Thursday, January 8, 2015

မှောင်ခိုထုတ်

 နိုင်ငံတော် သယံဇာတတွေ အဖွဲ့အစည်းမျိုးစုံကနေ နည်းလမ်းပေါင်းစုံ/ထွက်ပေါက်ပေါင်းစုံက အရင်းအမြစ်ပါမကျန် တရုတ်တွေ ဂုတ်သွေးစုပ်နေကြတာ သိစေချင်လို့ ။ ပုံပါ ကျောက်တွေက ဒေသအခေါ် ရေခဲတုံးလို့ခေါ်ပါတယ် ။ သက်နု ကျောက်စိမ်းတွေပါ။ ရေနဲ့ထိရင် ကျောက်ကြောတွေက စိမ်းတက် လာပါတယ် ။ ဒါတွေကို KIA က တရုတ်နဲ့ပေါင်းပြီး တောင်လုံးဖြိုပြီးရောင်းစားနေတာပါ ။ တရုတ်ကနေ UAE ၊ ဘရူနိုင်း နိုင်ငံတွေကို ကုန်ချောအဖြစ် သွားပါတယ် ။ မြန်မညပြည်ကချင်ဒေသကနေတော့ ပေါပေါပဲပဲဈေးနဲ့ပေါ့ ။ အာရပ်ကမ္ဘာ ရောက်သွားရင်တော့ အပူပိုင်းနိုင်ငံတွေမှာ ဒီကျောက်တွေက မီလျံနာ ဘီလျံနာ တွေမှ ဝယ်ပြီး အဆောက်အဦတွေမှာ ဆင်နိုင်တာပါ ။ KIA ထုတ်တာကတော့ ဟုတ်ပါပြီ ... ကတ်တာပီလာ ဂေါ်ထက်ကြီးတဲ့ ဒီကျောက်တုံးကြီးတွေ ဒီကားကြီးတွေ ဘယ်ဂိတ်တွေက ထွက်သွားကြပါသလဲ ၊ နယ်စပ် ကုန်စည် စီးဆင်းမှုစောင့်ကြည့်ထိန်းချုပ်တဲ့အဖွဲ့တွေက မသိကြသလား ။ တရုတ်တွေလွပ်လပ်စွာ ထင်တိုင်းကြဲ တောင်တွေဖြို (စက်ယန္တယားကြီးတွေပါတယ် ၊ကားလမ်းတွေဖောက်ရတယ် ၊ ကားတွေ ဥဒဟို ဝင်ထွက်နေတယ် ) လုပ်နေကြတာ ခွင့်ပြုချက်တွေဘယ်သူပေးလည်း ??? ***သေချာတာက အခွန်မရှိဘူး တရားဝင် လုပ်နေတာမဟုတ်ဘူး ***
ဒါ့အပြင် ပုံနဲ့မဖော်ပြနိုင်တဲ့ Rare Earth အမည်ပေးထားတဲ့ သတ္တုလည်း ထိုနည်းလည်းကောင်းပါပဲ ၊ သာမန် သံတစ်ပိဿာအလေးချိန်အရွယ် ဆိုရင် အဆိုပါ Rare Earth အမည်ရ သတ္တုခဲဟာ သံအလေးချိန်ထက် ၇ ဆ ၈ ဆ ခန့် အလေးချိန်များပါတယ် ၊ လက်နက်ထုတ်လုပ်ရေးမှာ အရေးပါတဲ့ အသုံးပြုမှုတွေရှိတယ် သိရပါတယ် ။ ၎င်း သတ္တုများလည်း ကချင်ဒေသကနေ တရုတ်တွေ ပေါချောင်ကောင်းထုတ်ယူနေကြပါတယ် ၊ အဝင်အထွက် နည်းလမ်းတွေ စဉ်းစားကြပါကုန် ၊ သယံဇာတတွေပေါသလောက် တိုင်းပြည်တိုးတက်မှုနှေးရတဲ့အကြောင်းထဲမှာ ဒီလိုဖြစ်ရပ်တွေက အဓိကပါပါကြောင်း ။

ပြည်တွင်းသတင်း

ပြည်တွင်း၌ မောင်းသူမဲ့လေယာဉ် ၇ စီးကို ထုတ်လုပ်နိုင်ခဲ့သော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသနည်းပညာတက္ကသိုလ်က အဆိုပါ လေယာဉ်ငယ်များကို သဘာဝဘေးအန္တရာယ် ကျလာသော ဒေသများတွင် ကူညီကယ်ဆယ်ရေး ယာဉ်များအဖြစ်လည်းကောင်း၊ သုတေသနပြု လုပ်ငန်းများ အတွက်လည်ကောင်း အသုံးပြုနိုင်ရန်အတွက် ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ သိရသည်။

အလိုအလျောက် မောင်းသူမဲ့စနစ်ဖြင့် ထိန်းချုပ်ပျံသန်းနိုင်သည့် အဆိုပါ လေယာဉ်အသေးစားများ ထုတ်လုပ်မှုသည် အောင်မြင်မှုရရှိခဲ့သည့်အတွက် ယခုကဲ့သို့ ပြည်တွင်း ၌ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် အခြားသော ကဏ္ဍများ၏ သုတေသနလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဆက်လက် ထုတ်လုပ်သွားရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း အထက်ပါ နည်းပညာတက္ကသိုလ်မှ စုံစမ်းသိရသည်။

အဆိုပါ မောင်းသူမဲ့လေယာဉ်များကို တည်ဆောက်နိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာ ကုန်ကျစရိတ်ဖြစ်ပြီး ပြည်တွင်း၌ ထုတ်လုပ်ထားခြင်းဖြစ်သည့်အတွက် အနည်းဆုံး ကျပ်သိန်း ၁၅၀ ခန့်သာ ကုန်ကျနိုင်ရန် ထုတ်လုပ်ထားကြောင်း သိရသည်။

အဆိုပါ မောင်းသူမဲ့ လေယာဉ်များတွင် ပြည်ပနိုင်ငံများမှ မဖြစ်မနေ နည်းပညာဆိုင်ရာ စက်ပစ္စည်း ဝယ်ယူရမှုများ ရှိနေခြင်းကြောင့် ကျပ်သိန်း ၁၅၀ ခန့် ကုန်ကျ ရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများအပြင် သတ္တုရှာဖွေရေး လုပ်ငန်းများတွင်ပါ အသုံးချမည့် ပြည်တွင်း ထုတ် မောင်းသူမဲ့ လေယာဉ်များ ဆက်လက် ထုတ်လုပ်နိုင်ရန်အတွက် အာကာသနည်းပညာတက္ကသိုလ်မှ ပညာရှင်များကို ဝန်ကြီးဌာနက ထောက်ပံ့မှုများ ဆက်လက်ပေး သွားမည်ဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၄ ခုနှစ်အတွင်း နိုင်ငံတကာတွင် နည်းပညာမြင့် မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရောင်းချမှုများရှိခဲ့ပြီး ပြည်တွင်း၌လည်း အဆိုပါ ယာဉ်ငယ်များကို စိတ်ဝင်စားသူများက ရုပ်ရှင်ရိုက်ကူးရေးကဲ့သို့သော လုပ်ငန်းများတွင် အသုံးချမှုများ ရှိနေကြောင်း သိရသည်။


အဲအေးရှားလေယာဉ်

အဲအေးရှား လေယာဉ်ပျက်ကို လိုက်လံရှာဖွေနေသော အဖွဲ့များက အချက်ပြ ထုတ်လွှင့်မှု လှိုင်းအချို့ကို ဖမ်းယူ ရရှိခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ အချက်ပြလှိုင်းများသည် ဂျာဗားပင်လယ်အတွင်း ပျက်ကျခဲ့သည့် အဲအေးရှား လေကြောင်း ခရီးစဉ်အမှတ် QZ8501၏ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ (Black Box)များမှ ဟုတ်၊ မဟုတ် ဆိုသည်ကိုမူ တိတိကျကျ မသိရသေးချေ။ အင်ဒိုနီးရှား စစ်ဘက် အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုလ်ဒိုကိုက ရေတပ်မှ ရေငုပ်သမားများကို အဆိုပါ အချက်ပြလှိုင်း ထွက်ပေါ်ရာ နေရာသို့ စုံစမ်းစစ်ဆေးရန် စေလွှတ်ထားကြောင်း သတင်းထောက်များအား အသိပေးခဲ့သည်။

လေယာဉ်၏ အမြီးပိုင်းကို ရေအောက်တွင် ရှာဖွေ တွေ့ရှိခဲ့သော်လည်း မူလ ခန့်မှန်းထားသလို Black Box များသည် လေယာဉ်အမြီးတွင် ရှိနေရန် မသေချာကြောင်းလည်း မိုလ်ဒိုကိုက ဝန်ခံသည်။ Airbus A320-200 အမျိုးအစား လေယာဉ်သည် ဒီဇင်ဘာ (၂၈)ရက်က အင်ဒိုနီးရှားမှ စင်ကာပူသို့ ဦးတည်ပျံသန်းစဉ် အဆက်အသွယ် ပြတ်တောက် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ထို့နောက်ပိုင်းတွင် လေယာဉ် ပျက်ကျခြင်းဟု အတည်ပြုနိုင်ခဲ့ပြီး လေယာဉ်ပေါ် ပါသွားသူ (၁၆၂)ဦးစလုံး အသက်ဆုံးရှုံးခဲ့ကြောင်း ကယ်ဆယ်ရေးများက ယူဆထားသည်။

“လောလောဆယ် အချက်ပြလှိုင်းတွေ ထုတ်လွှတ်နေတဲ့ နေရာဟာ လေယာဉ်အမြီးပိုင်း ရှာတွေ့ခဲ့တဲ့ နေရာနဲ့ သိပ်မဝေးဘူးလို့တော့ အစီရင်ခံစာ ရထားပါတယ်”ဟု မိုလ်ကိုဒိုက ဆိုသည်။

လေယာဉ်၏ နောက်ဘက် အစိတ်အပိုင်းများကို အဝေးထိန်း စနစ်ဖြင့် မောင်းနှင်သော ရေငုပ်သင်္ဘောငယ် တစ်စီးက ဇန်နဝါရီ (၇)ရက်တွင် ရှာဖွေ တွေ့ရှိခဲ့သည်။ အင်ဒိုနီးရှား အာဏာပိုင်များက အဆိုပါ လေယာဉ် အစိတ်အပိုင်းသည် ပြောင်းပြန် အနေအထား ရှိနေပြီး ပင်လယ်ကြမ်းပြင်တွင် တစ်ဝက်တစ်ပျက် နစ်မြုပ်နေပြီး ကျိုးပဲ့ပျက်စီးနေကြောင်း ပြောကြားထားသည်။

_Ref: BBC

ကချင်ပြည်နယ်မှတရားမဝင်သစ်ခိုးထုတ်သောတရုတ်နိုင်ငံသားများ

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်မှုဖြင့် မြန်မာ့တပ် မတော်က ဇန်နဝါရီပထမပတ် တွင် ဖမ်းဆီးထိန်းသိမ်းထားသော တရုတ်နိုင်ငံသား တစ်ရာကျော် အရေးကို မှန်မှန်ကန်ကန်နှင့် မျှမျှတတကိုင်တွယ်ဆောင်ရွက် စေလိုကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိ သူက ဇန်နဝါရီ ၇ ရက်တွင် ပြော ကြားလိုက်သည်။

ထိန်းသိမ်းခံ တရုတ်နိုင်ငံ သားများအရေးအတွက် ရန်ကုန် မြို့ရှိ တရုတ်သံရုံးက စုံစမ်း စစ်ဆေးမှုများစတင်ပြုလုပ်နေပြီ ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဟုန်လေ ကပြောကြားကြောင်း တရုတ် နိုင်ငံမှလာသည့် သတင်းများ၌ ဖော်ပြထားသည်။

ကချင်ပြည်နယ်ဝိုင်းမော်မြို့ နယ်အတွင်း နိုင်ငံခြားသား ၁၀၀ ကျော်အပါအဝင် သစ်ခိုးထုတ်နေ သူများကို ရာနှင့်ချီသောသစ်တင်ယာဉ်များနှင့်အတူ တပ်မတော် စစ်ကြောင်းက ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အတွင်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

သို့သော်သစ်ခိုးထုတ်မှုတွင် ဖမ်းဆီးရမိသည့် ခိုးဝင်လာသူများကို အမည်ပျက်စာရင်းသွင်းပြီး လဝကဥပဒေအတိုင်း အရေးယူ သွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှသတင်းရရှိသည်။

တရားမဝင် သစ်ခိုးထုတ် စခန်းတွင် ဖမ်းဆီးရမိသူများကို တပ်မတော်ကလူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် အခြားဆက်စပ်ဝန်ကြီး ဌာနများသို့ လွှဲပြောင်းပေးမည်ဖြစ် သည်။‘‘၅၂ ဦးလွှဲပြီးပါပြီ။ ဒါပေမဲ့ တရုတ်တွေအပြင် မြန်မာတွေပါ ပါနေတော့ လိုက်ပြီးစိစစ်နေပါ တယ်။ အကုန်လုံးတော့မရောက် လာသေးပါဘူး’’ ဟု ဖမ်းဆီးရာ တွင် လိုက်ပါဆောင်ရွက်နေသူ တစ်ဦးက ဖမ်းဆီးထားသူများကို တပ်မတော်မှ လ၀ကသို့ လွှဲပြောင်းပြီးကြောင်း ပြောသည်။

တရားမဝင် သစ်ခိုးထုတ် စခန်းတွင် မြန်မာနိုင်ငံသား ကျား၊ မ ၂၀ ဦးနှင့် တရုတ်နိုင်ငံသား၁၀၂ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

လူများအပြင် တရားမဝင် သစ်ခိုးထုတ်ရာတွင် အသုံးပြု သည့် ဘူဒိုဇာတစ်စီး၊ ပါဂျဲရိုးလေးစီး၊ ပီကင်းဂျစ်လေးစီး၊ ဝန်ဆွဲယာဉ်သုံးစီး၊ နှစ်ခန်းတွဲယာဉ်နှစ်စီး၊ သစ်တင်ယာဉ် ၄၃၆ စီး၊ ဒေါင်ဖန်းယာဉ်သုံးစီး၊ ကရိန်းနှစ်စီး စုစုပေါင်း ယာဉ် ၄၅၅ စီး၊ ဆိုင် ကယ်ကိုးစီးဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။ ‘‘တစ်ချိန်တည်းမှာပဲ ဖမ်း ဆီးခံတရုတ်နိုင်ငံသားတွေရဲ့ တရားဥပဒေအရ အခွင့်အရေးနဲ့ အကျိုးစီးပွားကို အကာအကွယ် ပေးဖို့ကိစ္စကို သေချာစေချင်ပါ တယ်’’ဟု ထိန်းသိမ်းခံရသည့် တရုတ်နိုင်ငံသားများအရေးနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက်က ပြုလုပ်သည့်သတင်းစာရှင်းလင်း ပွဲတွင်သတင်းထောက်များ၏ မေးမြန်းမှုကိုတရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဟုန်လေကပြန်လည်ဖြေကြားခဲ့ ကြောင်း တရုတ်နိုင်ငံအခြေစိုက် သတင်းဌာနများက ရေးသားကြ သည်။

Wednesday, January 7, 2015

အနော်ရထာ မင်းစော

အနော်ရထာမင်း (မြန်မာ ၃၇၆-၄၃၉)အား အနော်ရထာမင်းစောဟူ၍လည်း တွင်သည်။ အနော်ရထာမင်းသည် ပထမ မြန်မာ မွန် ပျူ နိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ပုဂံမင်း ၅၅ ဆက်အနက် ၄၂ ဆက်မြောက် မင်းဖြစ်သည်။ ပုဂံဘုရင် ကွမ်းဆော်ကြောင်ဖြူမင်းနှင့် မိဖုရား မြောက်ပြင်သည် တို့မှ သက္ကရာဇ် ၃၇၆ ခုနှစ်တွင် ဖွားမြင်သောသားတော် ဖြစ်သည်။ အရည်းကြီးတို့ဝါဒ နှိမ်နင်း၍ ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားစေခဲ့သည်။ ဆည်မြောင်း ကန်ချောင်းတို့ တည်ဆောက်ရာ၊ နိုင်ငံတော်၏ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး စနစ်ကို စနစ်တကျ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ အနော်ရထာ (သို့) ပုဂံသမိုင်းမျက်နှာစာ ပုဂံဒေသ မှ ယနေ့တိုင် တွေ့မြင်နိုင်သေးသော ဘုရား ပုထိုး စေတီများ၏ သမိုင်း မျက်နှာစာ အစကို ရှင်အရဟံ နှင့် လက်တွဲကာ ဖွင့်လှစ်ခဲ့သူ သို့မဟုတ် ထေရဝါဒ ဗုဒ္ဓဘာသာ ကို မြန်မာပြည် အလယ်ပိုင်း ဒေသတွင် ပြန်ပွား စည်ပင်စေခဲ့သူ ဖြစ်သည်။ အနော်ရထာသည် ကွမ်းဆော်ကြောင်ဖြူမင်းနှင့် မြောက်ပြင်သည် မိဖုရားမှ မွေးဖွားသော သားတော်ဖြစ်သည်။ ဖွားမြင်ပြီးနောက် ကျဉ်စိုးမင်းက ထီးနန်းအစဉ်အလာမပျက် အနုရာဓရွာကို စားစေဟု ချီးမြှင့်ခဲ့သည်။ ထို့ကြောင့် အနုရာဓ ရွာစား မင်းသား ဟုခေါ်တွင်သည်။ ထီးနန်းရရှိပုံ ကွမ်းဆော်ကြောင်ဖြူမင်းကိုသားတော်နှစ်ပါးဖြစ်သည့် ကျဉ်စိုး နှင့် စုက္ကတေးတို့က အကောက်ကြံကာ နန်းချပြီး ကျဉ်စိုးမင်းသား နန်းတက်သည်။ ခြောက်နှစ်အကြာတွင် ညီတော် စုက္ကတေး ကလုပ်ကြံသဖြင့် ကျဉ်စိုးမင်းလွန်ပြီးနောက် စုက္ကတေးမင်း ထီးနန်းပြုနေခဲ့သည်။ စုက္ကတေးမင်းသည် အဖေတူ အမေကွဲ ဖြစ်သော အနော်ရထာ၏ မယ်တော်ကို မိဖုရားအဖြစ်သိမ်းပိုက်ခဲ့သည်။ ထိုစဉ်က စုက္ကတေးမင်းသည် အနော်ရထာအား "ညီသားနောင်မယ်"ဟု ခေါ်လိုက်လေသည်။ ("ညီသားနောင်မယ်"၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ညီလည်းညီ၊ သားလည်းသား ဟူသောအဓိပ္ပါယ်မျိုးပေါက်သည်။ အနော်ရထာ၏ မွေးမိခင် မြောက်ပြင်သည် မိဖုရားကို စုက္ကတေးက မိဖုရားမြှောက် လိုသည်ဟု ဆိုလိုရင်းဖြစ်သည်။) ထိုစကားရပ်မှာ မြန်မာ့သမိုင်းတွင် သမိုင်းတွင်ခဲ့ရလေသည်။ စုက္ကတေး ၏ မိခင် အလယ်ပြင်သည် မိဖုရား နှင့် အနော်ရထာ ၏ မိခင် မြောက်ပြင်သည် မိဖုရားတို့မှာ ညီအစ်မ ဖြစ်ရာ အနော်ရထာ ၏ မိခင်မှာ စုက္ကတေး ၏ မိထွေးတော်သည်။ ထိုစကားကို အနော်ရထာ သိရသောအခါ စုက္ကတေးမင်းအား မကျေမနပ်ဖြစ်ကာ နန်းတော်မှထွက်ပြီး ပုပ္ပားအရပ်သို့ ရှောင်တိမ်းလေတော့သည်။ အနော်ရထာသည် စစ်တိုက်ရန် လူသူစုဆောင်းခဲ့သည်။ ပုဂံကို ပြန်လည်သိမ်းပိုက်ရန် ချီတက်လာပြီးနောက် စစ်ဖြစ်လျှင် လူအများအပြား သေကျေပျက်စီးမည် ကို မလိုလားသဖြင့် နောင်တော် စုက္ကတေးမင်း နှင့် မြင်းကပါအရပ်တွင် တစ်ဦးချင်းစီးချင်းထိုးခဲ့သည်။ နောက်ဆုံးတွင် အနော်ရထာ အနိုင်ရရှိပြီး ပုဂံတွင်မင်း ဖြစ်လာခဲ့သည်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း အနော်ရထာလက်ထက်တွင် ထူးခြားသော နိမိတ်တစ်ခုတွေ့သဖြင့် သူ၏ ပုရောဟိတ် ဗေဒင်ဆရာများဖြစ်သော ဟူးရားဖြူ၊ ဟူးရားညိုတို့ကို မေးမြန်းရာ နောင်တွင် ပေါ်မည့် မင်းလောင်းသည် ယခု ပဋိသန္ဓေတည်နေပြီဟု နိမိတ်ဖတ်ပြကြသည်။ အနော်ရထာသည် သူ၏ ထီးနန်းကို မစွန့်ချင်သဖြင့် ကိုယ်ဝန်ဆောင်မိန်းမအားလုံးကို သတ်စေသည်။ ထို့နောက် ကာလအတန်ကြာတွင် သတိရသဖြင့် ပုရောဟိတ်တို့အား ထပ်၍ မေးမြန်းရာ ပုရောဟိတ်တို့က ယခုလျှင် နို့စို့အရွယ်ရှိနေပြီဟု ဆိုပြန်သဖြင့် နို့စို့အရွယ်ကလေးအားလုံးကို သတ်စေသည်။ ပုရောဟိတ်တို့ကို နောင်တစ်ချိန်တွင် ထပ်၍ မေးမြန်းရာ ယခု နွားကျောင်းသား အရွယ်ရှိနေပြီဟု ဆိုသဖြင့် နွားကျောင်းသားအရွယ်အားလုံး ကို သတ်စေသည်။ နောက်နှစ်အတန်ကြာတွင် ထပ်၍ မေးသော အခါ ယခု ရဟန်းပြုနေပြီ။ အကယ်၍ နန်းတော်တွင်းသို့ ဆွမ်းဖိတ်ကျွေးပြီး နန်းသုံးခရားဖြင့် ရေတိုက်ပါက အာခံတွင်းမှ စက်ရောင်ထွက်သော သူသည် မင်းလောင်းဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် နန်းတော်သို့ ရဟန်းတော်များကို ပင့်ဖိတ်၍ ဆွမ်းကျွေးသော အခါ စက်ရောင်ထွက်သူကို တွေ့ရသည်။ ထိုအခါ အနော်ရထာက ဟူးရားဖြူ နှင့် ဟူးရားညိုတို့အား ဤသူသည် ငါ၏ ထီးနန်းကို သိမ်းပိုက်မည့်သူလားဟု မေးရာ ဟူးရားတို့က မဟုတ်။ နောင် မင်းဆက်တစ်ဆက်ကျော်မှ မင်းဖြစ်မည့်သူဖြစ်သည်ဟု ဆိုသဖြင့် အနော်ရထာသည် ငါ့ထီးနန်းကို လုယူမည်ထင်သဖြင့် မဆိုင်သော လူများစွာကို အကြောင်းမဲ့သတ်ဖြတ်မိလေပြီဟု နောင်တရသည်။ အနော်ရထာသည် ထိုသူအား နန်းတော်သို့ ခေါ်၍ သူကောင်းပြုထားပြီး ထိုသူမှာ ခေတ်ကြာသော် ကျန်စစ်သားဖြစ်သည်။ သာသနာအကျိုးဆောင်မင်းမြတ် အနော်ရထာမင်း နန်းတက်စတွင် ပုဂံပြည်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ၎င်း၊ လောကနာထကို ၎င်း၊ ဗြဟ္မာ၊ ဗိဿနိုး၊ ပရေမေသွာ တို့ကို၎င်း၊ နတ်နဂါးနှင့် အရည်းကြီး တို့ကို၎င်း အားလုံးစုံကို ရောနှော ယောင်မှား၍ လည်းကောင်း ကိုးကွယ်နေကြလေသည်။ ထိုအခါ ယဉ်ကျေးမှုသည် မသန့်မရှင်း ဖြစ်နေလေသည်။ အနော်ရထာမင်းသည် ထိုအယူဝါဒများကို မနှစ်သက်သဖြင့် မှန်သောတရားကိုသာ တောင့်တနေခိုက် တောလည်သော မုဆိုးတစ်ယောက်သည် တောထဲမှ ထူးဆန်းသော အဝတ်အစားနှင့် ပုံသဏ္ဌန်ရှိသည့် လူတစ်ဦးကို တွေ့မြင်သဖြင့်စူးစမ်းရာ ရဟန်းဖြစ်ကြောင်း သိရသဖြင့် ဘုရင်ကို အကြောင်းကြားသည်။