်းရပါလည်း ၊ အောက်ရွာရပ်ဘုံ ၊ ဝေးလှတုံ၍ ၊ နေမုံတက်စ ၊ နံနက်ထကို ၊ ဧရာ့တောင်ကြီး ၊ ပိုက်ကာဆီးသို့၊ မျှော်ရီးမျှော်ရာ ၊ မမြင်သာခဲ့ ၊ ဗျာပါထပ်ဆောင် ၊ လွမ်းမီးလောင်၍ ၊ သားမောင်ပျော်ရာ ၊ အောက်ရပ်သာသို့၊ တမ်းကာရူလျက် ၊ တသက်သက်လျှင် ၊ ငှက်လိုပျံ ချင် ၊ မတတ်ပင်နှင့် ၊ မရွှင်ပျောင်းပျ ၊ သားရွှေစကြောင့် ၊ ရေကပစ်ပယ် ၊ ရွှေကြာနှယ်သို့ ။ ။အကယ်နွမ်း၍ ယိုင်ခဲ့ပြီ ။
-အကြောင်းကြောင်းပင် ၊ အောက်မေ့လျှင်မူ ၊ သက်ခင်ပြတ်မျှ ၊ သားရွှေစကို ၊ မယ်ကလွမ်းရာ ၊ များလှစွာခဲ့ ၊ ရှေးခါတမူ ၊ တွေးခါမူကား ၊ မယ့်ထံပါးက ၊ လားလားမကွာ ၊ စက်မွေ့ရာလည်း ၊ တူသာမကွဲ ၊ မယ့်ရင်ထဲဝယ် ၊ ယှဉ်နွှဲလျက်သာ ၊ ပျော်ရပါ၏ ၊ ခုခါတမူ ၊ ရှုခါမူကား ၊ ဝေးရပ်ခြား၍ ၊ သားလှရွှေစင် ၊ မယ့်ဝမ်းဝင်ကို ၊ မမြင်ရပါ ၊ သူ့ရပ်ရွာဝယ် ၊ နာလည်းမကူ ၊ သာမတူနှင့် ၊ ရေပူရေချမ်း ၊ ဘယ်သူကမ်း၍ ၊ စိတ်ဝမ်းရွှင်အောင် ၊ သားရွှေတောင်ကို ၊ ရွက်ဆောင်လိမ့်မည် ၊ အတည်တည်ကို ၊ ကြံစည်လိုက်မိ ၊ အောက်မေ့ဘိသော် ၊ ပျောင်းအိခွေနုံး ၊ သားရွှေတုံးကို ၊ ယူကျုံးမရ ၊ လွမ်းလိုက်လှခဲ့ ၊ နှမသားချင်း ၊ နောင်ရင်းညီထွေး ၊ တူကလေးနှင့် ၊ မွေးသည့်ဘခင် ၊ မမြင်မျက်ကွယ် ၊ သူ့ရပ်လယ်မှာ ၊ အမယ်မပါ ၊ မောင့်ချည်းသာလျှင် ၊ နေရှာလိမ့်မယ် ၊ အသွယ်သွယ်ကို ။ ။အကျယ်တမ်း၍ မှိုင်ခဲ့ပြီ ။
-တပေါင်းဆောင်းဝင် ၊ သုံးခါစင်တည့် ၊ လည်ချင်တော့မည် ၊ သို့သည်ကိုမျှ ၊ သားရွှေစငယ် ၊ မကြွမလာ ၊ ကြာကြီးကြာခဲ့ ၊ မင်းလျာနုနယ် ၊ မယ့်မှာဘွယ်မူ ၊ ကျယ်လျှင်ကားချဲ့၊ ပဲ့လျှင်ဖဲ့လော့ ၊ နွဲ့လျှင်ကားသပ် ၊ ခိုင်လျှင်ထပ်ရှင့် ၊ ကျပ်လျှင်သပ်ပင်း ၊ ချောင်လျှင်ထွင်းလော့ ၊ ရှင်းလျှင်သုတ်သင် ၊ လေးလျှင်တင်ရှင့် ၊ စင်လျှင်ကားဆေး ၊ ထက်လျှင်သွေးလော့ ၊ အရေးဆိုဘွယ် ၊ လူတို့ဝယ်မူ ၊ သွယ်တတ်မှစီး ၊ ရွယ်မှနီးရှင့် ၊ ကြီးလွယ်လျှင်ချောင် ၊ မသိမှောင်သည် ၊ ဖြူ ယောင်နှင့်မဲ ၊ ဟုတ်ယောင်လွဲသား ၊ ၀မ်းထဲလိမ်လစ် ၊ လူ့သနစ်ကို ၊ စင်စစ်သေချာ ၊ သိခဲစွာဟု ၊ ပညာရှိများ ၊ မိန့်ခဲ့ထားသား ၊ မှတ်သားစဖွယ် ၊ အသွယ်သွယ်ကို ၊ မယ်ငယ့်ရွှေသွေး ၊ ဥာဏ်နှင့်ဆေး၍ ၊ အဝေးဆယ်ရှဉ်း ၊ နီးတရှဉ်းဟု ၊ စဉ်းစား၍သာ ၊ ပြန်မည့်တာကို ၊ ရွှေညာရပ်ခွင် ၊ မွေးမိခင်က ၊ ဥာဏ်ရှင်ချီးမွမ်း ၊ လွမ်းဘွယ်ပိုဒ်စုံ ၊ ရစ်တံပုံနှင့် ၊ ကြည်ယုံမေတ္တာ ၊ လောင်းလိုက်ပါ၏ ၊ ချမ်းသာစီးပွါး ၊ ဆိုသည်များကို ၊ လားလားမယ့်မှာ ၊ အောက်မေ့ပါဘူး ၊ သားဦးကိုသာ ၊ မြင်ချင်ပါရှင့် ၊ မင်းလျာယဉ်ရွ ၊ သားရွှေစငယ် ၊ မရဖြစ်စေ ၊ ရဖြစ်စေသာ ၊ ပြန်ခဲ့ပါလော့ ၊ ရတနာမြု တေ ၊ ဂုဏ်ကိုးထွေနှင့် ၊ ရန်မွှေမနှောင့် ၊ ရွှေကုန်းထောင့်က ၊ မောင့်အဖော်များ ၊ ပြန်လာငြားလည်း ၊ သားမောင်မလာ ၊ အောက်ရပ်ရွာမှာ ၊ သုံးခါစင်စစ် ၊ လည်သည့်ဖြစ်ကို ၊ စိစစ်လိုက်တိုင်း ၊ ဗျာပါလှိုင်းလျက် ၊ အတိုင်းမသိ ၊ လွမ်းရှိန်ဖိခဲ့ ၊ ပျောင်းအိခွေနစ် ၊ ဇမ္ဗူ ရာဇ်ကို ၊ ချစ်လို့မ၀ ၊ မြင်မ၀နှင့် ၊ ဆယ်လပိုက်လွယ် ၊ သားမင်းငယ်ကြောင့် ။ ။အမယ်လွမ်း၍ လှိုင်ခဲ့ပြီ။
ကျည်းကန်ကိုရှင်ကြီး။

ဝန်ကတော် ခင်ဆုံ ရေးသားသော ဆောင်းဘွဲ့ရတု

ကာခြည်လေပြေသွေးတော့ ၊
ကြွေမည့်မယ့်ပုံသွင် ၊
ခင်ခင်လေး မြရင်မှာ ၊
စတင်ကာစိမ့်အေး ။
တိမ်လွှာညွှန့် ခုနှစ်ထည်ခြုံ ၊
သည်ပုံဆိုနွေးဖို့အဝေး ။
သည်လိုနှင့်တာရှည်လျှင်၊
ညာမဒီခက်သေး ၊
ကမ္ဗလာထည်နှင့်ထွေးပေမယ့် ၊
သည်အအေးမလုံ ၊
ငွေဒန္တာမနှေးရိုက်၊
သည်းလှိုက်လို့ သည်းရင်ဝခုန် ။
ဘယ်နည်းနှင့်ဘယ်ပုံ၊
မယ်လုံအောင် ကြံဖန်ရမတုန်း ။
ပြန်လှန်ဆ တယောင်ယောင် ၊
ဝဲတိုက်ကြာညောင် ၊
ဖူးစာရှင် ခင်မေ့မောင်ရယ် ၊
ရင်ငွေ့ရောင်လှုံစမ်းခြင်လှလေး ။
ဂျာနယ်ကျော် မမလေး၏ ဘဝပုံရိပ်များ စာအုပ်မှ ကူးယူ
ဖော်ပြပါသည် ။

ပြတ်စဲခန်း

-ကဲ... ရှင်မ နားထောင်
အိမ်ရှိ တောင်း၊ ပလုံး၊ နှီး၊ ဖျာ
ညည်းကအကုန်ယူ...
ငါက နှီးဖြာတတ်သူ။
-မွေ့ ယာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံး
ငါက အကုန်ယူ....
ညည်းက ယက်ကန်းတတ်သူ။
-ဘူးစင်အောက်က နွားညီနောင်
ညည်းကြိုက်ရာ တစ်ကောင်ယူ ။
အိမ်ရှိ ခွေးနက်ကျော်
သူပျော်ရာ သူနေ
ညည်းနဲ့ ငါနဲ့  ပြတ်စဲစေ ....။
(ရေးသူအမည်မသိပါ)

ကမ္ဗောဇသို့

တက်ခဲ့လို့ ခေါ်
မော်မြေမြင့် တောင်တန်း။
ဘယ်ကွေ့ညာခွေနဲ့
တက်တိုင်းလေ လိပ်ခွေကောက်
တောတောင်ပေါက်လမ်း။
တက်ခဲ့လို့ခေါ်
စွယ်တော်ပွင့် တောင်ပန်း။
သီပေါ ဟော်အိုအိုနဲ့
ဘော်ကြို စေတီထွတ်
ဦးညွှတ်တဲ့လမ်း။
တက်ခဲ့ပေါ့နော်
စွယ်တော်နှင့် တောင်တန်း။
တက်တိုင်း ရွှင်ပျော်ပျော်နဲ့
သက်တိုင်း ရွှင်ပျော်ပျော်နဲ့
တတောင်ကျော် တတောင်ကူး
ဦးညွှတ်လို့ လှမ်း။
တပေါင်းလ ပွဲတော်ခါ
ဘော်ကြိုမှာ ပျော်လိုဇောနဲ့
တောတောင်နှံ့လာ။
ကချင်မယ် လွယ်ပလိုင်းနဲ့
သင်တိုင်းက နီပြာပြာ
ပါလေရဲ့ ပန်းပွား။
မော်ရှမ်း တောင်သူနဲ့
ပလောင်သူ နုရွှေပါး
နှင်းဆီတဲ့လား။
ကိုကချင် ဖော်တသင်းနဲ့
မော့်နှင်းဆီ့ မယ်သော်မှော်
တောင်းဆုပန်သော်။
ရင်ပြင်ပေါ်၊ စွယ်တော်နဲ့ အနန်း။
နောင်လဲ မော်မြေသူနဲ့
အတူတူ စေတီဦးမှာ
ဖူးခဲ့ရွှင်လန်း။ ။
ဇော်ဂျီ၏ခရီးသည်(၁၉၃၇)

တို့တိုင်းပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
စေတီ စပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း။
ထလော့ မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
လောကပြိတ္တာ ဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာ ထလော့
အားမပျော့နှင့်၊ မလျှော့လုံလ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူစပါးလဲ
ထားလော့တာဝန်၊ ပွန်လော့ လုပ်ငန်း
ဉာဏ်ရှေ့ ပန်း၍
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။ ။
ဇော်ဂျီ

ရှေးခတ်ပုဂံပြည်

မောင်တို့ ကြားကုန်လော့
မယ်တို့ ကြားကုန်လော့
ရှေးဖျား ပုဂံပြေမှာဖြင့်
မြန်မာတတွေမှာ ရတနာရွှေငွေ အပေါင်းငဲ့ပြင်
မင်းကောင်း နော်ရထာတဲ့
မော်စရာ ဟိုတခေတ်ကိုဖြင့်
ဥာဏ်သစ်ကာ တရွှင်ရွှင်နဲ့ 
ဘဝင်မှာ အမြင်မှန်းကာပေါ့
တမ်းတ၍ ကြည်ညိုပါ ။
..သြော် ပြေမြန်မာ ခေတ်ထူး
ရာဇဝင်မှာ စာတင်လို့ ကျူးခဲ့ကြ
ငထွေးရူး လုံးလက်ဖယ်
ညောင်ဦးနယ် ကိုရွှေဖီး
ရွှေထီးလောင်း မင်းကျန်စစ်
ထီမထင်အောင် ၊ ပြည်ခွင်ကို ချစ်ခဲ့ကြ
ရဲစစ်တပ် ခြံအရံ ၊ မြန်မာ့ နယ်တရိုး
ရန်ထိုထိုကို ၊ ရန်လိုလျှင် ချိုးခဲ့၍
မြို့ ရိုးမှာဖြင့် ပြေပုဂံ ၊ ရဲစစ်တပ် အပြန်မှာ ..။
အောင်လံတွေ ရောင်ပျံမြူးကာပါ့
တပ်ဦးမှာ တချီချီနဲ့ 
အောင်ရွှေစည် အောင်သံညှင်းလိုက်တော့
ပြည်တွင်းမှာ ညံဆူဆူနဲ့ 
ကျန်ရစ်သူ ပုဂံသားတို့ မှာလ
အားတက်ကြမှာ ။
..လာစမ်းဟဲ့ မေ့သား
အမယ်မင်း ထွားလိုက်တာ
စစ်သားကြီး လုံးလုံး ၊ ဗိုလ်မှူးကြီး ရှုံလောက်ရဲ့ 
ပခုံးနဲ့ လက်ပြင် ၊ ကြောခြင်က သံချောင်း
တနှစ်အတွင်းမှာ ၊ ချက်ချင်းဘဲပြောင်းရော့
ကောင်းလိုက်ပေ့ မေ့သား
ဤဇမ္ဗူ ၊ တလူရှားလောက်ရဲ့ 
မယ်ဘွားမှာလေ
ပန်းသပြေနှင့် ညောင်ရေသွန်းလောင်း
ပြည်ကြီးရှင် အနိုင်ရလို့ 
ငါ့သားလှ ပြန်လာကြောင်းကို
နေ့ တိုင်းဘဲ တောင်းရတယ်
အမယ် မမ
သားလှတွက်တာ ၊ နောင်များဖြင့် ပူပါနဲ့ 
ပုဂံမှာမွေး ၊ ပုဂံသွေးမို့ 
အလေးမမူ ၊ အသက်ပင်လှူခဲ့ ပေါ့
ပြည်သူသက်စွန့်  ၊ လက်ရုံးအားအင် သည်တအားနဲ့ 
ဘယ်တိုင်းခြား ဝံ့မတုံးတဲ့ ။....
ယာလက်ရုံး
နှလုံးမှာ ဖြူစင်ကြယ်နဲ့ 
လူတွင်ကျယ် ပုဂံသားတွေတို့ 
ကိုယ့်အားကို ကိုယ်ယုံကိုးကာပါ့
ကိုယ့်မျိုးဂုဏ် တမာန်တက်ပေလိမ့်
ဓားထက်တဲ့ ပုဂံမှာ
မြန်မာတို့ ခေတ်ဟောင်း ။
..စေတီနဲ့  တန်ဆောင်း
ဆည်ချောင်းနဲ့ စပါးနှံ
ရွှေပေါက္ကံ ပြည်တကြောမှာ
ပေါချင်တိုင်း ပေါတဲ့ပြင်
ဝပြောတဲ့ သာသနာ
ခေါင်းလောင်းသံ ညံမစဲရယ်နဲ့ 
ပုဂံပွဲ သာလွန်းလို့ 
လာသူလာ သွားသူသွား
လယ်တွင်းသား ပြည်တော်သား
အသည်သား မင်းမှုထမ်း
တစိတ်ဝမ်း တလက်ညီ
ပြည်ရေးကို ပြိုင်တူချီကြတော့
ပြည်တော်မြတ် ပဲ့တင်သံ
ဘဝဂ် ပြန်ပါ့ရော့ ။ ....
တရားငယ်မှန်
ရှင်မြတ်ကယ် ထေရ်အရဟံနဲ့ 
ပြေပုဂံ နော်ရထာဖုန်းငဲ့ပြင်
ပြည်လုံးညီညာတော့
ဤကမ္ဘာမှာ ပြည်မြန်မာရယ်လို့  ဝင်းခဲ့သတဲ့
သည်မင်းသည်ပြည်ထောင်ဖြင့်
မလေးမောင် ချစ်မငြီးနိုင်ဘူ့ 
ရွှေစည်းခုံ ခြေတော်ရင်းဆီက
ခေတ်ဟောင်းစံ ပုဂံသီချင်းကိုဖြင့်
ညှင်းဆိုခဲ့ကြောင်း ။ ။
ဇော်ဂျီ

သင်သေသွားသော်

ဪ လူ့ပြည်လောက၊ လူ့ဘဝကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့ပြီးတကား၊ သင် သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏ မျိုးသား၊ စာစကားလည်း
ကြီးပွါးတက်မြင့်၊ ကျန်ကောင်းသင့်၏။
သင် ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျှက် ဝင်းလျှက် ကျန်စေသတည်း။
အိုးဝေမဂ္ဂဇင်း၊ အတွဲ ၅၊ အမှတ် ၁၊ ဒီဇင်ဘာ ၁၉၃၅

ပြောလိုက်ပါဘိ ဟောပါဘိ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊
မင်း၏သက်လှယ်၊ မင့်သားငယ်သည်၊
သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ။
သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်၊
အူယားဖါးယား၊
ကစားရာမှ၊ နွားရုပ်ချ၍၊
နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့၊
ပြေးဝင်ပုန်းလာ၊ သူ့မူရာကို၊
ငါမြင်ခဲ့၏ မှတ်မိ၏။
မိုးကစိုစို၊ ကျီးအုပ်ပြို၍၊
ထိုမှဤမှ၊ တို့လမ်းမတွင်၊
ပျံကြဝဲကြ၊ ငရဲထသို့၊
အုံကြွမြည်အာ၊ မသာယာကို၊
ငါကြားခဲ့၏၊ မှတ်မိ၏။
ထိုနေ့၌ပင်၊ ထိုချိန်ထင်၏၊
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏၊
မြေခသတင်း၊ မိုးကြိုးခွင်းသို့၊
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌၊
မချင်မရဲ၊ ဝမ်းနဲခံခက်၊
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်၊
ရွာဦးပိုင်းမှ သင်္ချိုင်းထိ။
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊
မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်၊
သူတို့ခေတ်၌၊ တိုင်းချစ်ပြည်ခင်၊
မြတ်စေချင်၏၊ မင်းမြင်ငါကြား၊
စကားဥဒါန်း၊ ဆန်း၏သတ္တိ၊
ဆန်း၏သမာဓိ၊ ဆန်း၏ပညာ၊
ဆန်းမှာဆုံပေါင်း၊ ယောက်ျားကောင်းတို့၊
ခေါင်းဆောင်သဘော၊ မင့်သားချောကို၊
ပြောလိုက်ပါဘိ ဟောပါဘိ။
ဇော်ဂျီ

ပဲ့နင်း

ရွှေမင်းဝံ ခြေရင်းက
မြစ်မင်းယဉ်ဧရာ
ဝိုင်းခွေလို့ လာ။
မင်းဝံကပြာ ၊ ဧရာကဖွေး။
လှေလောင်းညို ရေဂယက်မှာ
လင်းရွက်နဲ့ လေး ။
ဂေါဝိန်ကို ပဲ့ခိုင်းလို့ 
နံကိုင်းမြတ် စေတီယံ
ဖူးတော့မယ်ဟန်။
ဖူးမယ်လို့ ကြံ
အတန်ကြာ ကြက်ရွှေနန်းကို
ဦးလှည့်လို့ ယမ်း။
ကြက်နန်းက ဖယ်ပြန်တုံ
နံကိုင်းရှင် ခြေတော်မှုးကို
ဦးတိုက်ပြန်တုံ ။
ကြက်နန်းကိုစုန် ၊ စုန်ပါတော့လား ။
နံကိုင်းကိုစုန် ၊ စုန်ပါတော့လား ။
ရွက်လင်းယဉ် လှေတစင်းနဲ့ 
အလို အို ပဲ့နင်းရယ်
မင်းလူလှည့်စား ။
ဇော်ဂျီ

သူ့အပြုံး

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းကို သူမဲ၊ လူပုံထဲ၌
ဆိုဆဲ ရိုင်းပြ၊ သူ ရန်စ လည်း
မင်းက မဖြုံ၊ မင်း မမှုန်ခဲ့
မတုန်မလှုပ်၊ မင်းပြုံးရုပ်သည်
ဟုတ်လှပေစွ ဟုတ်ပေစွ။
အခါတစ်ပါး၊ မြတ်ဘုရားကို
ပုဏ္ဏားဒွါဇ၊ အမျက်ရှ၍
ငဆ နင်ပဲ၊ မျိုးစုံဆဲ၏
ဆိုဆဲအားရ၊ ထိုခဏ၌
ဗုဒ္ဓဘုရား၊ ထို ပုဏ္ဏားနှင့်
စကားချီချ၊ ဆိုခဲ့ကြ။
“ဘာရဒွါဇ၊ ဗြဟ္မဏ
အိမ်ဝရောက်လာ၊ သင့်ဆွေညာအား
ရသာ ချိုအေး၊ ခဲဘွယ်ပေး၍
မကျွေးသလော ကျွေးသလော”
“ငါ့ဆွေ ငါ့မျိုး၊ ငါမြတ်နိုး၍
မုန့်မျိုးစုံစွာ၊ သုံးဆောင်ပါဟု
ငါကျွေးမွေး၏ ငါပေး၏ ”
“ဘာရဒွါဇ ဗြဟ္မဏ
သူက ငြင်းဆန်၊ လက်မခံသော်
ကြံ ပျား ဆီဥ၊ ခဲဘွယ်စုသည်
မည်သူ့လက်မှာ ရှိသနည်း”
“သူ မယူဘိ၊ နေသည်ရှိသော်
ငါ၏ လက်မှာ ရှိသည်သာ ”
“ဘာရဒွါဇ ဗြဟ္မဏ
ငါ့အား သင်ပေး၊ မယဉ်ကျေးသည့်
ဆဲရေးတိုင်းထွာ၊ ဆဲတစ်ရာကို
ငါ လက်မခံ ”
မိန့်လိုက်ဟန်သည်
သုတ္တန်ထင်ရှား အရှိသား။
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း သိ မသိ၊ ငါ မသိခဲ့
ငါ သိသည်မှာ၊ သိရုံသာတည့်
မင့်မှာတမူ၊ ယူ မတူတို့
ငြူစူမှိုင်းမှုန်၊ အဆဲစုံ၌
မတုန်မလှုပ်၊ မင့်ပြုံးရုပ်သည်
ဟုတ်လှပေစွ ဟုတ်ပေစွ။ ။
ဇော်ဂျီ

ချစ်သူတို့ရွာ

ဟိုယခင် နွေဝင်စက
ရောက်ခဲ့ရ ပျော်စရာ
ချစ်သူတို့ရွာ။
စိတ်အာရုံမှာ
သာယာဖွယ့် ကြည်နူး။
ယမင်း တမေပျော်ဖို့
ညတွင်း ပြွေကျော်နဲ့
ဖြေဖျော်ပုံ တကယ်ထူးလို့ရယ်
လွမ်းစိတ်နဲ့ ရူး။ ။
ငွေတာရီ

နေထွက်ချိန်

ဒေါင်းဖန်ဝါ ရှင်နေမင်း
ဖောက်ထွင်းခဲ့ နှင်းဖြူပြာ
ထွက်ပေါ်လို့လာ။
နေခြည်ကဖြာ၊ အာကာက လင်း။
သောင်ကမ်းယံ ကျွန်းတွေကြော့မှာ
ဖျော့တော့ရောင်ဝင်း။
နေရောင်ခြည် မြစ်တွင်းသို့
သက်ဆင်းခဲ့ ရွှေရောင်ဖြာ
ဝင်းလက်လက်ဝါ။
ငှက်သံကသာ၊ စာရှာဖို့တွေး။
သိုက်နန်း ပင်ချုံဦးမှာ၊
မြူးပျံလို့ကြွေး။ ။
ငွေတာရီ

ထိပ်ဆုံးသို့(ခေတ်စမ်းနှင့်အခြားကဗျာ)

တတောင်ပေါ် တတောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ။
တတောင်ဆုံးပြန်တော့
တလုံးကျန်ပေသမို့
ဖန်ဖန်လေ အားအင်နိုးလို့ရယ်
ကြိုးလျှောက်ရပြန်။
ခါတလေ တကယ်ပန်းတာကြောင့်၊
တော်ပါပြီ ဆက်မလှမ်းချင်ဘု၊
ရပ်တန်းက ရပ်မယ်ကြံ၊
အမှန်တော့ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့၊
တနေ့မှာဆုံးရာရောက်ရအောင်၊
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့၊
စိတ်နွမ်းအသာဖြေဦး၊
မာလာငွေကန်ရေအေးရယ်နှင့်၊
ငှက်တေးကိုအာရုံခံလို့၊
မူတသွင်အားအင်သစ်လိုက်ပါ့၊
ချစ်ဖွဲ့လူသား။ ။
ငွေတာရီ

ပိတောက်ပန်း (ခေတ်စမ်းနှင့်အခြားကဗျာ)

မခူးချင်စမ်းပါနဲ့၊
နှစ်ဆန်း ခါတော်မီမို့၊
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့၊
ခပ်သိမ်းနယ်စုံစုံသို့၊
ပွင့်ငုံကို လင့်ကုန်ကြတော့လို့၊
ခေါင်းကြွကာ ဆာဝေဝေနဲ့၊
သူလည်းလေ လောကီသားလိုပါ့၊
ကြွားချင်လှပေလိမ့်မယ်။
တသိန်တင့်ပါဘိ၊
တိမ်မြင့် ရီပြာပြာက၊
ကြည်သာယာ ပင့်လေအဖြူးတွင်ဖြင့်၊
တီတာတာ ပွင့်ရွှေဖူးငယ်တို့၊
လည်ယှက်ကာ ဘယ်ညာလူးလေတော့၊
သူတို့လို ဘယ်သူမြူးနိုင်ပါ့၊
ထူးပါဘိတယ်။
တဝါဝါ ဆင်သင်္ကန်းရယ်က၊
ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့၊
သာသနာ ရွှင်ရွှင်လန်းအောင်လို့၊
တမင် မှန်းကာပါ့ သတိစွယ်၊
ရည်ရွယ်တော့သလား။
ခူးပါနဲ့ကွယ်၊
ပွင့်ဖူးမှာ အဝါခြယ်၍၊
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်၊
နှစ်ဆုံးကုန်အတာဝင်သို့၊
မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့၊
အရေးအခါသာမှ၊
ခမျာမှာ တဂုဏ်ဆန်းရတယ်၊
ပန်းပိတောက်များ။ ။
(ဇော်ဂျီ)

``ရေသင်ဖြူးခင်း တော်သလင်း´´( အဲချင်း )

( မယ်ခွေ )
ရဟတ်မှ ဧယင်လေ ။
ဟဿဒကြယ် ၊ နေနှင့်ဆွယ်လို့ ၊
မိုးလယ်ပြီပြီ ၊ တိမ်ကတ္တီလည်း ၊
နီနီခြင်းခြင်း ၊ ကန်လက်တွင်းမှာ ၊
လေပြင်း ဆင်ပါလို့လေး ။ ။
မင်းလွင်ငယ်မှ တလှည့် ။
မသာစနိုး ၊ စိတ်လက်ကယ်ညှိုးအောင် မိုးတလှည့်နှင့် ၊ အိုဘယ့်-ရာသီ ။
လည်ပြောက်လည်လှုပ် ၊ ပဲတောင့်ပြုတ်နှင့် ၊
ဘုတ် ဇီဝဇိုး ၊ တောတရိုးက ၊
ချစ်ကြိုးမပျက် ၊ လည်ချင်းယှက်လို့ ၊
ဝတ်ရက်ကယ် ချီသည် ။
ဝေသီသီ ပင်မြင့်နန်းက ၊ ပန်း ယင်းမာမွှေး။ ။
ကလေးမှ မွေ့သိမ် ။
ခေါက်ချီခေါက်ချိုး ၊ သိန်းဂုန္တန်ထိုးသည့်နှယ် ၊
တန်ခိုးကြီးမား ၊ နဂါးလိမ်နှင့် ၊
လွမ်းအိမ်ဖွဲ့ကာ ၊ သစ္စာရည်တူ ၊
ရှိတဲ့သူတို့ ၊ အပူမီးနေ ၊
ရောက်လေစေဟု ၊ ဝေယန်ဝင်းရှိန် ၊
နတ်နန်းအိမ်က ၊ အကြိမ်ကြိမ်ငယ် ရွာသည် ၊
ရာဇဂြိုဟ် ပြည်ကိုမှီ၍ ၊
တင်း ကြယ်နီထွန်း ။
ရေသင်ဖြူးခင်း ၊ တော်သလင်းကို ၊
မြစ်တွင်းပြည့်နှက် ၊ ဂဠုန်ငှက်ကဲ့သို့ ။
ရွှေတက်ကယ် မြှောက်ချီ ၊ ရွှေရေသီနှင့် ၊
ညီညာစုံလင် ၊ လှေပွဲတော် ဆင်ကြတယ် ၊
မြစ်ပြင်မှာ ရေသာကြောင်းက ၊
စည်မောင်း ရွမ်းလေး ။ ။
✔ ခက်ဆစ်များ
-----------
ဧယင်= ပုခက်
ဟဿဒကြယ်=လက်ဝါးသဏ္ဌာန် ၅ လုံးရှိ
ဂုန္တန်ထိုး=ရွှေ၊ ငွေ စသောသတ္တုထည်တို့တွင်
ကျောက်သွင်း စီခြယ်သည် ။
ရွှေရေသီ=လှေရွက်အောက်ဘက် ထောင့်စွန်း
များကို ချည်ဆိုင်းထားသောကြိုး
( ဦးဖိုးလတ်၏ သီချင်းပဒေသာ ဒုတိယအုပ်မှ)

``မပေါ်လာ´´( တေးထပ် )

( မိဖုရားကြီး ရှင်မင်း )
ရွှေမင်းဝံ တောင်ညွန့် ၊ 
ဘုန်းကွန့်ကွန့် ပျိုပျို ၊
မှန်နန်းလယ့် မောက်မိုမှာ ၊
ရွှေကိုယ်တော် လဲ့လန်း ။
ကျွန်တော်မ ကေရှင်မှာ ၊
ဦးကင်တော် ဖွင့်နေကြပန်း ။
တောင်ကျွန်းလုံး ဇမ္ဗူဒီ
ကျောက်စီပယ် လျှံလန်း ။
မြမြဆောင် ဖန်နန်းမှာ ၊
မသန်းတဲ့ ပါလာ ။
ပဒေသာပင်ဝန်းနှင့် ၊
ထိမ်ထွန်းသည့် ကျွန်းငယ်မှာသာ ။
တုံ့ကာဖယ်ကာ ၊ လူးလာပလို့ ၊
ညညတိုင်း ညှိုးလျော် ၊
နန်းမက မျှော် ။
ရွှေလ၀န်း စန္ဒော်ငယ်
မပေါ်လာ ဘယ်ထွန်းဘိလေး ။ ။
( ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မှာတော်ပုံ
ဝတ္ထုမှ ကူးယူပါသည် ။ )

``အပူတိုက်´´( လေးချိုး )

( အမည်မသိ ရှေးစာဆို )
အလျင်က ကြင်စမို့ ၊
ဆင်သလျှင် ထုံတဲ့ပန်းပါကလား ၊
နန်းထိုက်တဲ့ သဇင်ခိုင် ။
ခုများမှာ ဘယ်ပုံသစ်ပါလိမ့် ၊
မချစ်ပေါင် ပီပီ မုန်းတော့မလာ့း ၊
မောင်ဘုန်းကို တဥာဏ်ဆန်းချေပေါ့ ၊
ပန်း လက်ခုပ်ခိုင် ။
တို့ကလူ သူ့ဘက် သားပါကလာ့း ၊
မတာတွယ် ပြုရက် အားပါဘိ ၊
မှားနန္တ ရှစ်ပင်တိုင် ၊
နိုင်သူက အရှုံး ။
ဖြစ်နည်းငယ်ထွေ ၊
စစ်ကဲကို ဘုရင်ခွေလို့ ၊
ဆင်သေလျှင် နယ်မနင်းနိုင်ဘူ့း ၊
ရထားပြိုင် ဆိုင်တဲ့မင်းမှာ ၊
မြင်း ခွကွက် ဆုံး ။ ။

ကြွေပွင့်ကောက်စဉ်က

လေအဝှေ့မှာလ
နေသွေ့ကာအညှာလိမ်တဲ့
ပါမှိန်မှိန်ပွင့်လွှာဟောင်းငယ်တို့
ရင့်ညောင်းကာ ဘ၀ကူးသည်ထင့်
မူးဝေအောင်ချာချာလည်၍
သည်မြေဆီရွှေရည်ပွင့်ငယ်လို့
ကြွေလွင့်၍နေစဉ်ဝယ်
အပင်အောက်တယောက်သည်စာဆိုဖြင့်
ရွှင်မချိမြေ့မချမ်းနိုင်ဘု
ကြွေပန်းလွှာမြေမှာစီတော့
သီကရီကောက်ယူနှမ်းမိငဲ့
ဪ… အလွမ်းသည်လိုထွေတော့
ပွင့်ဝါကြွေသူလေသိမှာလှ
တွေးမိပြန်တယ်။
အကြွေစောသူငယ်
နှမြောတွယ်တာတာဖြင့်
ဘယ်အခါဘယ်မှာဆုံးနိုင်လိမ့်
နှလုံးဘ၀င်ဆူပေါ့
မရွှင်သူနှုတ်ခြွေလွှတ်ပါလို့
အတွတ်တွတ်ဆိုကာရယ်
ဖြေဖွယ်ဖြင့်ရှိလိမ့်လား
သည်အခိုက်မှာကို
ပင်ထက်ငွေရောင်စိုတဲ့
ဖူးငုံပျိုထိုတသင်းတွေက
လေညင်းမှာ တကြိုင်ကြိုင်နဲ့
ဘယ်ယိုင်ညာယိုင်ငဲ့ရာမှ
“နောင်ရဲ့မငိုပါနှင့်
ကြည်ညိုကာနောင်မြတ်နိုးတာဖြင့်
ဝေဖြိုးအောင်ရေစင်ဖြာပါ့
ကြွေပွင့်မတွယ်တာနဲ့
ဖူးညာသာထူးစွာပွင့်အောင်လို့
ပင်ဗွေကိုစဉ်အခြေမြှင့်ပါ” တဲ့
ကူချင့်အောင်သူကပြောလေတော့
ပင့်လေမှာပွင့်ကြွေနဲ့မျှောရာက
ဖူးဆီကိုဦးလည်လို့စောမိရဲ့
လှသောပင်ယံဗွေက
ငုံတံတွေရွှေရည်လျှမ်းမှာဖြင့်
စာဆိုမောင်မျှော်ယောင်မှန်းလို့ရယ်
လွမ်းခဲ့မိတကား။
ငွေတာရီ

ကဗျာစုစည်းမှု

ပျို အလင်္ကာ ရတုရကန်စာအုပ်များ
=================
၁၂ ရာသီဖွဲ့ ပေါင်းချုပ်.pdf
https://yadi.sk/i/ewZ-50y1gMheH
ဂမ္ဘီသာရပျို့ .pdf
https://yadi.sk/i/XRVK4WsJgMheM
ဂါထာ ၆၀ ပျို့ .pdf
https://yadi.sk/i/RatSkyJ3gMheP
စတုဓမ္မသာရကိုးခန်းပျို့ .pdf
https://yadi.sk/i/obcGLDeVgMheT
စာဆိုတော်များရတုပေါင်းချုပ်.pdf
https://yadi.sk/i/M8NYac0kgMheV
ဆုတောင်းခန်းပျို့ .pdf
https://yadi.sk/i/i8Dch-hJgMheZ
နတ်သျှင်နောင်ရတုပေါင်းချုပ်.pdf
https://yadi.sk/i/LcSVC7UkgMhed
နဝဒေးရတုပေါင်းချုပ်.pdf
https://yadi.sk/i/a42aY3rxgMheh
ပါရမီတော်ခန်းပျို့ .pdf
https://yadi.sk/i/Hgy5-nZlgMheo
သြဝါဒထူးပျို့ .pdf
https://yadi.sk/i/JoToGXwOgMheq
ဘူရိဒတ် လင်္ကာကြီး.pdf
https://yadi.sk/i/o9HQ4IwMgMhew
ဘူရိဒတ်ဇာတ်ပေါင်းပျို့ .pdf
https://yadi.sk/i/j3DWG7aLgMhey
မင်းနန်ပျို့ .pdf
https://yadi.sk/i/d60bZ1G7gMhf6
မဟာဇနကပျို့ .pdf
https://yadi.sk/i/x7PuXKCegMhf8
မဟာသုတသောမပျို့ .pdf
https://yadi.sk/i/dL7ozLZzgMhfC
မုဒုလက္ခဏပျို့ .pdf
https://yadi.sk/i/RQZusYhDgMhfE
သံချိုကဗျာပေါင်းချုပ်.pdf
https://yadi.sk/i/qBrxVdKIgMhfJ
သူဇာပျို့ .pdf
https://yadi.sk/i/7_XTfcIzgMhfL
ဥမ္မာဒန္တီပျို့ .pdf
https://yadi.sk/i/f6GO6Nj8gMhfQ
တောလား နှင့် ရတုများ.pdf
https://yadi.sk/i/48JbVRlSgMhfS
နေမိဘုံခန်းပျို့ .pdf
https://yadi.sk/i/PYe5CAzngMhfW
ရွှေဟင်္သာမင်းပျို့ .pdf
https://yadi.sk/i/9tKiNS5DgMhfY
လောကသာရပျို့ .pdf
https://yadi.sk/i/dmkuP8gYgMhfa


မှုရင်းပိုင်ရှင် ကျေးဇူးတင်ရှီပါသည်။

Sunday, October 4, 2015

>>သီတဂူဆရာတော်မိန့်သည့်စကား<<

" သီတဂူဆရာတော်မှ
နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် (အမေရိကန်ကော်မရှင်အဖွဲ့) အား
ပြောင်မြောက် ပြတ်သားသောစကားမိန့် "
>>သီတဂူဆရာတော်မိန့်သည့်စကား<< 
(Religion for Peace and Freedom from Fear)
===========================
လူကြီးမင်းများခင်ဗျား၊
ကောင်းသောနံနက်ခင်းပါ။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ရင်းနှီးစွာ ကြိုဆိုပါတယ်။
တွေ့ဆုံခွင့်၊ စကားပြောဆိုဆွေးနွေးခွင့်ရလို့ ၀မ်းသာပါတယ်။
ယနေ့ကမ္ဘာပေါ်မှာ လူသားတို့ကိုးကွယ်ရာ အဓိကကျသောဘာသာကြီး(၆)ခု ရှိကြပါတယ်။ ကမ္ဘာဦးလူသားတွေ မြေကြီးပေါ်ရောက်လာတဲ့ အချိန်ကစပြီး လူသားတို့သည် ကြောက်စိတ်ကို အခြေခံ၍ နေကိုကိုးကွယ်ခြင်း၊ လကိုကိုးကွယ်ခြင်း၊ နတ်အမျိုးမျိုးကိုကိုးကွယ်ခြင်းတို့ ရှိခဲ့ကြပါတယ်။ အဲဒါကို Primitive Religion လို့ခေါ်ပါတယ်။ အဲဒီခေတ်မှာ ဖြစ်ပေါ်လာခဲ့တဲ့ Religionတွေကို ကြောက်စိတ်က စတယ်လို့ ပညာရှိအများစုတို့က ဆိုကြပါတယ်။ အကြောက်တရားတွေမှ သက်သာရာရစေဖို့ ကိုးကွယ်မှုဆိုင်ရာ အယူအဆတွေ စတင်ခဲ့ကြတာလို့ ဗုဒ္ဓကလည်း အတိအလင်း ပြောထားပါတယ်။ ဒါဆိုရင် ဘာသာတရားတိုင်းဟာ လူသားတွေရဲ့ရင်ထဲက အကြောက်တရားတွေကို သက်သာရာ ရစေဖို့နဲ့ ဖြစ်နိုင်ရင် အကြောက်တရားတွေကို လုံးဝဖယ်ရှားပေးဖို့ တာဝန်ရှိပါတယ်။
ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ကြောက်စရာကောင်းတဲ့ ဘာသာတရားတချို့နဲ့ ကြောက်စရာ ကောင်းတဲ့ ဘာသာဝင်တချို့ ပေါ်ပေါက်လာတာဟာ အလွန်ပဲ ၀မ်းနည်းစရာကောင်းပါတယ်။ Primitive Religionတွေရဲ့ နောက်မှာတော့ ဟိန္ဒူဘာသာ ပေါ်ပေါက်လာပါတယ်။ ဟိန္ဒူဘာသာ ထွန်းကားတဲ့ နယ်မြေမှာ ဂျိန်းဘာသာရယ်လို့ ပေါ်ပေါက်လာပြန်တယ်။ ဂျိန်းဘာသာ ပေါ်ပေါက်လာပြီးသည့်နောက် အနှစ်လေးဆယ်လောက်အကြာမှာ ဗုဒ္ဓဘာသာ ပေါ်ပေါက်ခဲ့ပြန်ပါတယ်။ ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာနှင့် ဂျိန်းဘာသာဝင်တို့ရဲ့ နယ်မြေမှာပေါ်ပေါက်ခဲ့ပြီး ဟိန္ဒူဘာသာဝင်တွေ ဂျိန်းဘာသာဝင်တွေနှင့် နှစ်ပေါင်းများစွာ အတူတကွငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်လာခဲ့ကြပါတယ်။ ဂျိန်း၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်တို့ရဲ့သမိုင်းမှာ အချင်းချင်းသွေးထွက်သံယို တိုက်ခိုက်သတ်ဖြတ်နှိပ်စက်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ဘူးတယ်ရယ်လို့ မရှိခဲ့ဖူးပါဘူး။ ဟိန္ဒူဘာသာဝင်တို့က ဗုဒ္ဓဟာ ဗိဿနိုးဝင်စားတဲ့သူလို့ ဆိုတာတောင်မှ ပြန်လှန်တိုက်ခိုက်ခြင်း ပဋ္ဋိပက္ခမျိုး မရှိခဲ့ပါဘူး။ ဟောပြောရေးသား တုန့်ပြန်ချေပတာလောက်ပဲ ရှိခဲ့ပါတယ်။
ဗုဒ္ဓ၏နောက် အနှစ်ခြောက်ရာကျော်ကြာတော့ Jesus Christ ပေါ်ပေါက်လာပါခဲ့တယ်။ Jesus Christ ဟောပြတဲ့ ပညတ်တော်(၁၀)ပါးမှာ ဗုဒ္ဓဟောပြသောသီလတရား ဗြဟ္မစရိယတရားတွေနှင့် ထပ်တူညီမျှတဲ့ အချက်တွေ များစွာတွေ့ရပါတယ်။ ခရစ်ယာန်သာသနာပြုတို့ အရှေ့အာရှဘက်ကို ၀င်ရောက်လာကြတော့ ဟိန္ဒူဘာသာဝင်တွေ ဗုဒ္ဓဘာသာဝင်တွေရဲ့ နိုင်ငံများဖြစ်ကြတဲ့ အိန္ဒိယ၊ သီဟိုဠ်၊ ဗမာ၊ ထိုင်း၊ ကိုးရီးယား၊ ဂျပန် စတဲ့ နိုင်ငံတွေမှာ ၀င်ရောက်ပြီး ခရစ်ယာန်သာသနာကို ဖြန့်ချီခဲ့ကြပါတယ်။ အဲဒီခရစ်ယာန်သာသနာပြုတွေနှင့် သူတို့ရောက်ရာ တိုင်းပြည်အသီးသီးက ဗုဒ္ဓဘာသာဝင်တွေ ဟိန္ဒူ ဘာသာဝင်တွေဟာ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံပေါင်းသင်း၍ နေထိုင်ခဲ့ကြပါတယ်။ ပဋိပက္ခရယ်လို့ မရှိခဲ့ကြပါဘူး။ အဲဒါဘာကြောင့်လည်းဆိုတော့ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ခရစ်ယာန်ဘာသာဝင်တွေဟာ သူတို့သက်ဆိုင်ရာဘာသာတရား အသီးသီးမှာ ဟောထားတဲ့ သီလ(morality)၊ မေတ္တာ (loving-kindness)၊ ကရုဏာ(compassion)ဆိုတဲ့ common-platformပေါ်မှာ အတူတကွ လက်တွဲ လျှောက်လှမ်းနေကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။
မေတ္တာနှင့်ကရုဏာကို အခြေခံသောဘာသာရေးမှာ ပဋိပက္ခကင်းပြီးတော့ ကျန်းမာရေး ပညာရေး အစရှိတဲ့ လူမှုရေးအကျိုးစီးပွားတွေကိုသာ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ခရစ်ယာန်တွေ ဗုဒ္ဓဘာသာထဲ ကူးပြောင်းဝင်ရောက်ကြတာတွေ အတိတ်မှာရော ပစ္စုပ္ပန်မှာပါ အများကြီးရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက အတင်းအကြပ်နှိပ်စက်လို့ ၀င်လာကြတာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ ခရစ်ယာန်ဘာသာထဲ ကူးပြောင်းဝင်ရောက်ကြတာလည်း ကျွန်ုပ်တို့မြန်မာနိုင်ငံထဲမှာ အများအပြားပဲ ရှိပါတယ်။ ခရစ်ယာန်တွေကခြိမ်းခြောက်လို့ ၀င်ရောက်ကြတာမဟုတ်ပါဘူး။ သူတို့ဆန္ဒနဲ့ သူတို့ ၀င်ရောက်ကြတာဖြစ်ပါတယ်။ မည်သည့်ဘာသာမဆိုလွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် freedom of worship, freedom of belief ဆိုတာရှိပါတယ်။
Aggressiveness and extremism ၀ါဒဟာ ဘာသာရေးမှာရော နိုင်ငံရေးမှာပါ ပဋိပက္ခ ဖြစ်ခြင်းရဲ့ အစလို့ အားလုံးသတိပြုကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ အီရတ်မှာ အစ္စလာမ်းမစ် အစွန်းရောက်တွေက ရှေးဟောင်း Zoroastrianism ဘာသာဝင်တွေကို သေနတ်နှင့်ချိန်ပြီးတော့ သူတို့ဘာသာထဲ အတင်းအကျပ် ၀င်ခိုင်းနေပါတယ်။ အစ္စလာမ်ဘာသာထဲ မပြောင်းရင် သတ်မယ်လို့ ခြိမ်းခြောက်နေပါတယ်။ အာဖရိကမှာတော့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ယောက် ခရစ်ယာန်ဘာသာထဲ ၀င်ခဲ့ရောက်လို့ သေဒဏ်ပေးခံရတဲ့ သတင်းကိုလည်း ကြားရပါတယ်။ ဒါကြောင့် ဒို့အရှေ့အာရှကအင်အားချိနဲ့တဲ့ ဗုဒ္ဓဘာသာဝင်နိုင်ငံလေးတွေဟာ ယနေ့အရှိန်အဟုန်နဲ့ ကြီးမား ကျယ်ပြန့်လာတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓါးအောက် ကျရောက်ရမှာကို ကြောက်ရွံ့ စိုးရိမ် နေကြပါတယ်။ အနှစ်လေးဆယ်ကြာ ခရူးဆိတ် ဘာသာရေး စစ်ပွဲကြီးကို ကြည့်ပါ။ ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းတင်ရတဲ့ စစ်ပွဲကြီးတစ်ခုပါ။
အေဒီ-(၁၃ရာစု)နှစ်လောက်က တူရကီမှအိန္ဒိယပြည်ကြီးကို ဖြတ်သန်းချီတက်လာတဲ့ မွတ်စလင်စစ်တပ်ကြီးဟာ ပါလခေါ်တဲ့ ဗုဒ္ဓဘာသာနိုင်ငံကြီးတစ်ခုလုံးကို တိုက်ခိုက်ဖျက်ဆီး၍ အတင်း အကျပ် အစ္စလာမ်းမစ်နိုင်ငံအဖြစ် ပြောင်းခဲ့တဲ့ သမိုင်းတစ်ခုရှိခဲ့ပါတယ်။ ဗုဒ္ဓဘာသာမင်းဆက်ပေါင်း ၁၂-ဆက် မျှအုပ်ချုပ်ခဲ့တဲ့ ပါလဗုဒ္ဓဘာသာနိုင်ငံတော်ကြီးဟာ ဒီကနေ့ ကမ္ဘာကျော်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပါပဲ။ ဖိလစ်ပိုင် နိုင်ငံတောင်ပိုင်းမှာ အစ္စလာမ်ဘာသာဝင်တွေ လက်နက်ကိုင် တိုက်ခိုက်ခဲ့တာ အနှစ်နှစ်ဆယ်လောက် ကြာခဲ့ပါတယ်။ ဒီကနေ့ မွတ်စလင် Muslim State ထူထောင်လိုက်ပါပြီ။
ထိုင်းနိုင်ငံ တောင်ပိုင်းမှာလည်း အစ္စလာမ်ဘာသာဝင်တွေ ဒီကနေ့ လက်နက်ကိုင်တိုက်ခိုက် နေကြပါပြီ။ မူစလင် နိုင်ငံထူထောင်ရေးပါပဲ။ ဘာသာရေးကို သန့်သန့်ရှင်းရှင်း၊ လူတို့ရဲ့အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ စိတ်ထားဖြူစင်ရေးနဲ့ လူမှုရေး ကောင်းရာကောင်းကျိုးတွေအတွက်သာ အသုံးပြုရမှာ ဖြစ်ပေမယ့် ဒီကနေ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ လောကမှာ ဘာသာရေးစစ်ပွဲဆင်နွှဲပြီးတော့ အစ္စလာမ်းမစ်နိုင်ငံထူထောင်ဖို့ လုပ်နေကြတာဟာ အလွန်ပဲစိတ်ပျက်ဝမ်းနည်းဖွယ်ရာ ကောင်းပါတယ်။
ကျွန်ုပ်တို့ မြန်မာနိင်ငံဟာ ၁၉၄၈-ခုနှစ်က အင်္ဂလိပ်လက်အောက်က လွတ်မြောက်ခဲ့ပါတယ်။ အင်္ဂလိပ်က ကျွန်ုပ်တို့နိုင်ငံကို အနှစ်တစ်ရာနီးပါးအုပ်ချုပ်ခဲ့တယ်။ အဲဒီအင်္ဂလိပ်တွေက မြန်မာနိုင်ငံမှာ ကားလမ်း ရထားလမ်းဖောက်ခြင်းစတဲ့ အလုပ်တွေအတွက် အလုပ်သမားတွေကိုအိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကနေပြီး စည်းမဲ့ကမ်းမဲ့ဥပဒေကင်းမဲ့စွာနဲ့ မြောက်များစွာ တင်သွင်းခဲ့တယ်။ အမေရိကန်တွေ United Statesကို ထူထောင်ခဲ့စဉ်တုန်းက အာဖရိကကလူမည်းတွေကို ကျေးကျွန်အဖြစ် ခေါ်သွင်းခဲ့ကြသလိုပါပဲ။ ပြီးတော့ အင်္ဂလိပ်ရဲ့ အုပ်ချုပ်မှုစနစ်ဟာ မြန်မာနိုင်ငံ အနာဂတ်ဆိုးကျိုးကို များစွာဖြစ်စေခဲ့တဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာအတွင်းမှာ ဗမာ့တပ်မတော်ရယ်လို့ ဗမာတွေကို စစ်တပ်ဖွဲ့၍ အုပ်ချုပ်ခဲ့တာမရှိပါဘူး။ ဒါပေမယ့် အံ့သြစရာ ကောင်းတာက ကရင်တပ်မတော် ကချင်တပ်မတော် ချင်းတပ်မတော် ကယားတပ်မတော်တွေရယ်လို့ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်ကြတဲ့ တိုင်းရင်းသားတွေကို စစ်တပ်ဖွဲ့ပြီး ဒို့ဗမာနိုင်ငံကို အုပ်ချုပ်ခဲ့ကြတယ်။
အင်္ဂလိပ်အစိုးရအင်္ဂလန်ပြန်သွားတဲ့အခါမှာ သူတို့ဖွဲ့ထားခဲ့တဲ့ ကရင်တပ်တွေ ကချင်တပ်တွေ ကယားတပ်တွေ အားလုံးသူပုန်ထပြီး ဗမာအစိုးရကို တော်လှန်ကြတော့တာပါပဲ။ အဲဒီပြဿနာတွေကို ဒီကနေ့တိုင် ဒို့နိုင်ငံမှာဖြေရှင်းလို့ မရသေးပါဘူး။ အဲဒါဟာလွတ်မြောက်ပြီးစ ဒို့လို ကိုလိုနီနိုင်ငံလေးများရဲ့ ခံစားရစမြဲဖြစ်တဲ့ ဒုက္ခတွေပါပဲ။ နောက်တစ်ခုရှိသေးတယ်၊ ရခိုင်ပြည်နယ်တစ်ခွင်မှာ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာနီးပါးမျှကာလပတ်လုံး ဥပေဒမဲ့ ၀င်ရောက်နေထိုင်ခဲ့ကြတဲ့ ဘင်္ဂါလီတွေဟာ (၁၉၄၈-၄၉) ခုနှစ်များမှာ မူဂျာဟစ်အမည်နဲ့ သူပုန်ထပြီးတော့ ပြည်နယ်တောင်းခဲ့ကြတယ်။ Musulim State ထူထောင်ဖို့ ကြိုးစားခဲ့ကြတယ်။ အဲဒီအစ္စလာမ်းမစ် မူဂျာဟစ်သူပုန်တွေကို ဗမာ့တပ်မတော်ဟာ အကြိတ်အနယ် တိုက်ခိုက်ခဲ့ရဖူးပါတယ်။ ဒီကနေ့တော့ သူတို့ဟာ ဘင်္ဂါလီလို့လည်းမပြောဘူး။ မူဂျာဟစ်လို့လည်း မပြောဘူး။ ရိုဟင်ဂျာလို့ ကြေညာပြီးတော့ သူတို့ကိုယ်တိုင် သူတို့အိမ်တွေကို မီးရှို့ပြီးတော့ သူပုန်ထဖို့၊ သီးခြားနယ်မြေတောင်းဖို့ ကြိုးစားနေကြပါတယ်။
ဒို့တတွေက ကမ္ဘာမှာဒုတိယအင်အားအကြီးမားဆုံး ငွေကြေးအကြွယ်ဝဆုံး ဖြစ်တဲ့ အစ္စလာမ်ကမ္ဘာကို မပြိုင်နိုင်ကြဘူး၊ မယှဉ်နိုင်ကြဘူး။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေထဲမှာတောင် အစ္စလာမ်းမစ်နိုင်ငံတွေက ဒုတိယနေရာအများဆုံးမှာ ရောက်နေကြပြီ။ မီဒီယာလောကမှာလည်း Money Powerနဲ့ မီဒီယာတွေအပေါ်မှာ လွှမ်းမိုးလို့နေပါပြီ။ Money Powerအားကောင်းတဲ့ အစ္စလာမ်တွေက ကမ္ဘာမှာ ရေဒီယို တယ်လီဗေးရှင်းနဲ့ ဂျာနယ် တော်တော် များများကို ဆုပ်ကိုင်ထားပြီး ဖြစ်နေပါတယ်။ အဲဒီလို သြဇာအာဏာကြီးမားတဲ့ မီဒီယာလောကကို ဒို့ဆင်းရဲတဲ့ဗမာနိုင်ငံလေးဟာ ထိုးဖောက်နိုင်ခြင်းမရှိလို့ ဗမာကပြောသမျှ ကမ္ဘာကမယုံဘူး။ အစ္စလာမ်ကပြောလိုက်ရင် တစ်ကမ္ဘာလုံး တအုန်းအုန်းဖြစ်နေကြတယ်။ ဒို့နိုင်ငံတော်ရဲ့ ဂုဏ်သတင်းဟာ ကမ္ဘာမှာ မကောင်းဘဲဖြစ်နေတာဟာ အစ္စလာမ်မီဒီယာတွေရဲ့ သြဇာအာဏာကြောင့်ပဲဖြစ်တယ်။
ဒါကြောင့် ဒို့ကတော့ မြတ်ဗုဒ္ဓဆုံးမတဲ့အတိုင်း favour နှင့် fear အစွန်းနှစ်ဘက်က လွတ်အောင်ရှောင်ပြီး ဒို့တိုင်းပြည်နဲ့ဒို့လူမျိုးကို ဓမ္မဓိဌာန်ကျကျ စောင့်ရှောက်ကာကွယ်သွားမည် ဖြစ်ကြောင်းပြောကြားလို ပါတယ်။
လူကြီးမင်းများခင်ဗျား
နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ ကျွန်ုပ်တို့ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီဘ၀နဲ့ နှစ်ပေါင်းတစ်ရာနီးပါးနေခဲ့ကြရတဲ့ အတွက်ကြောင့်လည်းကောင်း၊လွတ်လပ်ရေးရပြီးတဲ့အခါမှာလည်း နှစ်ပေါင်း ခြောက်ဆယ်နီးပါး ပြည်တွင်းမှာ လူမျိုးရေးစစ်ပွဲတွေ ဖြစ်ပွားခဲ့ရတဲ့အတွက်ကြောင့်လည်းကောင်း ကျွန်ုပ်တို့မြန်မာနိုင်ငံဟာ အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့နေကြရပါတယ်။ ဤအခက်အခဲများကို ကူညီဖြေရှင်းပေးမည်ဟု ပြည်ပအဖွဲ့အစည်း အကူအညီတွေလာကြသော်လည်း ပြဿနာတွေ ပြေလည်မသွားဘဲ ပိုမိုခက်ခဲအောင် လုပ်သွားခဲ့ကြတာတွေ ရံခါမှာတွေ့ရပါတယ်။
သို့ဖြစ်ခြင်းကြောင့် ကျွန်ုပ် ဒီနေ့ပြောကြားလိုသည်မှာ ထိုအခက်အခဲပြဿနာများကို ခင်ဗျားတို့တတ်နိုင်သည့်ဘက်က ၀ိုင်းဝန်းဖြေရှင်းပေးကြပါလို့ ကျွန်ုပ် မေတ္တာရပ်ခံလိုပါတယ်။
နောက်တစ်ခုပြောချင်တာက - လူမျိုးရေးစစ်ပွဲတွေ ချုပ်ငြိမ်းသွားစေဖို့ ကျွန်ုပ်တို့အစိုးရက စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နေတဲ့အချိန်မှာ နိုင်ငံရေး အစွန်း ရောက်နှင့် ဘာသာရေးအစွန်းရောက်တချို့က ဘာသာရေးပဋိပက္ခများဖြစ်အောင် လှုံ့ဆော်ဖန်တီး နေကြတာကိုလည်း တွေ့နေကြရပါတယ်။ ဤပဋိပက္ခများကို ငြိမ်းချမ်းသွားအောင် ၀ိုင်းဝန်း ဖြေရှင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
ငြိမ်းချမ်းအောင် ဖြေရှင်းပေးရာမှာ နည်းစနစ်ဟာ အလွန် အရေးကြီးပါတယ်။ ဖြေရှင်းရင်း ဖြေရှင်းရင်းဖြင့် ပို၍ပို၍ ရှုတ်ထွေးမသွားအောင် သတိပြုကြဖို့ လိုပါတယ်။ ကျွန်ုပ်တို့ကလည်း ဗုဒ္ဓဘာသာဗမာပီပီ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ သူတပါးအကျိုး ဆောင်ရွက်ခြင်း၊ ကိုယ်ကျိုးစီးပွားစွန့်လွတ်ခြင်း၊ ကျိုးကြောင်းဆင်ခြင် သုံးသပ်ခြင်းဆိုတဲ့ ခန္တီ မေတ္တာ သတိ ပညာ ကြီးကြီးထား၍ ဤဘာသာရေး ပြဿနာများကို အကြမ်းဖက်ခြင်း လုံးဝကင်းလျှက် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
အားလုံး ငြိမ်းချမ်းသာယာရှိကြပါစေ။
ဒေါက်တာအရှင်ဉာဏိဿရ ( Ph.D,D.Litt )
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း၊ မြန်မာ